မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၅၀)

4.1K 262 0
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၅၀)

ဟေဇယ်သည် အိမ်ရှေ့မင်းကို အရိုအသေပေးက မျက်လွှာချထားမိစဉ် အိမ်ရှေ့မင်းနှင့် အတူရှိ နေသော သန်မာထွားကျိုင်းကာ အရပ်အမောင်းမြင့်မားသော လူထံမှ နောင်တော် ကမာ့ နာမည်ကို ကြားလိုက်ရစဉ် ဟေဇယ် မအောင့်နိုင်ပဲ မျက်လွှာပင့်ကြည့်မိစဉ် ထူထဲသောမျက်ခုံးများနှင့် ကျားကြီး တစ်ကောင်လို တောက်ပစူးရဲသော မျက်ဝန်းတစ်စုံကို တွေ့လိုက်မိစဉ် ဟေဇယ်၏ ရင်ထဲဒိန်းခနဲဖြစ် သွားသည်။

"ဒါ မင်းကြီးလား။ မွန်ဂိုပြည်ရဲ့ စစ်ဘုရင်ကြီင်္း နတ်ကျားဘုရင်ကြီးဆိုတာပေါ့။"

ဟေဇယ် ဒူးတုန်လာခဲ့သည်။ တီးတိုးပြောစကားများအရ စစ်ဘုရင်ကြီး၏ အချစ်ဆုံးသောသူက နှင်းမြို့တော်မှ ကမာ အာဇမန်ဆိုပဲ။ကမာဆိုလျှင် မိမိနောင်တော်ပေါ့။

"ဟေဇယ်...မင်းကြီးကို အရိုအသေပေးလေ။"

ဟေဇယ် ချက်ချင်းမြေပြင်ပေါ် ၀ပ်ကာ နဖူးနှင့်မြေကြီးထိအောင် အရိုအသေပေးလိုက်သည်။

"ဟေဇယ်..."

တင်တက်ရင်က ခြေလှမ်းကြဲကြီးနှင့်ကပ်လာပြီး ဟေဇယ့်ကို ထူမပေးကာ မျက်နှာကိုပင့်မကာ စေ့စေ့ကြည့်လိုက်သည်။

"သူက ဘယ်သူလဲ တင်မော်ရင်။ သူက ဟေဇယ်ဆိုရင် မင်းဆီမှာရှိတာ ဘယ်သူလဲ။"

တင်မော်ရင်သည် ခေါင်းငြိမ့်လိုက်ကာ ဟေဇယ်ကို ကြည့်ကာ
"ဟေဇယ်... မင်းသွားလို့ရပြီ။"

ဟေဇယ်ကို တင်တက်ရင်လွှတ်ပေးလိုက်သည်။ ဟေဇယ်နှစ်ယောက်ဖြစ်သော အကြောင်းကို တင်မော်ရင်သိမည်ကို ယုံကြည်သည်။
ဟေဇယ်ပြန်သွားသောအခါမှ တင်မော်ရင်ပြောလိုက်သည်။

"သူ့နောက်ကြောင်းကို ကျွန်တော် လိုက်လို့ မရဘူး။ ဒါပေမယ့် ကမာ က တကယ်ပဲ ရိုးရိုး သားသားနဲ့ ဟေဇယ့်လို သဘောထားပြီး ဒီနာမည်ပေးထားတာ ဖြစ်ပါလိမ့်မယ် နောင်တော်။ "

"မင်း သူ့ကို ဘယ်လိုတွေ့ခဲ့တာလဲ။ "

"ပါရှားပြည်ကို သွားတဲ့ စစ်သံမှုးက လာဆက်သတာပါ။ သူ့ကို ပါရှားဘုရင်က လက်ဆောင်ပေးထား တယ်လို့ပြောတယ်။"

"သူက တကယ်ဟေဇယ်ပဲပေါ့။"

"ဟုတ်ပါတယ် နောင်တော်။"

