15

10.6K 1.8K 48
                                    

ဂန္ဓာမာခင်းဘေးက စိုက်ကွက်အသစ်တွင် နှင်းဆီပျိုးပင်ပေါက်ချမှာမို့ မြောင်းဘောင်ဖော်နေသော လူတစ်ယောက်ရှိပါ၏။ ပေါက်တူးဖြင့်အသာအယာ ယက်ကာယက်ကာ မြောင်းဘောင်ဖော်နေသူသည် ကျောပြင်ပေါ် လောင်မြိုက်နေအောင် မညှာမတာကျဆင်းနေသော နေပူပူကို ဂရုစိုက်မိပုံမပေါ်ပါလေ။

" ကိုကို လာခဲ့တော့ "

" တစ်ဘောင်လောက် "

" တော်လောက်ပြီ ကိုကို ... နေလုံးကြီးက ကိုကို့ပထွေးမဟုတ်ဘူး ပြဲကွဲနေပြီ ဝင်ခဲ့တော့ "

အလုပ်ကြမ်းမလုပ်ဖူးတာမဟုတ်ပေမဲ့ မလုပ်တာတော့ကြာခဲ့ပြီမလား။ အဘရှိစဥ္ကလို အလုပ်သမားတွေခေါ်ကာ စိုက်ပျိုးခိုင်းရင်း ဒူးကလေးနှန့်ကာ အသာထိုင်မစားနေနိုင်ပါ။ လက်ထဲရှိနေသည့် ငွေကြေးဆိုတာ ကုပ်ခြစ်ထားနိုင်မှ တော်ကာကြပေမည်။

ရေကပြင်ပေါ် ခြေဆင်းထိုင်ရင်း ခမောက်ကိုချကာ ဘေးတွင်ထားလိုက်သော ကိုကိုက ပင်ပန်းဟန်ဖြင့် လှဲချလိုက်၏။ သူလည်း ကိုကိုချထားသည့် ခမောက်ကိုယူကာ အသာအယာယပ်ခတ်ပေးတော့ အိပ်ပျော်သွားသူအား အသာအယာငုံ့ကြည့်မိပါ၏။

သနပ်ခါးအမြဲတင်ထားနေကြ ကိုကို့ပါးပြင်ပေါ်မှာ သနပ်ခါးမတင်ဖြစ်တော့တာ ဘယ်လောက်ကြာခဲ့ပြီလဲလေ။ အတွင်းက စွပ်ကျယ်တစ်ထည်ခံဝတ်ထားသည့် ရှပ်အင်္ကျီစုတ်စုတ်ကလေးက ပုခုံးနေရာမှာ ရိကာ ပြဲရဲနေခဲ့ပြီးနေပြီ။

လက်တစ်ဖက်ကို ခေါင်းနောက်မှာခံကာ တစ်ဖက်ကတော့ အသက်ရှူလိုက်တိုင်းဖောင်းလိုက်ပိန်လိုက်ဖြစ်နေသောဗိုက်ပေါ်ဝယ်တင်ထား၏။ ဒူးတစ်ဖက်ကိုထောင်ကာ တစ်ဖက်ကိုဆင်းလျှက် ကိုကိုကတော့ သူခပ်ပေးသည့် ခမောက်၏လေအေးအောက်ဝယ် အေးအေးလူလူအိပ်နေခဲ့ပါပြီ။ ပုံမှန်အချိန်ဆို ထုံးကာသျှောင်တစောင်း ဖွဲ့ထားတတ်ပေမဲ့၊ အလုပ်လုပ်ချိန်ဆိုလျှင်တော့ ထိပ်ပေါ်တည့်တည့်ထုံးကာတင်ထားတတ်တာမို့ တစ်ခါတစ်ရံဆို ဦးရေးပြားနာသည်ဟု ပြောတတ်သည့်ကိုကို။

ပြောင်တင်းကာ ချွေးရွှဲနေသောပါးပေါ် သနပ်ခါးပြန်ရောက်စေဖို့ ဒီကနေ့သူတာဝန်ဖြစ်သွားရလေပြီ။ အိစက်နေရမည့်ပါးပြင်တွေက နေလောင်ကာ နီစပ်စပ်ဖြစ်နေခဲ့ပြီး အမဲစက်တစ်ချို့တောင် ထင်နေချေပြီ။ အိပ်ပျော်နေသော ကိုကို့ပါးပေါ် နှာခေါင်းနှစ်ကာ ထိုနမ်းရင်း ကိုကိုနိုးလာရင်ရေချိုးနိုင်ဖို့ ရေငင်ဖို့ရန်အတွက် သူလည်းထွက်သွားလိုက်ပါတော့သည်။

အိုဘယ့်မှုံရွှေရည်(Completed)Hikayelerin yaşadığı yer. Şimdi keşfedin