မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၆)

7.8K 533 1
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၆)

မွန်ဂိုပြည့်ရှင်မင်းကြီး တေးဟာခန်သည် နံနက်နိုးလာကတည်းက စိတ်လှုပ်ရှားနေသည်။ ရေချိုးရင်း သီချင်းတအေးအေးလုပ်နေသဖြင့် မင်းကြီးကိုပြုစုရသည့် ကုန်းကုန်းများပင် ထူုးဆန်းနေသည်။ တေးဟာခန်သည် အ၇မ်းကို စိတ်ချမ်းသာကာ အခြေအရံများကိုပင် ကျီစယ်ကာ ဟာသများပြောနေ သေးသည်။ မင်းကြီးကို အနီးကပ်ပြုစုခဲ့သည့် အတွင်းဝန်က မင်းကြီး၏ ငယ်စဉ်မင်းသားဘ၀ကလို ရယ်မောပျော်ရွှင်နေသော မင်းကြီးကိုကြည့်ကာ ယနေ့လာမည့် စာတော်ဖတ်လူပျိုတော်သားလေး ကို ပိုလို့စိတ်ဝင်စားသွားသည်။
မင်းကြီးထီးနန်းဆက်ခံပြီးနောက်ပိုင်း တဖြည်းဖြည်းနှင့်သုန်မုန်လာခဲ့ခြင်းဖြစ်သည်။ ကျောက်မိဖုရား ကရုပ်လှသလောက် မင်းကြီးအပေါ်အမျိုးအမျိုးချုပ်ကိုင်သူဖြစ်သဖြင့် မင်းကြီးလည်း တဇွတ်ထိုး လုပ်ချင်တာကို လုပ်လာခဲ့သည်။ အခြားမိဖုရားများကိုလည်း စွဲစွဲလန်းလန်းမရှိသော မင်းကြီးပုံက အရမ်းကို ငြီးငွေ့နေပုံပေါ်သည်။ မိမိတို့လည်း မင်းကြိးကို ဘာလုပ်ပေးရမှန်းမသိဖြစ်နေစဉ် ယခုလို မင်းကြီး ငယ်မူငယ်သွေးဖြင့် ပြန်လည်တက်ကြွလာသည်ကို တွေ့သော် အထိန်းတော်အတွင်းဝန်ကြီး ကတော့ ကျေနပ်နေသည်။
တေးဟာခန်သည် ရေချိုးပြီး ၀တ်စုံကို တစုံပြီးတစုံရွေးနေသည်။ အပြာနှင့်ငွေရောင် ၀တ်ရကောင်း နိုးနိုး၊ အနီနှင့် ရွှေေ၇ာင် ၀တ်ရကောင်းနိုးနိုး၊ အနက်နှင့်ရွှေရောင်ဝတ်ရမလား၊ အစိမ်းနှင့် ငွေရောင် ၀တ်ရမလား ရွေးနေသည်။ အတွင်းဝန်ကြီးကတော့ လူငယ်ပုံရိပ်ဖြင့် မင်းကြီးကိုကြည့်ကာ အစိမ်းနှင့် ငွေရောင်ကို ညွှန်းလိုက်သည်။ မင်းကြီးက မုတ်ဆိတ်ကျင်စွယ်များလည်း ရိတ်သင်ထားသဖြင့် ငယ်ရုပ် ပြန်ထွက်နေသည်။
အမွှေးနံ့သာများပက်ဖြန်းကာ မနက်စာစားကတည်းက စိတ်စောနေဟန်ပေါ်သည်။ အဆောင်ဝကို တမျှော်မျှော်လုပ်နေသည်။
"အမတ်ကြီးတင်မော်ရင်နှင့်ညီတော် အခစားဝင်ကြောင်းပါ အရှင်."
အတွင်းဝန်ကုန်းကုန်းတစ်ဦးလာလျှောက်တင်သောအခါ မင်းကြီး၏ မျက်နှာဝင်းခနဲဖြစ်သွားသည်။
"အေး...၀င်ခွင့်ပြုလိုက်..."
တေးဟာခန်သည် စာတော်ဖတ်ဝတ်စုံဖြင့် နုပျိုလန်းဆန်းလှသော ကမာကိုရွှမ်းရွှမ်းစားစားကြည့်ကာ နူတ်ဆက်လိုက်သည်။
"မော်ရင်နဲ့ ကမာ လာကြ..."
တင်မော်ရင်သည် မင်းကြီးကို အရိုအသေပေးကာ နူတ်ဆက်လိုက်သည်။
"မင်းကြီး...ကမာက စာတော်ဖတ်တာဝန်ကို မထမ်းဆောင်နိုင်ရင် သည့်ခံခွင့်လွှတ်ပေးတော်မူပါ။ ကျွန်တော်မျိုးသင်ကြားမှုမပြည့်စုံသေးလို့ပါ။"
တေးဟာခန်က လက်ကာပြကာ
"မော်ရင်ရယ် မပူပါနဲ့။ ကမာကို ကိုယ်တော့်သဘောနဲ့ ခန့်ခဲ့တာပါ။ သူ လုပ်ရင်းတတ်သွားမှာပါ။ သူအမှားလုပ်မိရင်လည်း ကိုယ်တော်ပြင်ပေးမှာပေါ့။ အဓိက သူလုပ်ရမှာက ကိုယ်တော့်ဘေးမှာ အဖော်ပြုပေးဖို့ပါပဲ။"
ကမာသည် မင်းကြီးကို အရိုအသေပေးကာ ကျေးဇူးတင်စကားပြောလိုက်သည်။ တင်မော်ရင်ကတော့ ငယ်ကတည်းက အတူဆော့ကစားရင်းကြီးလာသူပီပီ မင်းကြီး၏ မျက်နှာပေါ်မှ စိတ်အားထက်သန် သည့် အ၇ိပ်ကို ကြည့်ကာ ရင်ထဲတော့မအေးပေ။ ကစားစရာအရုပ်အသစ်ကို ရသဖြင့် အရမ်းဝမ်းသာ နေသည့် ပုံအရ မင်းကြီးကမာ့အပေါ် စိတ်ဝင်စားမှုမလျှော့သေးသည်ကိုသိကာ သက်ပြင်းသာ ရှိုက်မိ သည်။