"စစ်သံမှုးကို ဆုလာဘ်ချီးမြှင့်လိုက်။ သူ့ကို အခု ဘာတွေ လေ့ကျင့်ပေးထားသလဲ။ သူ့ကို အားလုံးမေးပြီးပြီလား။"

"မေးပြီးပါပြီ။ သူက နှင်းမြို့တော်အကြောင်းအားလုံးပြောနိုင်ပါတယ်။ ပြီးတော့ သူက သိပ်ကို ပါးနပ်တယ်။ ဘာမှ သိပ်သင်စရာမလိုဘူး။ မွန်ဂိုစကားပဲ သင်ပေးစရာရှိတာပါ။ ပါရှားနန်းတော်မှာ သူ အားလုံးတတ်ခဲ့ပါပြီ နောင်တော်။ လောလောဆည် ကမာမလာသေးခင် နောင်တော့်ကို အလုပ်အကြွေးပြုဖို့ နောင်တော့်ကို အဆောင်ကို ပို့လိုက်ပါရစေ။"

တင်တက်ရင် မျက်မှောင်ကြုတ်လိုက်သည်။ ချက်ချင်းကို ငြင်းလိုက်သည်။

"မလိုဘူး။ ငါ့ခုတင်ပေါ်ကို ကမာကလွဲပြီး ဘယ်သူ့ကိုမှ အတက်မခံနိုင်ဘူး။ မင်းဆီကို ပို့ထားတဲ့ ဟေဇယ်အကြောင်းကို အမှန်တိုင်းပေါ်အောင် စုံစမ်းထားပါ။ သူ့ကို ကမာ ဘာကြောင့်ဒီလောက် စွဲလန်းတယ်ဆိုတာ သိချင်တယ်။"

တင်မော်ရင်ကိုပြောပြီး တင်တက်ရင် တခါတည်းထွက်သွားတော့သည်။ တင်မော်ရင်လည်း နောင်တော် အမိန့်ပေးသွားပြီဆိုတော့ မိမိအိမ်မှဟေဇယ်အကြောင်းကို အသေးစိတ် လိုက်တော့သည်။ ပထမ ဖိန်းဖိန်းနှင့်ဆက်ဆံရေးကို စောင့်ကြည့်သည်။ ပြီးတော့မှ ကမာ့အိမ်တွင် ကျန်ရစ်သော ဟေဇယ့်ကို အနီးကပ်ပြုစုပေးသော အထိန်းတော်ကြီးကို ဖမ်းခိုင်းလိုက်သည်။

ဖိန်းဖိန်းသည် ဟေဇယ်လေးကို အနားခေါ်ကာ ခိုင်းစေရင်းစိတ်ထဲတွင် သိပ်တော့ မကောင်းပါ။ ကြည့်လေကြည့်လေ သေချာလေဖြစ်သည်။ တော်သေးသည်။ မိမိခင်ပွန်းက ချူးချူးကို မမှတ်မိ လို့ပါ။ မှတ်မိလျှင် သူမကို ထောင်ချမလား။ သတ်မလား မသိတော့ပေ။ ယခင် နတ်ရွာစံမင်းကြီး၏ သမီးတော်လေး ယခုလို အစေခံအလုပ်ကို လုပ်နေရသည်ကို တွေ့တော့ ဖိန်းဖိန်း ဖြေမဆည်နိုင်
တော့ပေ။

"တူမတော်လေးရယ်။ မင်းအဖြစ်ကို အရီးတော်ရင်နာလိုက်တာ။ မင်းကို ဘယ်လိုကယ်တင် ပေးရမလဲ။ အကိုတော်ရယ် ချူးချူးလေးကို စောင့်ရှောက်ပေးတော်မူပါ။"

ဖိန်းဖိန်း နေ့တိုင်း ဘုရားတွင်ဆုတောင်းသည်။ သို့သော် ဆုတောင်းက မပြည့်ခဲ့ပါ။ ချူးချူးလေး မျက်ရည်ကျရင်း မိမိထံရောက်လာခဲ့သည်။

"သခင်မ ဘုရား။ ကယ်ပါဦး။"

