53

741 65 0
                                    

အခန်း၅၃။ အမည်မသိချွေးမလေး

နန်းတွင်းစည်းမျဉ်းစည်းကမ်းများအကြောင်း မပြောတော့ပဲ မုန့်ပဲသရေစာများကို ထိုင်စားနေသော လီယင်သည် မယ်တော်ပြောသည်ကို နားထောင်လိုက်သည်။

“ ဖခမည်းတော်က ဒီတကြိမ် ဘာကြောင့် သားတော်ကို စိတ်တိုရသလဲ သိလား ” ဟု ကြင်ယာတော်ယန်က မေးလိုက်သည်။

“ သားတော်ရဲ့ လုပ်ပုံတွေကို မကြိုက်လို့ မဟုတ်ဘူးလား ” ဟု လီယင်က ဖြေရာ ကြင်ယာတော်ယန်က ခေါင်းခါပြလိုက်ပြီး -

“ မဟုတ်ဘူးကွဲ့။ တကယ်က ဖခမည်းတော်က သားအတွက် လက်ထပ်မင်္ဂလာတစ်ခု စီစဉ်ပေးထားတာ ရှိတယ်။ စွေ့ မျိုးနွယ်က ဝန်ကြီး စွေ့ရှောက်ရဲ့ အကြီးဆုံးသမီးလေး စွေ့ယင်းယင်နဲ့ပဲ။ ဒါပေမယ့် သားတော်က သားတော်ရဲ့ လီ မျိုးရိုးကို မျက်နှာပျက်အောင်လုပ်မိသလို ဖြစ်သွားတယ်လေ။ မနှစ်ကတုန်းက အရှင်မင်းကြီးက သူ့ရဲ့ မှူးမတ်တွေကို မျိုးနွယ်စုကြီးတွေရဲ့ အဆင့်အတန်းအကြောင်း မှတ်တမ်းတင် ပြုစုရေးသားစေခဲ့ဖူးတယ်။ အရှင်မင်းကြီးက အာဏာနဲ့ လီ မျိုးရိုးကို ရှေ့ဆုံးအဆင့်က ထားစေခဲ့ပေမယ့်လည်း အခုထိ ‌မကျေလည်သေးဘူးဖြစ်နေရှာတာ။ နောက်ကျတော့ မျိုးနွယ်စုကြီးငါးခုဟာ သူတို့မျိုးနွယ်အချင်းချင်းတွေထဲကပဲ ပြန်လည်ထိမ်းမြားကြတယ်ဆိုတာ ဖခမည်းတော်က သိသွားရော။ အဲ့ဒါနဲ့ပဲ အရှင်မင်းကြီးက စွေ့မျိုးနွယ်နဲ့ လက်ထပ်ပေးဖို့ ရည်ရွယ်ခဲ့တာ။ ဒါပေမယ့် စွေ့ရှောက်ယင်က ငြင်းလိမ့်မယ်လို့ ဘယ်သူကထင်မလဲ။ အဲ့ဒီ့အပြင် သားတော်ကလည်း ပြဿနာတက်ရော။ အဲ့ဒါနဲ့ပဲ အရှင်မင်းကြီးလည်း အင်မတန်အမျက်ထွက်ပြီး ‌အချုပ်ကျခံရစေဖို့ အမိန့်ပေးလိုက်တာ သားတော်ရဲ့ ” ဟု ရှင်းပြလိုက်တော့သည်။

“ စွေ့ လုလီ ကျန်းဝမ် …. ။ တရုတ်ပြည်ကြီးရဲ့ နောက်ဆုံးတော်ဝင်မျိုးဆက် … ” ဟု လီယင်၏ အတွေးထဲ ဖျတ်ကနဲ သတိရသွားသည်။ ထန်မင်းဆက်ခေတ်၏ သမိုင်းကြောင်းကို အသေအချာလေ့လာထားပြီးဖြစ်၍ မယ်တော်ပြောသည့် မျိုးနွယ်စုကြီးငါးခုအကြောင်းကို လီယင်သိသည်။ အဆိုပါ မျိုးနွယ်စုကြီး ငါးစုသည်သာ နိုင်ငံ၌ အဓိက အာဏာရှိသူများဖြစ်ကြသည်သာ။ လွှတ်တော်ထဲတွင် လူအယောက်တစ်ရာရှိလျှင် ခုနစ်ဆယ့်ရှစ်ယောက်ခန့်မှာ ထိုမျိုးနွယ်စုကြီးများ ဖြစ်ကြလေသည်။ နောက်ပိုင်းတွင် လီကျစ်မင်းသားသည်ပင် အဆိုပါမျိုးနွယ်ကြီးငါးခုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဖတ်ဖူးသည်။ ၎င်းလူများ၏ နာမည်စာရင်းများကို ကြည့်ပြီးသွားသည့်အခါမှာတော့ လီကျစ်မင်းသားလည်း လက်လျှော့ခဲ့ရသည်။ ၎င်းမျိုးနွယ်စုငါးခု အချင်းချင်းလှည့်ပတ်ကာ ထိမ်းမြားကြသည့်ကိစ္စကို ဖြေရှင်းရန် “ ထိမ်းမြားခြင်းဆိုင်ရာ တားမြစ်ချက်ဥပဒေ ” ကို ထုတ်ပြန်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ ဤလောက်ထိ ထိုမျိုးနွယ်စုကြီး ငါးခု၏ လွှမ်းမိုးမှုမှာ ကြီးမားလှပေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now