8

11.1K 1.9K 30
                                    

အပိုင်း ၈

နီရဲပုတ်မည်းနေသည့် သွေးစတို့ပေကျံနေသော မင်းသမီးဝတ်စုံကလေးကိုဝတ်ထားသည့် လူသားကလေးတစ်ယောက်ဟာ ဆေးရုံကုတင်၏ ကြမ်းပြင်၊ တိတိပပပြောရပါလျှင် လူနာကုတင်၏အောက်တွင် ဒူးကလေးကိုပိုက်ကာ ငုတ်တုတ်ကလေးထိုင်နေပါသည်။

လွန်ခဲ့သည့်မိနစ်ပိုင်းအတွင်း ဖြစ်ပျက်သမျှကို သေချာမှတ်မိနိုင်စွမ်းမရှိသူတစ်ယောက်လို မျက်လုံးရယ်ကြောင်တောင်ဖြင့် ကြမ်းပြင်ကိုစိုက်ကြည့်နေမိသူအား ထွေးပွေ့ကာ အားပေးချင်ပါသော်လည်း အနှီလူသားမှာ ကုတင်အောက်က လုံးဝထွက်မလာခဲ့။

ကုတင်အောက်လည်း ဝင်လို့မရသည်မို့ နောင်စစ်သွေးဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ တစ်ဆယ့်ရှစ်နှစ်ကောင်ကလေးဟာ ဘာများသိပ်သိမည်နည်း။ ဆရာဝန်ကြီးက ပြောသမျှကို ခေါင်းသာညိတ်နေရသည်။ ဘာဆက်လုပ်လို့လုပ်ရမည်မှန်းမသိ။

ရုတ်တရက် သူ့ခြေထောက်ကိုလှမ်းဆွဲသည့်လက်တစ်ဖက်ကို သတိထားမိလိုက်၏။ ကုတင်အောက်တွင် ဝင်ထိုင်နေသည့် နှောင်ရစ်ထွေးတစ်ယောက် ထွက်လာလေပြီ။

" ထွေး ... "

အနားတွင်လည်း လူအများကြီးရှိနေသည်မို့ ကိုကို ဟုလည်း မခေါ်ဖြစ်တော့။ ရှက်ရွံ့၍လည်းမဟုတ်။ ဒါသည် နှောင်ရစ်ထွေးဟူသော မင်းသမီးတစ်လက်၏ ဂုဏ်သိက္ခာလေ။

" ဟိဟိ .. ဟားဟား "

မျက်ရည်တို့က တာကျိုးနေဆဲ မျက်နှာပြင်မှာ အပြုံးကိုဆောင်နေသည့် နှုတ်ခမ်းပါးလှလှများ။ နှုတ်ခမ်းနီတို့ပေကျံနေဆဲဖြစ်သော်လည်း လက်နှင့်ပွတ်သုတ်ထား၍ ပွထနေပါသော်ငြား လှနေဆဲ။ နှောင်ရစ်ထွေးဟူသည့် နာမည်တစ်ခု၏ သင်္ကေတတစ်ခုသည်ကား မှုံရွှေရည်ဆိုလျှင် နောက်ထပ်အမှတ်အသားတစ်ခုကတော့ ဘယ်လိုနေနေ အလှမပျက်ခြင်းဖြစ်ပေလိမ့်မည်။

တစ်စစ ရယ်သံတို့ကကျယ်လောင်လာကာ ဆေးရုံကြီးထဲက လှုပ်ရှားမှုအစုစုတို့၏ အသံပေါင်းစုံကိုလွှမ်းသည်အထိ ရယ်သံတစ်ခုကသာ ကြီးစိုးလာခဲ့လေတော့သည်။ သေချာနားစိုက်ထောင်မိလျှင်တော့ ထိုရယ်သံထဲတွင် ထည့်ပိတ်ထားသည့် မွန်းကျပ်မှုတွေနှင့် ကျိတ်မနိုင်ခဲမရ ဒေါသတစ်ချို့ ကိန်းဝပ်နေကြောင်း သိရပေလိမ့်မည်။

အိုဘယ့်မှုံရွှေရည်(Completed)Tahanan ng mga kuwento. Tumuklas ngayon