ဟေဇယ်လေးရဲ့ မျက်ရည်ကို တွေ့တော့ ဖိန်းဖိန်း ထူပူသွားသည်။ သူမလေး ဘာဖြစ်ခဲ့တာပါလိမ့်ဟုတွေးကာ မေးလိုက်သည်။

"ဟေဇယ်လေး ဘာဖြစ်လို့လဲကွယ်။ သခင်မကို ပြောပါဦး။"

ဖိန်းဖိန်း မထိန်းလိုက်နိုင်သေးခင် ကြင်နာသော လေသံတို့ထွက်သွားတော့သည်။ ဟေဇယ်က ငိုရှိုက်ကာ ပြောရှာသည်။

"ကျွန်တော့် အထိန်းတော်ကြီးကို ဖမ်းသွားလို့ပါ။ "

"ဘယ်သူဖမ်းတာလဲ။"

"မသိတော့ဘူး။ ဒီမနက်က ဖမ်းခေါ်သွားတာလို့ပြောပါတယ်။ ကယ်ပါဦး သခင်မရယ်။ အထိန်းတော်ကြီးက ကျွန်တော့်အမေလိုပါပဲ။"

ဖိန်းဖိန်း တစ်ခုကိုသတိပြုမိသွားသည်။ ဒီကလေးကို ကမာက အထိန်းတော်နှင့်ထားသည်ဆိုတော့ သူက မိန်းကလေးဆိုတာ ကမာကသိထားသည်ပေါ့။ ဒါဆို သူမကို ချူးချူးမှန်းသိလျက်နှင့် ကယ်ထား ခြင်းဖြစ်သည်။ ဖိန်းဖိန်း ရင်ခုန်လာသည်။ ချူးချူးအကြောင်းကို မင်းကြီးသိသွားပြီဆိုတော့ နောက်ကြောင်းကို စုံစမ်းခိုင်းနေပြီပေါ့။ အထိန်းတော်ကြီးကို ဖမ်းတာ မိမိ လင်တော်မောင် အိမ်ရှေ့ မင်းသားဖြစ်ရမည်။ ဒါဆို အထိန်းတော်ကြီးက ဘယ်လောက်ဖုံးကွယ်ထားနိုင်မလဲ ဟုတွေးကာ ဖိန်းဖိန်း ခြေဖျားလက်ဖျားပင် အေးစက်လာသည်။

ချူးချူးလေးကို မိမိဘယ်မှာ သွားဖွက်ထားရမလဲဟုတွေးကာ ရင်ပူလာခဲ့သည်။ ထိုစဉ် အပြင်ဘက်မှ ရဲမတ်များလာနေသံကို ကြားလိက်ရသည်။ ဖိန်းဖိန်းသည် ချူးချူးလက်ကိုဆွဲကာ လျှို့ဝှက်တံခါးကို ဖွင့်ပြီး အထဲတွင် ၀င်ပုန်းနေစေသည်။

"ဘာသံတွေ ကြားကြားထွက်မလာနဲ့။ သခင်မ မခေါ်မချင်း ငြိမ်ငြိမ်လေးနေနော်။"

ဟေဇယ်အံ့အားသင့်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ သခင်မ ဘာကြောင့် မိမိကို ပုန်းခိုင်းသည်ကို နားမလည်တော့ပေ။ သို့သော် ငြိမ်ငြိမ်လေး နေလိုက်သည်။ တံခါးက ငြင်သာစွာ ပိတ်သွား တော့သည်။

ကမာ တစုံတခုကို စိုးရိမ်သွားသည်။ဟေဇယ်ကို အကိုကြီးရှာတွေ့သည်ဆိုတော့ ချူးချူးကို အကိုကြီး မစုံစမ်းပဲ နေမည်မဟုတ်ပေ။ ဒါဆို ...ချုးချုးဘယ်မှာလဲ။ အကိုလေးဆီမှာ ဘေးကင်းရဲ့လားဟု တွေးကာ ကမာ မျက်နှာပျက်သွားသည်။

