117

469 24 0
                                    

အခန်း၁၁၇။ လီယင်၏ဗျူဟာ ( အပိုင်း - ၁ )

လီခယ့်ထံမှ လူလည်ကျခံလိုက်ရသော်လည်း စကားဖြင့် ပြန်အနိုင်ယူလိုက်ရသဖြင့် လီယင့်စိတ်ထဲ အနည်းငယ်တော့ နေသာထိုင်သာရှိသွားလေသည်။ ပြီးခဲ့သောရက်ပိုင်းအတွင်း လီယင်တွေးမိနေသည်မှာ မြေအောက်ပိုက်လိုင်းအကြောင်းတင်မကပဲ အခြားကိစ္စတစ်ခုပါ ပါဝင်သေးသည်။ ၎င်းမှာ မင်းသမီးချင်းဟယ်နှင့် ယွီချိပေလင်းတို့ အိမ်ထောင်ပြုရမည့်ကိစ္စပင်တည်း။ အဆိုပါသတင်းကို ကြားမိပြီးသည့်နေ့ကတည်းက ချမ်ဟွိုက်လျန့်မှာ ပင်အပ်များပေါ်တွင် ရပ်နေရသည့်သူလိုဖြစ်နေကာ ထိလွယ်ရှလွယ်ဖြစ်နေလေ၏။  စံအိမ်သို့ ဘောလုံးကစားရန်လာသည့်အခါတိုင်းလည်း လီယင်အား တဖွဖွပူဆာလျက်ရှိသည်။ ထို့ကြောင့် ချင်းဟယ်အား လီယင်တစ်ခေါက် မေးကြည့်သောအခါ ငယ်စဉ်ကတည်းက အရှက်အကြောက်ကြီးသော ချင်းဟယ်က မျက်နှာမှာ ရှက်သွေးဖြာလျက် ဘာမှပြန်မပြောခဲ့ပေ။ ကြိုက်သည်ဟုလည်း မပြော၊ ငြင်းလည်း မငြင်းခဲ့။ လီယင် အလွန်အံ့ဩသွားသည်။ ဤခေတ်မျိုးတွင် မြင်မြင်ချင်းအချစ်ဆိုတာမျိုးလည်း ရှိသေးပါလား။ မဟုတ်လျှင် တစ်ကြိမ်သာဆုံဖူးသော သူတို့နှစ်ယောက် ဘယ်လိုလုပ် ဤကဲ့သို့ အပြန်အလှန် သဘောကျသွားလိမ့်မည်နည်း။

လီခယ့်လွှတ်လိုက်သော ခွေးလာပို့သည့်လူ ပြန်သွားသောအခါ ချမ်ဟွိုက်လျန့်သည် ဘောလုံးကိုပိုက်လျက် ဝင်လာ၏။ သူ၏ဝမ်းနည်းခံပြင်းနေသော အကြည့်များကြောင့် လီယင်သည် မိမိကိုယ်မိမိ ရိုမီယိုနှင့် ဂျူးလိယက်အား ခွဲခဲ့သော ဗီလိန်တစ်ယောက်လို ခံစားလာရလေသည်။

လီယင်လည်း တကိုယ်လုံး ကြက်သီးများထလာသဖြင့် ချမ်ဟွိုက်လျန်နှင့် အကြည့်ချင်းမဆုံအောင် မျက်နှာလွှဲလိုက်‌ရသည်။ ထိုအချိန်မှာပင် ရှောင်လွေ့နှင့် ချမ်ဟွိုက်လျန့်တို့ အတူဝင်လာကြပြီး -

“ အရှင့်သား… ရေပေးဝေမှုစနစ်က ဘယ်တော့ရမှာလဲ။ ကျွန်တော်မျိုးတို့ ကြည့်ချင်လှပြီ ” ဟု ပြောလိုက်ကြ၏။

၎င်းတို့သည် ချင်ဟွိုက်ယွီနှင့် ဘောလုံးအတူကစားရန် နေ့တိုင်းလိုလို စံအိမ်သို့ ရောက်လာလေ့ရှိကြသည်။  ထို့ကြောင့် လီယင်၏ စံအိမ်တော်အတွင်းမှ ရေပိုက်လိုင်းများအကြောင်းကို တွေ့မြင်နေရသည်မှာ မဆန်းပေ။ လီယင်လည်း သူတပ်ဆင်ထားသည့် ရေပိုက်လိုင်းစနစ်များအကြောင်း အကြမ်းဖြင့်ရှင်းပြခဲ့ဖူးသဖြင့် ထိုအကြောင်းသိပြီးသည့်အချိန်မှစ၍ ၎င်းတို့မှာ ထိုစနစ်များကောင်းမကောင်းကို မြင်ရဖို့ နေ့စဉ်စောင့်မျှော်လျက် ရှိကြပေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now