စိတ်ရင်ကောင်းသော်လည်း လိုချင်တာကို ရအောင်ယူတတ်သည့်အစွဲအလန်းကြီးလွန်းသော မင်းကြီးကို ငယ်သူငယ်ချင်းပီပီ မိမိအသိဆုံးဖြစ်သည်။ ယခုလည်း ကမာကို ယောက်ျားလေးမှန်း သိသော်လည်း ဒီထက်ပိုမတွယ်တာနိုင်လို့တော့ ထင်သော်လည်း သိပ်တော့ စိတ်မချပေ။ မင်းကြီး ပုံစံက အရမ်းကို တက်ကြွလွန်းနေသည်မဟုတ်လား။
"ကဲ မော်ရင် ညီလာခံသဘင်ကို သွားကြစို့။ ကျုပ်လည်း အခုမှ ကောင်းကောင်းအလုပ်လုပ်ရ တော့မယ်။"

တင်မော်ရင်တို့ညီအစ်ကို မင်းကြီးနောက်မှ ကပ်ပါလာခဲ့သည်။ ညီလာခံသဘင်တွင် အမတ်များက မင်းကြီးမျက်နှာတော် ကြည်နေသည်ကိုတွေ့မှ သက်ပြင်းချမိသည်။ ယနေ့ တင်လျှောက်စရာများက ပိုများသည် မဟုတ်လား။ မင်းကြီးစိတ်မကြည့်သဖြင့် ဘာအလုပ်မှမပြတ်တာ များနေပြီ။ ယနေ့တော့ မင်းကြီး အတော်များများကို ဆုံးဖြတ်ပေးနိုင်မည်ဟုထင်သည်။
တေးဟာခန်သည် အမတ်ကြီးများပြောသည်ကို ကောင်းစွာနားထောင်ကာ သေချာစွာစီစစ်သည်။ အခြားအမတ်များတင်လျှောက်သည်ကိုလည်း လက်ခံသည်။ ထို့ကြောင့် အကြောင်းအရာအတော် များများကို ဆုံးဖြတ်ပေးလိုက်သည်။ တချို့အချက်များကိုတော့ ငြင်းဆန်လိုက်သည်။ ထိုအရာများ ကတော့ ကျောက်မိဖုရား၏ ဖခင်ဘက်မှတောင်းဆိုထားသော အချက်များဖြစ်သည်။
ထိုအဖွဲ့သည် သေချာပေါက် မင်းကြီးခွင့်ပြုမည်ထင်ထားရာမှ မင်းကြီးက လွှတ်တော်အဖွဲ့သို့လွှဲ လိုက်သဖြင့် မကျေမနပ်ဖြစ်သွားကြသည်။
"မင်းကြီး ကျွန်တော်မျိုးတို့ဒီအကြောင်းကို လျှောက်တင်ထားတာကြာပါပြီ။ ကျောက်မိဖုရားကိုလည်း တင်လျှောက်ထားပါတယ်။"
တေးဟာခန်သည် ယောက်ဖတော် အမတ်ကြီးကို စေ့စေ့ကြည့်ကာ
"ဒီတိုင်းပြည်ကို ကျောက်မိဖုရားက အုပ်ချုပ်နေတာ မဟုတ်ဘူး အမတ်ကြီး။ ပြီးတော့ အမတ်ကြီးရဲ့ အကြောင်းအရာက ကိုယ်တော်ဆုံးဖြတ်ရမယ့် အကြောင်းအရာမဟုတ်ဘူး။ ဒါက လွှတ်တော်က ဆုံးဖြတ်ရမယ့်အရာ။ ဒူးနေရာဒူးနေပါ အမတ်ကြီး။ကျုပ်ကရှေ့လျှောက် သည်းခံမှာမဟုတ်တော့ ဘူး။"