တင်တက်ရင်သည် ကမာ့မျက်နှာကို သေချာစွာ အကဲခတ်ပြီး ဘာလုပ်ရမည်ကို သေချာသိသွား လေပြီ။ သူမ ဘယ်သူဆိုတာကို ကမာသိထားပြီးဖြစ်သည်။ သိလျက်နှင့် သူမကို ကမာဖုံးကွယ် ထားသည်။ ကမာ သူမလေးကို ချစ်နေသည်လား။ဘာရည်၇ွယ်ချက်နဲ့ မွေးစားထားသလဲ။ တင်တက်ရင်သည် ကမာ့ကို ညစာစားရန်အတူခေါ်လာသော်လည်း အတွေးများက ရှုပ်ထွေးလို့ နေသည်။
"အကိုကြီး။ "
ကမာ အကိုကြီး၏လက်ကို အသာကိုင်ကာ ခေါ်လိုက်သည်။
တင်တက်ရင် ကမာ့မျက်နှာကိုကြည့်လိုက်တော့ ကမာမျက်နှာငယ်လေးနှင့်ကြည့်နေသည်ကို တွေ့တော့ မျက်နှာထားကို ပြင်လိုက်သည်။
"ဘာများလဲ ကမာလေး။"
ကမာ ထိုင်ရာမှထကာ သူ့ရှေ့တွင် ဒူးထောက်လိုက်သောအခါ တင်တက်ရင်က သူ့ကို အတင်း ဆွဲထူ ကာပြောလိုက်သည်။
"ထပါ ကမာ။ မင်း ကိုယ့်ရှေ့မှာ ဒူးထောက်ဖို့မလိုပါဘူး။ ပြောစရာရှိတာ ပြောပါ။ အကိုကြီးနားထောင်ပေးပါ့မယ်။"
ကမာ ခေါင်းယမ်းလိုက်သည်။ မထရဲပါ။ သူ့နူတ်မှ မိမိလုပ်ထားသည်ကို ခွင့်လွှတ်သည်ဟု မပြောမချင်း မထရဲပါ ။
"အကိုကြီးကို တောင်းပန်ချင်လို့ပါ။ ကျွန်တော့် အိမ်က အစေတော်ကောင်လေး အကြောင်းကို အကို ကြီးကို ဖုံးကွယ်ထားမိလို့။တောင်းပန်ချင်လို့ပါ။"
တင်တက်ရင်သည် ကမာ့ကို ပွေ့ချီကာ ခုံပေါ်ထိုင်စေသည်။
"မင်း ဘာပဲလုပ်ခဲ့လုပ်ခဲ့ ကိုယ့်အရှေ့မှာ ဒူးထောက်ဖို့မလိုဘူး။ ပြောပါ။ မင်းကိုယ့်ကို ဘာပြောစရာရှိ သလဲ"
ကမာသည် သူ၏ သွေးအေးသော အမူအယာကိုကြည့်လေ ပိုစိုးရိမ်လေဖြစ်သည်။
"အကို ဟေဇယ်ကို ဘာမှ မလုပ်ပါနဲ့။"
"ဘယ်ဟေဇယ်ကို ပြောတာလဲ ကမာ။ မင်းရဲ့ညီတော် ဟေဇယ်လား။ ကောင်မလေး ဟေဇယ်လား။"
ကမာ ခြေဖျားလက်ဖျားများ အေးစက်သွားတော့သည်။ အကိုကြီးကို မျက်လုံးခြင်းဆိုင်မကြည့်ရဲ တော့ပေ။ ကမာ မျက်လွှာချထားရင်း ရင်ဝယ် တုန်တခိုက်ခိုက်ဖြစ်လာသည်။
"အကိုကြီး"
ကမာ ဘာပြောရမှန်းမသိတော့ပေ။ ကမာ ငိုချင်သွားသည်။ ဘယ်ကနေစပြီးရှင်းရမှန်းမသိတော့ပေ။ ကမာ ပြောမည်ကို တင်တက်ရင်စိတ်ရှည်စွာစောင့်နေလိုက်သည်။ ကမာ စိတ်ကိုတင်းကာ သူ့ကို မော့ကြည့်လိုက်ပြီးပြောလိုက်သည်။
