45

9.2K 1.4K 196
                                    

ဤခရီးစဉ်သည် နောင်စစ်သွေးနှင့်ဆိုင်သလို မဆိုင်ဟုလည်း ပြော၍ရ၏။ ခရီးစဉ်၏ အကြောင်းအရာသည်ကား အိမ်ပြေးတစ်ယောက်အား ပြန်ခေါ်သည့်ဖြစ်အင်။ သို့သော်လည်း သူ့ဘာသာ တစ်ယောက်တည်း သွားလို့ရပါလျက်ကယ်နှင့် အတူပါလာသော လူနှစ်ယောက်ကြား ပဲလှော်ကြား ဆားညပ်သကဲ့သို့ အနေခက်ရချေ၏။

အတူပါလာသူများကို သူမပြောလဲ ရိပ်မိလောက်ပါ၏။ တစ်ယောက်ကတော့ ကိုကို့အား တွေ့ချင်လွန်း၍လိုက်လာခြင်းမို့ ထားပါတော့။ ဝါနုဖြူဆိုသော အမျိုးသမီးက အဘယ့်အတွက်များ။

ကားမောင်းနေသူအား လှမ်းကြည့်မိသော်လည်း ဦးထွဋ်ကျော်စွာသည် သူ့ကို လှည့်ပင်မကြည့်ပါချေ။ ဘေးမှ အကူပါလာသော ကားဆရာဖြင့်သာ စကားဆိုနေ၏။

တိတ်ဆိတ်သွားသော နားတစ်ဖက်ကြောင့် နားအေးရပါပြီဟု သတ်မှတ်လိုက်ချိန်တွင် လေးကျသွားသည့် သူ့ပခုံးတစ်ဖက်။ ပေါင်ဒါနံ့အနည်းငယ်သင်းပျံ့သည့် ပါးတစ်ဖက်က သူ၏ညာဘက်ပခုံးထက်ဝယ်တင်လာပါသည်။

ထိုစဉ်အပြိုင်ကျရောက်လာသည့် ဘယ်ဘက်ပခုံးပေါ်မှ လေးလံမှုတစ်ခု။ ခါးကိုကိုင်းကျသည်အထိ ငိုက်မြည်းနေသူသည် အတော်လေးမသက်မသာဖြစ်နေလောက်ပြီဟု တွေးကာ ပခုံးလေးအား မတ်ပေးမိတော့ ညာဘက်ပခုံးထက်က ပါးပြင်လေးအား ပခုံးရိုးနဲ့ထိုးမိလေတော့သည်။

တစ်ဖက်က အဆင်ပြေတော့ နောက်တစ်ဖက်က အဆင်မပြေပြန်။ အဘယ်သို့လုပ်ရအံ့နည်း။

.....................

ကားပေါ်မှဆင်းလာသောသူများထဲမှ နောက်ဆုံးလူသည် နောင်စစ်သွေးဖြစ်၏။ နောင်စစ်သွေး၏ ဘယ်ဘက်ပခုံးသည် မြင့်နေပြီး ညာဘက်ပခုံးက နိမ့်ဝင်နေလေ၏။

" မောင်သွေး "

" ခင်ဗျာ "

" မင်း အကြောကပ်နေသလား "

" မဟုတ်ပါဘူး .. ဘာလို့များလဲ "

" မင်းပခုံးက တစ်ဖက်နိမ့်တစ်ဖက်မြင့်ဖြစ်နေတယ်လေကွ "

" ကြည့်ရဆိုးနေလို့လား ဦးလေး "

" ကြည့်ရဆိုးတာက အဓိကမဟုတ်ဘူး... ဒီနားလာဦး "

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now