၄၂။ မျက်နှာသာရရန်အတွက်နှင့် သူတစ်ပါးကို ရောင်းစားသည်

Start from the beginning
                                    

လီဝေယန်းက သူမကို အေးတိအေးစက် ပြန်ကြည့်လိုက်၏။ "ဝူမေး၊ ဒီကိစ္စက အခုထိ စေ့စေ့စပ်စပ် မစစ်ဆေးကြည့်ရသေးဘူး၊ တို့က အလကားနေရင်း လိုက်စွပ်စွဲမနေပါနဲ့...!"

"စန်းကျဲ... ကျွန်မ ဘယ်မှာ မကောင်းကြံပြီး စွပ်စွဲ လီဆယ်နေလို့လဲ၊ စန်းကျဲ ပြောတာကို သူများတွေကြားရင် ညီအစ်မချင်း မတည့်ဘူးလို့ ထင်ကုန်ပါဦးမယ်" လီချန်ရှီး၏ နှုတ်ခမ်းမှာ ဒဏ်ရာအရှိန်ကြောင့် ယောင်နေသဖြင့် ထော်လန်နေသည်။ သူမမျက်နှာပေါ်ရှိ အမာရွတ်ကို မျက်နှာချေ ထူထူဖြင့် ဖုံးထားသော်လည်း အမာရွတ်မှာ ခပ်မှိန်မှိန်ပေါ်နေဆဲ။ သူမက ခေါင်းမော့ကာ အားလုံးကို အသံကျယ်ကျယ်ဖြင့် လှည့်ပြောလိုက်တော့သည်။ "လောင်ဖူးရန်၊ အမေ... ချန်ရှီးက အကောင်းနဲ့ စကားလေး နှစ်ခွန်းလောက် ဝင်ပြောတာကို စန်းကျဲကျဲက ချန်ရှီးကို အဲ့သလိုကြီး ပြန်ပြောတယ်၊ ဒီလို မတရားတာကြီးနဲ့ ရင်ဆိုင်ရတော့ သမီးဖြင့် ဘယ်သူ့ကို ဘာစကားပြောလို့ရလဲတောင် မသိတော့ပါဘူး"

"အဲဒီ့ကိစ္စကို နောက်ထား၊ စန်းမေး ဂျင်ဆင်းနီ ကိစ္စကိုပဲ အရင် ရှင်းပြစမ်းပါ" လီမင်ဖုန်း၏ အကြည့်က အေးစက်စက်နိုင်လှသည်။

အာ့ဖူးရန်ကတော့ ယခုအထိ ဘာမှ ချေပပြောဆိုခြင်း မရှိသေးသော လီဝေယန်းကို ကြည့်နေသည်။ စန်းဖူးရန်ကမူ မျက်မှောင်ကြုတ်လိုက်သည်။ "ဒီကိစ္စကို ဆုံးဖြတ်ချက်မချခင် အရင် သေချာအောင် စစ်ဆေးသင့်တယ်၊ ဘာမှ မသေချာသေးဘဲနဲ့ အပြစ်မဲ့တဲ့လူကို မှားယွင်း မစွပ်စွဲမိစေနဲ့" ဤအဖြစ်အပျက်နောက်ကွယ်၌ ထောင်ချောက် ရှိနေပြီး ထိုထောင်ချောက်၏ ရည်ရွယ်ချက်ကိုလည်း သူမ သတိထားမိလေသည်။ ထိုထောင်ချောက်မှာလည်း လီဝေယန်းကို ဦးတည်နေသည်။

လီချန်ရှီးကတော့ ကျေနပ်နေ၏။ 'လီဝေယန်း အဆင့်မရှိတဲ့ဟာမ... ဒီနေ့ နင် ဘယ်လောက်စွမ်းလဲ ကြည့်ကြသေးတာပေါ့'

လီဝေယန်း၏ မျက်နှာထားကတော့ မပြောင်းလဲ၊ သူမ အသာပြုံးရင်း လီမင်ဖုန်းကို ပြောလိုက်လေသည်။ "တာ့ကော၊ ဒီကိစ္စတစ်ခုလုံး တာ့ကော လက်ခုတ်ထဲမှာ ရှိနေသလိုမျိုး ပြောနေပါလား၊ ဒါပေမဲ့ တာ့ကော အထက်မှာ နတ်ဒေဝါတွေ ရှိနေပါသေးတယ်နော်၊ ဝေယန်းက လောင်ဖူးရန်ရဲ့ ဂျင်ဆင်းကို ခိုးပါတယ်လို့ တာ့ကောက လိမ်ပြောချင်တာပါလား"

အဆိပ်/လီဝေယန်းWhere stories live. Discover now