"အားလုံးကျွန်တော့် အပြစ်တွေပါ အကိုကြီး။ အစေတော်လေးမှာ အပြစ်မရှိပါဘူး။ သူ့ကိုလွှတ် ပေးပါ။ ကျွန်တော့်ကို အကိုကြီးကြိုက်သလို အပြစ်ပေးနိုင်ပါတယ်။"
"သူက မင်းရဲ့အစေတော် သက်သက်ပဲလား ကမာ။"
"အကိုကြီး။"
ကမာအံ့အားသင့်စွာမော့ကြည့်လိုက်သည်။ အကိုကြီးက အထိန်းတော်ကြီးအကြောင်းများ သိသွားပြီလား တွေးကာ စိုးရိမ်သွားသည်။
တင်တက်ရင်သည် ဘယ်အချိန်အထိ ကမာ ဖုံးကွယ်ထားမည်ကို စောင့်ကြည့်နေမိသည်။ရင်ထဲ တွင်တော့ မကောင်းလှပါ။ မိမိကိုတောင် ကမာက မယုံဘူးဆိုတော့ သူ မိမိကို မချစ်ဘူးပေါ့။ အနည်းဆုံး အကိုတစ်ယောက်လိုတောင် သူမချစ်ဘူးဟု တွေးထင်ကာ သွေးထဲဒေါသတို့ လှည့်လည်လာတော့သည်။
ကမာ မဖြေပဲငိုင်နေသဖြင့် တင်တက်ရင် သည် ကမာ့လက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။
"အစေတော်ကောင်မလေးအတွက် အနီးကပ်သင်ကြားပေးဖို့ အထိန်းတော်ထားပေးဖို့လိုသလား ကမာလေး။ မင်း သူ့ကို ဇနီးမယားအတွက် သိမ်းပိုက်ဖို့ မွေးထားတာလား။"
အကိုကြီး၏ အမေးများက ကမာ့ကို အလန့်တကြားနှင့် ခေါင်းယမ်းသွားစေသည်။
"ဟင့်အင်း။ မဟုတ်ဘူး။ ကျွန်တော် သူ့ကို ဘယ်တုန်းကမှ အဲ့လို စိတ်မထားခဲ့ဘူး အကိုကြီး။ ကျွန်တော်က သူ့ကို အသက်ဘေးက ကယ်ချင်ရုံသက်သက်ပါ။ "
တင်တက်ရင် အေးစက်စွာမေးလိုက်သည်။
"ဘာဖြစ်လို့လဲ။ ကိုယ့်ကို ဆန့်ကျင်ပြီး အဲ့ကောင်မလေးကို ကယ်ခဲ့တာ မင်းမှာအကြောင်းပြချက်ရှိ မှာပဲ။ကိုယ်ကျေနပ်အောင် အဖြေပေးပါ ကမာ။ မဟုတ်ရင် အဲ့ကလေးမဘ၀ကို တစ်စစီစုတ်ဖြဲလိုက် မယ်။ သေတာထက် ဆိုးတဲ့ ဘ၀မှာရှင်သန်စေရမယ်။"
ကမာ မျက်ရည်ကျလာသည်။
"သူက အရင်မင်းကြီးရဲ့ သမီးတော်လေးပါ။ သူ့မှာ မိဘလည်းမရှိတော့ဘူး။ ပြီးတော့ ထီးနန်းလည်း ဆုံးရှုံးရတဲ့အပြင် အသက်လုပြီးထွက်ပြေးနေရတယ်။ သူ့ကို ကြည့်ပြီး ကျွန်တော်တို့ အဖြစ်ကို ပြန်သတိရလို့ သနားပြီးကယ်ခဲ့တာပါ။ ပြီးတော့ အရင်မင်းကြီးရဲ့ မေတ္တာကြွေးကို ဆပ်ချင်လို့ပါ။ ကျောက်မိန်ကလည်း ကျွန်တော့်ကြောင့် သေသွားရတာ ဆိုတော့ ကလေးမလေးကို တတ်နိုင်သလောက် ကူညီချင်ရုံပါ။"

