26

9.1K 1.5K 78
                                    

စာမေးပွဲခန်း၏ ထောင့်ဆုံးနေရာတွင် ထိုင်နေသည့် လူငယ်လေးတစ်ယောက်ရှိပါ၏။ အသစ်စက်စက်ဝတ်လာသည့် ပိုးပုဆိုးသည် ရေမချရသေး၍ တောင့်တင်းနေပေ၏။ ယနေ့က သူ့မွေးနေ့မို့ဆိုကာ လက်ဆောင်ပေးလာသည့် ဤပုဆိုးကို ဝတ်သွားစေဆိုသည့် ဦးလေးဖြစ်သူ၏ အမိန့်ဆန်ဆန် လက်ဆောင်မွန်ကြောင့် ဝတ်လာရခြင်းဖြစ်၏။

မတ်လ၏ နွေပူပူက သစ်ပင်တွေကို ရွက်သစ်ဝေစေဖို့ ရွက်ဟောင်းချွေချနေခဲ့ပြီ။ သုတ်ခနဲ တိုက်ခတ်လာသည့် လေတစ်ဝေ့တွင် ပူပြင်းလောင်မြိုက်မှုတွေက အုံလိုက်ကျင်းလိုက်ပါလာသော်လည်း သူ့ရင်ထဲက ပူလောင်မှုကိုတော့ နိုင်အံ့မထင်ပါ။

တစ်နေ့ထက်တစ်နေ့ ရစ်ပတ်နှောင်ငင်လာသည့် သည်ကြိုးတွေကို သူဘယ်လိုဖြတ်ရပါ့မလဲ။ စာမေးပွဲအဖြေလွှာပေါ် ဖြေချထားခဲ့သည့် အဖြေတွေဟာ တီတာဆွေကို လှောင်ပြောင်နေခဲ့ပြီ။

အဖြေတွေ ပြန်မတိုက်နိုင်သည့် ဦးနှောက်ကြီးထဲမှာ စိုးမိုးနေသည်က သနပ်ခါးဝင်းနှစ်နှစ်တို့ အုံချထားသည့် ပါးပြင်နုနု။ သင်းပျံ့သည့် ရနံ့က ခုထိရနေတုန်း။ သည်ရနံ့တွေ သူလိုချင်နေတုန်းပါလေ။

တစ်ခါလေးရဖူးသည့် သည်ရနံ့တွေကို နောင်အချိန်တွေထိပါ ရယူလိုသည်အထိ သူ့စိတ်အစဉ်က အတော်လေး လောဘတက်နေခဲ့ပြီ။

အဖြေလွှာစာရွက်ပေါ် လွင့်ကျလာသည်က ခြောက်သွေ့နေသည့် သစ်ရွက်လေးတစ်ရွက်။ ကျောင်းဝန်းထဲက အပင်တွေမှာ အရွက်တွေရော ကျန်နေသေးရဲ့လား။

အချိန်ပြည့်သည့် အကြောင်း ဆရာက အော်သည်နှင့် လက်ထဲက အဖြေလွှာကို အခန်းစောင့်ဆရာထံအပ်ကာ အပြင်သို့ ပြေးဖို့ ခြေလှမ်းပြင်သည်။

" တီတာဆွေ .. သား ခုံနံပါတ် တပ်ဖို့ကျန်ခဲ့တယ် "

ရုတ်တရက် စိတ်နဲ့လူနဲ့မကပ်မှုက သူ့ကို လူရယ်စရာဖြစ်သွားစေသော်လည်း တီတာဆွေ ဂရုမစိုက်အားပါ။ အခုချိန်မှာ အဆောင်ပြန်အထုတ်သိမ်းပြီး အိမ်ကိုသာပြန်ပြေးချင်မိသည်လေ။

ဒီည သူတို့ ခြံထဲမှာ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ဖခင်က တစ်ခုခု စီစဉ်ပေးထားခဲ့သည်မလား။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now