ရှောင်းကျန့်ဆေးရုံမှာ အရေးပေါ်လူနာကြည့်ခဲ့ရတာမို့ အိမ်ပြန်ရောက်တာနဲ့ယိုင်တိုင်တိုင်ဖြစ်နေတယ် ။ ဓားထိုးခံရပြီးအူပွင့်နေတဲ့လူနာကိုအရေးပေါ်ကုသနေတုန်း ဆရာကသူတို့ကိုမှန်တွေပေါ်ကနေကြည့်ခိုင်းခဲ့တာဖြစ်တယ် ။ လူ့အသက်တစ်ချောင်းရဲ့အနာဂါတ်ကိုကြည့်နေရတာသိပ်ခက်ခဲပါတယ် ။ ဒီလူကိုသူမသိပေမဲ့ သေသွားခဲ့ရင် ၊ မကယ်တင်နိုင်ခဲ့ရင်ဆိုတော့အတွေးကသူ့ကိုခြောက်ချားစေတယ် ။ စာမေးပွဲမှာစာလုံးပေါင်းမှားတာက အမှတ်လျော့နိုင်တယ်ဆိုရင် ဒီခွဲစိတ်မှုမှာ တစ်ခုလောက်မှားသွားခဲ့ရင်တော့... ။
သွေးတွေ ၊ခန္ဓာကိုယ်ကိုဖြဲရဲနေတဲ့ဓားတွေ ၊ အပ်ချည်တွေ ၊အခွေလိုက်ထွက်ကျနေတဲ့... သူထိုပုံရိပ်ကိုပြန်တွေးရင်းခြံဝမှာပဲ အန်ချလိုက်မိတယ် ။ဒီလိုဆိုမဖြစ်မနေလုပ်ရမဲ့အချိန်ရောက်တဲ့အခါသူသေသွားနိုင်တယ် ။ အရင်က ခေါင်းပေါက်ဒူးပြဲတာမျိုးလေးတွေလက်တွေ့လုပ်ဖူးပေမဲ့ လက်တုန်နေတာကလွဲရင်သူစိတ်တင်းပြီးဒါဏ်ရာချုပ် နိုင်သေးတယ် ။ ရုပ်ရှင်ထဲမှာတောင်မကြည့်ရဲတဲ့ကြောက်စရာ ဒါဏ်ရာတွေပြတ်ရှာရာတွေ ၊ ထိုးဖောက်ရာတွေကိုကုသပေးဖို့ကသူ့ဘဝတဲ့ ။ ထိုဘဝကိုဖိအားပေးခဲ့တဲ့မေမေရှိရာအိမ်ထဲသူမဝင်ချင်တော့ပေ ။
"ကိုကိုဘာတွေ ...လောင်ရှောင်း အဆင်ပြေရဲ့လား "
ချွေးစေးပြန်နေတဲ့ရှောင်းကျန့်ကိုမျက်နှာအသာပုတ်ရင်းမေးလာတဲ့ရိပေါ်က အတန်းချိန်လျှော့တဲ့ရက်အလည်လွန်နေခဲ့ပုံပဲ ။ အခုမှအပြင်ကနေပြန်လာတာထင်တယ် ။
"ငါဒီနေ့စာလာမသင်နိုင်လောက်တော့ဘူး "
"ဒီလောက်ဖြစ်နေတာစာကအရေးကြီးလို့လား? ထ.. ကျွန်တော်လိုက်ပို့ပေးမယ် "
"ရိပေါ် "
"အင်း ပြော "
"ငါ... "
"မြန်မြန်ပြောလေ "
"မင်းအခန်းထဲတစ်ညလောက်အိပ်လို့ရလား? ငါ့စိတ်အခြေအနေနဲ့ အိမ်ထဲဝင်သွားရင် ပြဿနာရှာမိမှာ "
ရိပေါ်က တွေဝေခြင်းမရှိသူ့အိမ်ကို
ခေါ်သွားပေးတယ် ။"လောင်ရှောင်း ဒီမှာခဏနေခဲ့ ၊ မာမီ့ကိုအနောက်သွားပို့လိုက်မယ် "