31

9.3K 1.4K 39
                                    

တစ်လှုပ်လှုပ် တစ်ကုပ်ကုပ် အလုပ်လုပ်နေရှာသူကတော့ သူဘာတွေတွေးနေမလဲ မသိရှာ။ သူ၏ စိတ်ရေယာဥ်ကလေးကဖြင့် အတိတ်ကာလဆီ ကူးသန်းခဲ့လေပြီ။

........................................

ရက်ကန်းစင်တွေ ရှိရာ အလုပ်ရုံကလေး၏ ထောင့်တွင် ထိုင်ရင်း အမေ့ကို စောင့်နေမိ၏။ အမေ့အတွက်ဟုဆိုကာ ချလာပေးထားသည့် လက်ဖက်အုပ်သည် အမေတစ်ယောက် မတို့ခဲ့ရပေ။ ရက်ကန်းရုံ၏ အသစ်ဝင်လာသည့် မိန်းကလေးငယ်နှင့် ရက်ကန်းရုံ၏ အကြီးအကဲတို့ ပြဿနာတက်ကြသည်ဟုဆိုလာ၍ အမေလိုက်သွားရလေသည်။

သူကတော့ တစ်ယောက်တည်း ထိုင်နေလျက်သား။ ရန်ကုန်တွင်နေထိုင်ပြီး တစ်လနေမှ တစ်ခါလာသော မိခင်အတွက် သူကိုယ်တိုင် ကားကလေးမောင်းကာ လိုက်ပို့မိခဲ့ခြင်း။

အကယ်၍များ ဤခရီးသည် သူ၏ အသည်းတစ်ခြမ်း ပဲ့ကြွေရမည်မှန်း စောစောကြိုသိပေလျှင် ဤခရီးကိုသူလိုက်ပါဦးမည်လားဟု ပြန်တွေးနေမိ၏။ သို့သော်လည်း အဖြေသည် သူထပ်တစ်ကြိမ်လုပ်ပေဦးမည်ဟုသာ ထွက်လာ၏။

ပြတင်းပေါက်ကလေးမှ လှမ်းကြည့်ရင်း တစ်ဖက်ခြမ်းရှိ အဆောက်အဦးကလေးတွင် လှုပ်လှုပ်ရှားရှား တစ်ချို့တွေ့မိ၍ လက်ထဲက လက်ဖက်အုပ်ကို ချထားခဲ့ကာ တစ်ဖက်ရှိ ခြံထဲ ဝင်ချလာမိသည်။

ဇရပ်ကလေးနှယ် တစ်ဖက်ခြမ်းပွင့်လျက် တစ်ဖက်ခြမ်းမှာတော့ အခန်းတစ်ချို့ရှိ၏။ တိုးလျှိုးပေါက် မြင်နေရသည့် အခန်းကျယ်တွင် အသက်ဆယ်နှစ်အရွယ် မိန်းမငယ်လေးများကို အုပ်စုလိုက်တွေ့ရ၏။ ရိုးရိုးသာမန် ရပ်ဝန်းစုဝေးနေခြင်းတော့မဟုတ်ပေ။ ခေါင်းခါးခြေလက် အနုပညာ ကကွက်တစ်ခုကို ပုံဖော်နေကြခြင်း။

ညီညီညာညာမဟုတ်သေးသော်လည်း ကြိုးစားပန်းစား ကကွက်ဖော်နေကြခြင်း။

သူလည်း တိုင်လုံးကြီးတစ်တိုင်ကို မှီကာထိုင်လိုက်ရင်း ကြည့်နေမိတော့သည်။ အမေက ဘယ်အချိန်ပြီးမည်မှန်းမသိ။ ချက်ချင်းပြန်စရာလည်း မလိုအပ်တာကြောင့် သူ့အနေနှင့် အေးအေးဆေးဆေးနေနိုင်ပေသည်။

ကလေးငယ်လေးများ ထိုင်ချလိုက်ချိန်တွင် ရှေ့ဆုံးမှာ မက်တပ်ရပ်နေသော အရိပ်ကလေးတစ်ခုကို မြင်လိုက်ရလေ၏။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now