၄၆။ ဒူးထောက်၍ အပြစ်ကို ချေ

Start from the beginning
                                    

သူမ မျက်နှာထားမှာ တည်ငြိမ်၍ ခံစားချက်တို့ ကင်းမဲ့နေသည်။ သို့သော် သူမ မျက်ဝန်းများထဲတွင်တော့ မျက်ရည်စကလေးများ တွဲခိုနေသည်။ ကြည့်ရှုသူတို့အဖို့ သူမကို  အကြည့် မလွှဲရက်တော့လောက်အောင်ပင်။

အခန်းတွင်း တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ လူတိုင်း အသက်အောင့်ကာ စောင့်ဆိုင်းနေကြသည်။

ထိုအချိန်၌ လောင်ဖူးရန် ရယ်မောလိုက်သည်။ တွန့်ခေါက်နေခဲ့သော သူမ၏ မျက်ခုံးများလည်း ပြေလျော့သွားတော့သည်။ သူမ၏ နှုတ်ခမ်းထောင့်က ပြန်ကော့တက်လာပြီး မူလက အေးတိအေးစက်ဖြစ်နေသော မျက်နှာထားမှာ ချက်ချင်းပျော့ပြောင်းသွားတော့သည်။

"ဖုန်းအာ... မင်းညီမကို ဒူးထောက်ပြီး အပြစ်ကို ဝန်ချတောင်းပန်လိုက်" လောင်ဖူးရန် ဆုံးဖြတ်ချက်ချလိုက်ပြီ။

လီမင်ဖုန်းမျက်နှာထားက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားတော့သည်။ မယုံကြည်နိုင်စွာ မော့ကြည့်လိုက်တော့ လောင်ဖူးရန်၏ စိတ်ပျက်ရှုတ်ချဟန် အကြည့်များကိုသာ တွေ့ရလေသည်။ သူ အံကို ကြိတ်ကာ အမြန်လျှောက်လာလိုက်သည်။ အမုန်းတရားတို့ကို အားပြုလိုက်သည့်အလား လက်ဖက်ရည်ခွက်ကို ဆွဲမလိုက်ပြီး သူ လီဝေယန်းဆီ လျှောက်လာခဲ့သည်။ အသက်ကို ပြင်းပြင်းရှူထုတ်ရင်း သူ့မျက်နှာပေါ်က အသားစိုင်များအားလုံး တောင့်တင်းနေဟန်ရှိသည်။ စကားပြောဖို့ကိုပင် နှုတ်မဟနိုင်။ တာ့ဖူးရန်ကတော့ မျက်နှာပေါ်က ဒေါသကို ဖုံးမနိုင် ဖိမရ။ အခန်းတွင်း အခြားသူများသာ ရှိမနေက သူမ ခုန်ထပြီး လီဝေယန်းမျက်နှာကို ဆွဲစုတ်ပြီး ဖြစ်လောက်သည်။

လီချန်းလဲ့ ရုတ်တရက် မျက်ရည်လည်ရွှဲမျက်နှာလေးနှင့် ထော့ပါကျန်းအား အသနားခံသည့်ဟန် လှည့်ကြည့်လိုက်သည်။

ဤအချိန်ကလေး၌ လီဝေယန်း မျက်နှာပေါ်၌ ရွံရှာရှုတ်ချသောဟန်တစ်ချက် ရိပ်သန်းသွားမိလေသည်။

သူမ လီမင်ဖုန်းကို လှည့်ကြည့်လိုက်သည်။ သူ မကြာခင် ဒူးထောက်ရတော့မည်။

ဤအချိန်တွင်း သွယ်တန်းသော လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာပြီး လီမင်ဖုန်းကို ဟန့်တားလိုက်သည်။ "အစ်ကို မင်ဖုန်း၊ ယောကျ်ားတို့ရဲ့ ဒူးဆိုတာ ရွှေစင်ရွှေသားလိုပါပဲ... မိုးမြေကို တိုင်တည် ဒူးထောက်လို့ရတယ်၊ ဘုရင်မင်းမြတ်၊ မိဘ၊ ဆရာရှေ့ ဒူးထောက်လို့ရတယ်၊ မိန်းမတစ်ယောက်ရှေ့တော့ ဒူးမထောက်ကောင်းပါဘူး...!"

အဆိပ်/လီဝေယန်းWhere stories live. Discover now