တင်တက်ရင်သည် ကမာ အမှန်အတိုင်းပြောသည်ကို သိလိုက်သည်။ ကမာ့ မျက်ရည်များကို တွေ့သော ရင်ထဲမှ တဆတ်ဆတ်နာလို့လာသည်။ သို့သော်ရှင်းအောင်မေးရအုံးမည်။

"မင်း သူ့ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဆက်မွေးထားတာလဲ။ မင်းသူ့ကို ချစ်သွားပြီလား။"

"ဟင့်အင်း ။ ညီမလေး တစ်ယောက်လိုပဲ ချစ်ပါတယ်။ ကျွန်တော် သူ့ကို ဖြူဖြူစင်စင်ပဲ ချစ်ခဲ့ တာပါ။ ကျွန်တော့်အချစ်တွေ အားလုံးကို အကိုကြီးကို ပေးထားပြီးသားပါ။ အဲ့ဒါကိုဘယ်တော့မှ မမေ့ပါဘူး။"

"ဒါပေမယ့် ကောင်မလေးက မင်းကို အရမ်းချစ်နေတယ် ကမာလေး။ အကိုကြီး သူ့ကို အသက် ရှင်ခွင့် မပေးနိုင်ဘူး။ မင်းကို ပြောထားပြီးသားပါ။မင်းကိုချစ်တဲ့သူတိုင်းကို အကိုကြီး သတ်မယ်။"
တင်တက်ရင်သည် ကမာ့ကို တည်ကြည်စွာပြောလိုက်သည်။

ကမာ တိုးပြီး ငိုရှိုက်လာခဲ့သည်။
"မလုပ်ပါနဲ့ အကိုကြီးရယ်။ ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ သူက ကျွန်တော့် ဘ၀မှန် ကိုမသိလို့ပါ။ ကျွန်တော့်ကို နှင်းမိဖုရားမှန်းသိသွားရင် သူ မချစ်တော့ပါဘူး။ သူ့ကို ကျွန်တော် အမှန်တိုင်းဖွင့်ပြောလိုက်ပါ့မယ်။ သူ့ကို အသက်ချမ်းသာပေးပါ။"

တင်တက်ရင်၏ အတွေးများရှုပ်ထွေးလာသည်။ အမှန်တိုင်းပြောလျှင် ချူးချူးကို အသက်ရှင်ခွင့်ပေး တာထက် တခါတည်း ကွပ်မျက်လိုက်ချင်သည်။ ရက်စက်ချင်လို့တော့မဟုတ်ပေ။ ကမာ့အတွက် နောက်ကြောင်းအေးအောင်ဖြစ်သည်။ ကမာကို နှင်းမိဖုရားမှန်းသိလျှင် ချူးချူးက ကမာ့ကို ခွင့်လွှတ် မည်မဟုတ်ပေ။ သူမ မိခင်က နှင်းမိဖုရားကို အဆိပ်ခတ်သောကြောင့် သေဒဏ်ပေးခြင်းခံလိုက်ရ သည်မဟုတ်လား။
တင်တက်ရင် ၏ မျက်နှာထားကို ကြည့်ကာ ကမာ အတင်းတောင်းပန်သည်။ အကိုကြီးဘာတွေးနေ သည်ကို မိမိ သိလိုက်လေပြီ။

"အကိုကြီး မလုပ်ရဘူးနော်။ ချူးချူးကို သတ်ရင် ကျွန်တော် အကိုကြီးဘေးမှာ လုံးဝမနေနိုင်ဘူး။ ကျွန်တော့်ကို ယုံကြည်ပေးပါ။ ချူးချူးကို ကျွန်တော် လုံးဝမချစ်ဘူး။ သူ ကျွန်တော့်ကို မချစ်အောင် လည်း ကျွန်တော် လုပ်လိုက်ပါ့မယ်။"

