ပတ္တလားကို အသံစမ်းနေပြန်သော လက်သံက ညင်သာသလို မာန်ပါလှသည်။ ဒီကလေးမက ဒါမျိုးတွေလည်း ရသည်ပေါ့။ ပညာတော့စုံရှာသားဟု သတ်မှတ်ရမည်။

အတန်ကြာရပ်ကြည့်နေမိသော်လည်း ညောင်းသည်ဟု သူမခံစားမိ။ ထိုင်နေရာမှ မက်တပ်ရပ်လိုက်သူကို ရုတ်တရက်လန့်သွားတာကြောင့် တံခါးနှင့်ကွယ်လိုက်ချိန်မှာ သူ့ရင်အစုံက ဗရမ်းဗတာ ခုန်ပေါက်နေမှန်း သတိထားမိလိုက်ရတော့သည်။

ဘုရားရေ။ လူမိတော့မလို့။

နောက်တစ်ကြိမ်ပြန်ချောင်းမိချိန်မှာ တီတာတကယ် ဘုရားတမိရတော့သည်။ ဒူးနှစ်ဖက်ကိုထောက်ချကာ လက်တစ်ဖက်က ရင်ဘက်ဝယ်ထားလို့ နောက်လက်တစ်ဖက်က ကျောပြင်ဆီ။

ဒါက။ ဒါက ရုပ်သေးအက။

ခြေဖျားတွေကို တင်ပါးနှင့်ထိအောင် မလိုက်ကာ တစ်ချက် လက်ချိုးလေတိုင်း ကျိုးကြေသွားမလား စိုးရိမ်စိတ်က ရင်ခေါင်းနားထိ တက်လာသလို မောဟိုက်လာမိသည်။

ဖြန့်ချထားသည့် ဆံနွယ်တွေက ခေါင်းကိုတစ်ချက်ချင်း ခါလေတိုင်း လှုပ်ခါနေပုံက တကယ်ကို အသက်ရှူမှားလောက်စရာ။

မင်းသမီးအဝတ် ဝတ်ဆင်ထားတာ မဟုတ်သော်ငြား ဝတ်ထားသည့် ပိတ်ပါးအင်္ကျီက လက်မြှောက်လိုက်တိုင်း လှစ်ခနဲပေါ်လာသည့် ဗိုက်သားတွေဆီမှာ သူတကယ် ရင်မောမိပါသည်။

" ရီရီမောမော မောင့်မျက်နှာချို၊ စကားအလှတွေက မဆန်း မစားရဝခမန်း၊ ချစ်တာပို မေတ္တာပို၊ ဒီလိုဆိုရင် တကယ်ပဲ မချစ်ချင်တော့ဘူး အစ်ကို၊ အိမ်တစ်ဆောင် မီးတစ်ပြောင် ထားဦးမတဲ့ သူဆို၊ ကျွန်မဘဝင်ခိုက်အောင် ပြောလိုက်ရင်ဖြင့် စိန်နားကပ်ကြီး ပန်ရမလို၊ စိန်နားကပ်ကြီးပန်ရမလို "

အချီအချ အကအလှကဖြင့် ငွားငွားစွင့်စွင့် ပွင့်အာလာသော ပန်းနှင်းဆီ တစ်ပွင့်လို။ နမ်းမွှေးချင်စိတ်ထက် ဆူးစူးပါစေဟု အံကြိတ်ကာ ထွေးပွေ့ထားချင်စိတ်ဖြစ်လာသည်အထိ။

ပင့်ဟလိုက်သည့် လည်တိုင်ကျော့ဝယ် လိမ်းကျံထားသည့် သနပ်ခါးဝင်းနှစ်နှစ်တို့ကို သူမမြင်တော့ပေ။ ထိုအစား သူမြင်သည်က ပန်းနှင်းဆီ၏ ရိုးတံ။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now