လွှတ်တော်အဖွဲ့ကတော့ အတော့်ကို ကျေနပ်နေကြသည်။ ထိုအဖွဲ့က မိဖုရားအရှိန်ဖြင့် မောက်မာနေတာကြာပြီ။ ယနေ့မှ မင်းကြီးအမြင်မှန်ရသွားတော့သည်။ တပတ်စာ စုပုံထားသော အလုပ်များလည်း အတော်ကိုရှင်းသွားတော့သည်။
မင်းကြီးဘာကြောင့်စိတ်ကြည်နေသည်ကို သိသူုက ဦးရီးတော် အမတ်ချုပ်ကြီးနှင့် တင်မော်ရင် ဖြစ်သည်။ အမတ်ချုပ်ကြိးက ယခုမှ အသက်ဝင်လာသော တူတော်မောင်ဘုရင်ကြီးကို ကြည့်ကာ ကျေနပ်နေသည်။
မင်းကြီး၏ လက်ထောက်စာတော်ဖတ် လူသစ်လေးကို အတော်များများက သတိထားမိကြသည်။ လူငယ်လေး၏ အလှနှင့် ရှင်းသန့်သောရုပ်ရည်လေးက လူတိုင်း၏ အာရုံကို သိမ်းယူထားသည်။ စစ်သူကြီးတချို့က ကမာကို တိတ်တခိုးငေးနေသည်ကို တွေ့သော် မင်းကြီးအနည်းငယ် သ၀န်တို သလိုဖြစ်သွားသည်။ သို့သော် စိတ်ကို ထိန်းကာ အလုပ်ကိုသာ အာရုံစိုက်နေလိုက်သည်။ မိမိကြမ်းလိုက်လို့မဖြစ်ပေ။ ကမာလေး မိမိကို လန့်သွားလိမ့်မည်ဟုတွေးကာ စိတ်ကိုရှည်ရှည်ထား လိုက်သည်။ တကယ်တော့ မိမိ၏ကမာကို မည်သူကြည့်တာကိုမှ မကြိုက်ပေ။
ညီလာခံစဲသောအခါ ကမာ မင်းကြီးနောက်သို့ ပါလာခဲ့သည်။ တင်မော်ရင်က လွှတ်တော်သို့သွား ရမည်ဖြစ်သည်။ ကမာက မင်းကြီးနောက်သို့လိုက်ပါလာခဲ့သည်။
တေးဟာခန်သည် ယခင်နှင့် လုံးဝမတူပဲ လန်းဆန်းနေသည်။ ယခင်က ညီလာခံ တစ်ခါတက်တိုင်း စိတ်ရှုပ်ထွေးကာ ပြန်လာခဲ့သည်။ ပြန်လာတိုင်း မောပန်းကာ အရက်ကိုသာတန်းသောက်တော့သည်။ ယခုတော့ အရာအားလုံးက လွယ်ကူနေသလိုခံစားရသည်။
"အတွင်းဝန်ကြီး စားတော်ပွဲပြင်တော့...ကမာ မင်းကျုပ်ဘေးမှာ အဖော်လုပ်ပြီး စားပါ။"
ကမာ မျက်လုံးပြုးသွားသည်။ မင်းကြီးနှင့် အတူမစားဝံ့ပေ။ ချက်ချင်း ကြမ်းပြင်ပေါ်ဒူးတုပ်ကာ နဖူးနှင့် ကြမ်းနှင့်ထိကာ တောင်းပန်လိုက်သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုး မလုပ်ဝံ့ကြောင်းပါ။ "

"ဘာလဲ။ မင်းက ဘုရင့်အမိန့်ကို ဖီဆန်ချင်တာလား။"

