"ပြိုင်မလား? "
ခြံပေါ်ခွကျော်တက်ရင်းမခံချင်အောင်ထိုးဆွသလိုမျက်နှာနဲ့မေးလာတဲ့ကောင်လေးကိုသူရေနဲ့ပက်ထုတ်လိုက်တယ် ။တကယ်စိုသွားအောင်တော့သူမလုပ်ပါဘူး ။
"မနိုင်မှန်းတော့သိသားပဲ မပြိုင်ချင်သလိုနဲ့ကြောက်နေတာမလား "
ရှောင်းကျန့်ရေပိုက်ကိုနောက်တစ်ကြိမ်ချိန်လိုက်တော့ ကောင်လေးကရိုက်ချချင်စရာမျက်နှာအမူအယာနဲ့သူ့ကိုစိန်ခေါ်သလိုကြည့်နေခဲ့တယ် ။
အခုချိန် အဲ့ဒါဘယ်သူလဲလို့မေးရင်လည်းသူမသိပါ ။ ဘေးအိမ်ကိုပြောင်းလာတဲ့ကောင်လေးဖြစ်ပြီးသူ့ထက်အများကြီးငယ်မယ်လို့လည်းထင်ရတယ် ။ ကြက်တောင်ကိုယ့်ခြံထဲကျလာလို့ ရေမစိုအောင်သတိထားဆော့ဖို့ပြောလိုက်တာကို လူသံကြားတာနဲ့ ခြံပေါ်ခွတက်လာပြီးပြဿနာရှာနေခဲ့တော့တာပါပဲ ။
"မင်းကြက်တောင်ရပြီမလား ပြန်တော့ ၊ အိမ်နီးချင်း အချင်းချင်းရန်မဖြစ်ချင်ဘူး "
ရှောင်းကျန့်တို့ရဲ့တိုက်ပုလေးကိုကြည့်ရင်း ထိုကောင်လေးကနှာခေါင်းရှုံ့တယ် ။
"မင်းတို့တိုက်က ဘာလို့သေးနေတာလဲ "
"မင်းစကားကိုဘယ်လိုပြောနေတာလဲ? ငါမင်းထက်အကြီးနော် "
"ခေါက်ထားစမ်းပါ ၊ ထမင်းလေးနည်းနည်းစောစားခဲ့တာနဲ့ပဲ ထိုင်ကန်တော့ပေးရမှာလား "
"ကြီးကြီးငယ်ငယ် မင်းစကားကိုယဥ်ယဥ်ကျေးကျေးမပြောတတ်ဘူးလား "
"မပြောတတ်ဘူး "
ရှောင်းကျန့်လက်ထဲကရေပိုက်ကိုပစ်ချပြီးအိမ်ထဲဝင်သွားဖို့သာပြင်လိုက်တယ် ။ ဒီလိုရိုင်းတဲ့ကလေးမျိုးကို အိမ်နီးချင်းတော်ရမဲ့ရှေ့ရှေးက ရင်လေးစရာပဲ ။ ကောင်လေးက ခြံထဲပိုင်စိုးပိုင်နင်းခုန်ဆင်းလာပြီးသူ့လက်ကိုလှမ်းဆွဲတယ် ။
"မင်းကလည်းနေပါဦး "
"မင်းစကားကိုယဥ်ယဥ်ကျေးကျေးမပြောတတ်ရင် ငါ့ရှေ့ပါးစပ်တောင်မဟနဲ့ "
"ယဥ်ကျေးအောင် မင်းသင်ပေးလေ "
ချက်ချင်းပြုံးပြလာတဲ့ကောင်လေးကိုသူနားမလည်စွာနဲ့ ပြန်ကြည့်နေခဲ့တယ် ။ ကောင်လေးက သူ့ကိုလှမ်းခေါ်နေတဲ့အသံတွေကြားတော့ ခြံတံတိုင်းပေါ်ပြေးတက်သွားပြီး ခုန်မချခင်သူ့ကိုပြန်လှည့်ကြည့်တယ် ။