136

280 13 0
                                    

အခန်း၁၃၆။  ပြောင်းလဲသွားသည့် သမိုင်းကြောင်း(၂)

စစ်သူကြီးသုံးယောက်ကလည်း လေးစားစွာ အမိန့်နာခံလိုက်ကြလေသည်။

အဆိုပါသုံးယောက်ထွက်သွားသောအခါ ဖန့်ရွှယ်လင်က -

“ အရှင်မင်းကြီး .. မင်းသားယင်ရဲ့ စစ်သည်တွေကို ဦးဆောင်နိုင်မယ့်လူ တစ်ဦးတော့ရှိပါတယ်။ သူကတော့ နန်းကျမင်းသမီး ယင်ချန်ဟယ်ပါ။ ချန်ဟယ်ဟာ ဒီအဖြစ်အပျက်တွေ မတိုင်ခင်ကတည်းက တူရကီဘက်ကို ထွက်ပြေးခိုလှုံသွားတယ်လို့ သိရပါတယ်။ အခုဖြစ်လာတဲ့ကိစ္စတွေအရဆိုရင်တော့ ချန်ဟယ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ချမ်အန်းမှာ ကျင်လည်နေပုံပါပဲ။ အခုအချိန်မှာ မင်းသားယင်ရဲ့ အစွယ်အပွားတွေကို ရှင်းထုတ်ပစ်သင့်နေပါပြီ အရှင်မင်းကြီး ” ဟု လျှောက်တင်သောအခါ လီရှစ်မင်က -

“ ဒီကိစ္စကို မောင်မင်း တာဝန်ယူဆောင်ရွက်စေ ” ဟု အမိန့်ပေးလိုက်ပြန်သည်။ ဖန့်ရွှယ်လင်နှင့် တုရူဟွေ့တို့သည် ရွှယ်ဝူမန်ဂိတ်တံခါးအရေးအခင်းကို အဓိက အစီအစဉ်ဆွဲသူများ ဖြစ်နေလေရာ လီကျန့်ချန်စ တပ်အင်အားကို သူတို့အသိဆုံးဖြစ်ပေသည်။ ထို့ကြောင့် ဖန့်ရွှယ်လင်ကို တာဝန်‌ပေးလိုက်ခြင်းက အသင့်တော်ဆုံးဖြစ်၏။

ကိစ္စကြီးနှစ်ခုအား ဖြေရှင်းပြီးသောအခါ လီရှစ်မင်သည် သူ၏မျက်ခုံးများကိုပွတ်ကာ -

“ ကျဲ့လီက လွတ်သွားပြန်ပြီဆိုတော့ အနာဂတ်မှာ ဒီနိုင်ငံတော်ကို ပြန်လာမတိုက်ခိုက်ဘူးလို့ အာမ မခံနိုင်ဘူး။ နိုင်ငံတော်ကြီး ငြိမ်းချမ်းတာမှ သုံးနှစ်လောက်ပဲရှိသေးတယ်။ နောက်ထပ် စစ်မီးတွေ ကြုံရဦးမှာပဲလား အမတ်ကြီးတို့ .. ” ဟု မေးလာသည်။

“ ဖခမည်းတော် .. အရမ်းလည်း စိတ်ပူတော်မမူပါနဲ့။ ကျဲ့လီလွတ်သွားတာမှန်ပေမယ့် စစ်တပ်တစ်ခုပြန်လည်စုစည်းဖို့ဆိုတာ တစ်ရက်၊ နှစ်ရက်တည်းနဲ့ လုပ်လို့ရတဲ့အရာမှ မဟုတ်ပဲ။ တစ်လ၊ နှစ်လ၊ တစ်နှစ်၊ နှစ်နှစ်လောက်နဲ့တောင် မရနိုင်ပါဘူး ဖခမည်းတော်။ ပြီးတော့ ကျဲ့လီရဲ့နောက်လိုက်သစ္စာဖောက်တွေလည်း အဆုံးစီရင်သွားကြပြီပဲ။ သူ့နယ်မြေသူ ပြန်ရောက်သွားရင်တောင် ကျဲ့လီဟာ အခုချိန်မှာ ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင်မလုပ်နိုင်တဲ့ သွားကျိုးနေတဲ့ကျားတစ်ကောင်သာ ဖြစ်နေမှာပါ။ ပြီးတော့ သားတော်တို့ရဲ့ နိုင်ငံဟာလည်း တစ်နေ့ထက်တစ်နေ့ပိုငြိမ်းချမ်းလာပြီး စစ်တပ်အင်အားကလည်း တစတစပိုတောင့်တင်းလာတာပါ။ အဲ့တော့ ကျဲ့လီပြန်ရောက်လာမယ်ဆိုရင်တောင် သားတော်တို့ အလွယ်တကူချေမှုန်းပစ်နိုင်မှာပါ ”

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now