"မလုပ်ဝံ့ပါဘူး အရှင်..."
ကမာ အလန့်တကြားလေးပြောရှာသည်။ တေးဟာခန်က မျက်နှာထားတင်းတင်းဖြင့် အမိန့်ပေးလိုက်သည်။
"ဒါဆို လာ။ ကျုပ်ကို ဟင်းထည့်ပေး။"
ကမာ မင်းကြီးဘေးကို သွားကာ ဟင်းထည့်ပေးသည်။ မင်းကြီးကို ၀ိုင်ဌဲ့ပေးသည်။
တေးဟာခန်သည် ကမာထည့်ပေးသော ဟင်းများကို အကုန်စားလိုက်သည်။ ၀ိုင်ထပ်ထည့်ခိုင်းတော့ ကမာက မ၀ံ့မရဲတားသည်။
"မင်းကြီး ခွင့်လွှတ်တော်မူပါ။ နေ့လည်ခင်း ၀ိုင်များများသောက်ရင် မင်းကြီးညနေ ခေါင်းကိုက်ပါ လိမ့်မယ်။"
"ဟေ... ဟုတ်လား။ ဒါဆို မထည့်နဲ့တော့။ မင်းလည်း စားလေ။ "
"ပြီးမှ စားပါ့မယ် အရှင်။"
"ဘာလဲ။ မင်းက ကျုပ်နဲ့ အတူမစားချင်တာလား.."
"မဟုတ်ပါဘူးအရှင်။ အရှင်မင်းကြီးကို ကျွန်တော်မျိုး အသေချာ အလုပ်ကျွေးပြုချင်လို့ပါ အရှင်.."
ကမာ၏ စကားကြောင့် မင်းကြီးကျေနပ်သွားသည်။ ကမာ၏ မျက်နှာလေးကို ကြည့်ရင်းစားရသော အရသာက ဘာနှင့်မှ မတူသဖြင့် တေးဟာခန် ယခုမှ ထီးနန်းစည်းစိမ်ကို ရကာစလိုပျော်နေမိသည်။

"ကမာလေး... မင်းသွားစားတော့။ အတွင်းဝန်ကြီး ကမာကို ကိုယ်တော်ရဲ့ ပွဲတော်စာကို ကျွေးလိုက်ပါ။"
အတွင်းဝန်ကြီး၏ အထင်မှန်သွားလေပြီ။ ကမာသည် မင်းကြီးမြတ်နိုးတော်မူသော မိဖုရားလောင်း ဖြစ်သည်။ မိမိ၏ ဆရာပြောပြခဲ့ဖူးသော ပါရှားမိဖုရားလို ကမာလည်း မိဖုရားတစ်ပါးဖြစ်လာမည့်သူ ဖြစ်သည်။ ကမာကိုချစ်သောကြောင့် မင်းကြီးအများကြီးပြောင်းလဲသွားသည်။ ထို့ကြောင့် အတွင်းဝန် ကြိးက ကမာကို ကောင်းစွာဆက်ဆံကာ မင်းကြီး၏ပွဲတော်စာကို သေချာပြင်ဆင်ခိုင်းကာ ကျွေးလိုက် သည်.။
"အတွင်းဝန်ကြီး လည်း စိတ်မရှိရင် အတူစားရအောင်ပါ။ "
အတွင်းဝန်ကြီးက စိတ်ထားကောင်းသော ကောင်လေးကို လေ့လာလိုသဖြင့် အတုစားရင်း မေးမြန်း လိုက်သည်။ ကမာကို စစ်သူကြီးတင်တက်ရင်မွေးစားထားသည်တော့ ကြားဖူးသည်။ သို့သော် ဘုံကြိုးပြတ်သည့် နတ်သားလေးလိုလှလိမ့်မည်လို့တော့ မထင်ထားပေ။

တခဏချင်းပင် ကမာနှင့် အတွင်းဝန်ကြီး ရင်းနှီးသွားသည်။ အတွင်းဝန်ကြီးကလည်း ကမာကို အသေ အချာပေါင်းထားသည်။ သူက အနာဂတ်တွင် တိုင်းပြည်၏ ပြည့်ရှင်မင်းကို ပင်ထိန်းချုပ်နိုင်မည့် သူ မဟုတ်လား။
ညနေစောင်းလို့ ကမာအိမ်သို့ပြန်သောအခါ အကိုလေးက နန်းတော်အ၀တွင် လာကြိုနေသည်။
"ညီလေး ဘယ်လိုလဲ။ အလုပ်တွေ ခက်သလား။"
ကမာပြုံးကာ အတွေ့အကြုံအသစ်ကို ပြောပြသည်။
"အလုပ်တွေကမခက်ပါဘူး အကိုလေး။ မင်းကြီးကလည်း သင်ပြပေးပါတယ်။ နောကိပိုင်းဆိုရင် ညပိုင်းပါ လာကူခိုင်းမယ်လို့ပြောနေတယ်။"