တင်တက်ရင်သည် ကမာ အရမ်းစိတ်ဆင်းရဲနေသည်ကို မကြည့်ရက်သောကြောင့် စိတ်ကို လျှော့ လိုက်သည်။ ကမာလေး အခုမှ နေပြန်ကောင်းလာတာ မိမိကြောင့် စိတ်ဆင်းရဲစွာမျက်ရည်ကျ သည်ကိုတော့ မမြင်ရက်ပေ။ မိမိက ကမာ့ ကို ပျော်ရွှင်သော ဘ၀ကိုပေးအောင် ကြိုးပမ်းနေခဲ့ သည်မဟုတ်လား။ ကမာသာ ပျော်ရွှင်မယ်ဆိုလျှင် ရွှေနန်းစည်းစိမ်ကိုလည်း လဲရဲပါသည်။ ထိုသို့ တွေးပြီး တင်တက်ရင်သည် ကမာ့ကို ရင်ခွင်ထဲဆွဲဖက်ထားကာ ပြောလိုက်သည်။

"စိတ်ချပါ။ ကိုယ်က မင်းအတွက်အကောင်းဆုံးဆိုတာတွေကိုပဲ လုပ်ပေးမှာပါ ကမာလေးရယ်။"

တင်တက်ရင် ကမာ စိတ်ချမ်းသာအောင်တော့ ပြောလိုက်သည်။ သို့သော် စိတ်ထဲမှ တိတ်တိတ် လေး ပြောလိုက်သည်ကို ကမာမကြားတော့ပါ။

"မင်းအတွက် ဘေးကင်းစေမည့်လမ်းကိုပဲ ကိုယ်ရွေးရလိမ့်မယ် ကမာလေး။ မင်းကိုယ့်ကို စိတ်ဆိုးရင်တောင်မှ မင်းကို ထိခိုက်မယ့်သူကို ကိုယ်ရှင်းပြစ်ရမှာပဲ"
သူ့စကားကြောင့် ကမာစိတ်အေးသွားပြီး သူ့ပါးပြင်ကို နမ်းကာ မျက်ရည်များဖြင့်ပြောသည်။

"အကိုကြီးကို ကျွန်တော် တစ်သက်လုံးသစ္စာရှိသွားမှာပါ။ ကျွန်တော် သေတဲ့အထိ အကိုကြီးဘေး မှာပဲ နေပါ့မယ်။ စိတ်ချပါ။ ကျွန်တော် ဘယ်သူ့ကိုမှ မချစ်ပါဘူးဗျာ။"

တင်တက်ရင်သည် ကမာ့ကို လိမ်လိုက်ရသည့်အတွက်စိတ်တော့မကောင်းပါ။ သို့သော် ကမာကောင်းဖို့အတွက်လူကြမ်းလုပ်ရလည်း ဆယ်ခါပြန်လုပ်ဦးမည်ဖြစ်သည်။

ထိုနေ့ည ကမာ နန်းဆောင်ကို ပြန်တော့ ညဥ့်နက်နေလေပြီ ။ အကိုကြီးက ကမာ့ကို သူ့ နန်းဆောင်တွင် အိပ်စေချင်သော်လည်း ကမာ က ဟေဇယ်တို့နှင့် တွေ့ချင်သည် ပြောလို့ တင်တက်ရင် ပြန်ခွင့်ပြုလိုက်သည်။

ကမာသည် မိမိနန်းဆောင်ကို ရောက်တော့ ဟေဇယ်နှင့် နှင်းမြို့တော်သားများ စောင့်နေသည်ကို တွေ့လိုက်ရသည်။ အားလုံး သခင်လေး ကမာကို အရိုအသေပြုကြ။ ဖက်ရမ်းနမ်းရှုပ်ကြနှင့် ကမာ မျက်ရည်ထပ်ကျရပြန်သည်။ ဒီတစ်ခါ ၀မ်းသာလို့ ကျသည့် မျက်ရည်များပါ။ အကိုကြီးကို လည်း ထပ်ခါထပ်ခါ ကျေးဇူးတင်မိသည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now