32

8.4K 1.5K 116
                                    

" ထွေး "

" ဟုတ်က​ဲ့ အဘ "

" ညနေက အဘလာကြိုတုန်းက ပြန်ထွက်သွားတဲ့လူငယ်လေးက ဘယ်သူတုန်း "

လကလေးသာသာအောက် ကွစ်ပျစ်ကလေးဝယ် အကြမ်းအိုးတစ်အိုးက ကုန်လုပြီ။ နွေဦး၏ လေငွေ့နွေးနွေးများက ဘုန်းကြီးကျောင်း၏ ပရဝုဏ်အတွင်း ဝေ့ကာဝိုက်ကာ တိုက်ခတ်နေ၏။ တစ်ချို့လေအသုတ်များတွင်တော့ တမာရနံ့အချို့က ပါလာ၏။

" ဘေးက ရက်ကန်းရုံကပါ .. ကျုပ်ကိုပြောတာတော့ ပန်တျာကျောင်းကဆရာတဲ့ "

" နာမည်ကရော "

" တိမ်မိုးရောင်ပါတဲ့ "

" သိသလား "

" ဟင် "

" ထွေးကဘယ်သူလဲဆိုတာ သူသိသလား "

" မသိပါဘူး .. ကျုပ် မပြောပြမိဘူး အဘ "

" တကယ်လို့များ နောက်ဆုံဖြစ်ရင် ပြောပြလိုက်ပါ .. သူလည်း သိသင့်ပါတယ် "

" ဟုတ်ကဲ့ အဘ "

" သွားအိပ်ချေတော့ .. အဘ ကပ္ပိယကြီးတို့ဆီ သွားလိုက်ဦးမယ် "

အကြမ်းအိုးထည့်ရာ ဗန်းငယ်အားမကာ အဘကတော့ ကပ္ပိယကြီးတို့ အိပ်ရာ မီးဖိုဆောင်ဆီ သွားလေပြီ။ လေတစ်သုတ်သည် အေးစိမ့်လာ၏။ ကြည့်ရတာ ညနက်လာလေပြီ။

ဧည့်ဆောင်ဇရပ်ကြီးသည် အတော်ကျယ်ဝန်းသော်လည်း တံခါးရွက်ကြီးများပိတ်ကာထား၍ အတော်လေး လေလုံ၏။ ရတနာငါးပါးအား ဦးချကန်တော့ပြီးနောက် မို့ထူထူခေါင်းအုံထက် မှေးစက်မိတော့၏။

....................................

" ထွေးကလေး "

လှည့်ကြည့်မိလေတော့ ဆရာ။ ဆရာသည် လက်ထဲမှာ အိတ်တစ်ခုကိုင်လာလေ၏။ ထိုအိတ်ကလေးက ဘာများဖြစ်လေမလဲ သူတွေးနေမိသည်။ ဘာလို့တွေးသလဲဆိုတော့ ဆရာတစ်ယောက် သူ့ဆီလာလျှင်ဖြင့် မုန့်တစ်မျိုးစီယူလာတတ်လို့လေ။

ကလေးပီပီ မုန့်တော့ကြိုက်သား။ တစ်ဆယ့်ငါးနှစ်သည် မုန့်ကြိုက်တတ်သည့်အရွယ်ကလေးပါလေ။

" ဆရာ "

" ဒီနေ့ ကလေးတွေရော မတွေ့ပါလား "

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now