............................................

" ဟေ့ ... ဟေ့  ဘာဖြစ်လာတာလဲ "

" သားပြန်တော့မယ် ဦးလေး ... "

" ဟေ့ တီတာ နေဦးလေ "

ရုတ်တရက် ပွဲခင်းထဲ လှည့်နေသည့် သူ့ထံ အပြေးလာရင်း သူ့ပိုက်ဆံအိတ်ကိုဆွဲကာ ပြန်တော့မည်တစ်ခွန်းပြောရင်း ပြေးထွက်သွားသည့် တူတော်မောင် နောက်အား လိုက်ရပြန်သည်။ တူဖြစ်သူနှင့်အတူပါလာသည့် ကျောင်းသားတွေတော့ အနောက်မှာ ဘာဖြစ်ကျန်ခဲ့လေသလဲ မသိတော့ပါချေ။

ဇွတ်တရွက်ပြေးနေသည့် တူဖြစ်သူနောက်အား အလျင်အမြန်လိုက်ရသည်က မစားသာ။ သူဆိုသည်မှာကား ဆရာဖြစ်ကတည်းက လှုပ်ရှားမှုလုပ်ခဲ့သူမဟုတ်။ တက္ကသိုလ်လက်ရွေးစင်အားကစားသမား တူတော်မောင်နှင့်စာရင် သူ့မှာ အမောဆို့တာပေါ့။

ဇာတ်ပွဲကျင်းပဖို့ရန် ငှားရမ်းထားသည့် ကွင်းပြင်၏ အစပ်တွင် မြို့ထဲကို ပြေးဆွဲသည့် လေးဘီးကားကလေးများရပ်ထားလေ၏။ လူပြည့်ခါနီး ကားပေါ် ပြေးတက်သွားသည့် တူတော်မောင်နောက် အပြေးလိုက်ကာ တစ်နေရာသာလွတ်တော့သည့်နေရာအား အမျိုးသမီးတစ်ယောက်ဝင်မထိုင်ခင် အလျင်ဦးအောင်ထိုင်ချပစ်လိုက်တော့သည်။

ခပ်ဝဝအမျိုးသမီးကြီးသည် သူ့ကိုမကြည်သော်လည်း တူတော်မောင် အချောအလှကလေး၏ မျက်နှာဖြင့်သူ့အား ဆူမည့်အစား ကားပေါ်မှာ ဆင်းသွားလေတော့သည်။

ငိုတော့မလို ပြိုတော့မလိုဖြစ်နေသည့် တူတော်မောင်၏မျက်နှာကတော့ သူမေးဖို့အခြေအနေကောင်းမဟုတ်ချေ။ ဝူးကနဲမောင်းထွက်သွားသည့် ကား၏ အခြေအနေကို အခွင့်ကောင်းယူရင်း တူတော်မောင်၏ ခေါင်းကို သူ့ရင်ဘတ်ထဲ ဆွဲသွင်းမိလိုက်တော့သည်။

တစ်ခဏအတွင်း စိုရွှဲသွားသည့် သူ့ရင်ဘတ်ကြောင့် ဒီကလေးတစ်ယောက် တစ်ခုခုဖြစ်ခဲ့ပြီမှန်းသိလိုက်ရလေပြီ။ အခြေအနေမလှစွာ ပြန်ပြေးလာပုံထောက် ရည်းစားကများ ဖောက်ပြန်နေလို့လား။

ဟင် မဟုတ်လောက်ပါဘူးလေ။ ရည်းစားသညာ ထားတာလည်း မတွေ့မှမတွေ့လေပဲ။ ဒါဆို ဟိုတစ်ခါက​ပြောသည့် မလွတ်လပ်သည့်အမျိုးသမီးဆိုသူနဲ့များတွေ့လာလေသလား။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now