တင်မော်ရင်က ဟန်မပျက်ပြုံးကာ ပြောလိုက်သည်။
"မင်းကြီးအလုပ်ရှုပ်ရင်တော့ ကူရမှာပေါ့ကွယ်။ ဒါပေမယ့် ဒီလိုပုံစံဆိုရင် ညပိုင်းသွားစရာ မလိုလောက်ပါဘူး။"
"ညီလာခံက ကြောက်စရာကြီးနော် အကိုလေး။ အမတ်ကြီးတွေ ပြောနေကြတာ ၇န်ဖြစ်နေတဲ့အတိုင်းပဲ၊"

"ဒီနေ့က သာယာတာ ကမာလေးရဲ့။ မင်းကြီး စိတ်တိုနေတဲ့ရက်ဆို ဒီထက်ကြောက်ဖို့ ကောင်းတယ်။"

"မင်းကြီးက ဘာလို့စိတ်တိုတာလဲ အကိုလေး."

"သြော်... အလုပ်များတော့ စိတ်တိုတာပေါ့ကွယ်။ အခု ကမာကူပေးတော့ မင်းကြီး စိတ်တိုတော့မှာ မဟုတ်တော့ဘူး။ အကိုလေး ပြောတဲ့အတိုင်း ကျောက်မိဖုရားကို ကရုစိုက်နော်။ သူက မင်းကြီး အရမ်းချစ် ရတဲ့ မိဖုရားခေါင်ကြီးပဲ။ သူနဲ့ မင်းကြီးကြား မညှပ်မိစေနဲ့။ သူလာရင် ကမာက ရှောင်ပေးလိုက်နော်။ သူ အမျက်ရှရင် ကမာ အသတ်ခံရလိမ့်မယ်။"

"ဟုတ်ကဲ့ပါ အကိုလေး။ ဒါနဲ့ အကိုကြီး ဘယ်ကိုခရီးထွက်သွားတာလဲ ဟင်။"

"မင်းကြီး အမိန့်နဲ့ တောင်ပိုင်းကိုပါ။ "

"အကိုကြီးကိုယ်တိုင်သွားရတာလား အကိုလေး။"

"အင်း ...မိဖုရားသွားရှာတာဆိုတော့ အရေးကြီးတယ်လေ။"

"သြော် မိဖုရားသွားရှာတာဆိုတော့ မင်းကြီးက မိဖုရားအသစ်ကောက်တော့မှာပေါ့နော်။"
တင်မော်ရင် စကားကို လွှဲလိုက်ပြီး ကမာကို ပထမနေ့ အတွေ့အကြုံကို မေးလိုက်သည်။ မင်းကြီးနှင့် အတူ စားသောက်ခိုင်းသည်ဆိုတော့ စိတ်ပူလာသည်။ မင်းကြီးက ကမာကို လက်မလျှော့ပါလားဟု သိသွားသည်။
ကမာကို ထပ်ပြီး သတိပေးသည်။
"ကျောက်မိဖုရား ဘယ်လိုဆက်ဆံဆက်ဆံ သည်းခံလိုက်နော်။ အကိုကြီး မရှိတုန်း ကမာကို သူတို့ လုပ်ကြံမှာစိုးရတယ်။"

ကမာ ခေါင်းငြိမ့်လိုက်သည်။ အကိုလေး စိုးရိမ်သည်ကို နားမလည်ပေ။ သို့သော် မွန်ဂိုနန်းတွင်းက မိမိထင်သည်ထက် ရှုပ်ထွေးပုံရသည်။ ထို့ကြောင့် အကိုလေး၏ စကားကို တသွေမတိမ်းနာခံ မည်ဟု ဆုံးဖြတ်ထားသည်။ မိမိကို အကိုကြီးကယ်လာကတည်းက မိမိအသက်ကို အကိုကြီးတို့ ညီအစ်ကို ပိုင်သည်။ သူတို့အတွှက်ဆိုလျှင် မိမိအသက်ကို ပင်ပေးဝံ့သည်။
ဘာလိုလိုနှင့် နန်းတော်ထဲ ကမာ အခစားဝင်တာ တစ်လပြည့်ခဲ့လေပြီ။ တေးဟာခန်သည် ကမာ စာလွှာများရေးသည့်အချိန်ဆိုလျှင် မသိမသာ ငေးနေမိသည်။ ကောင်လေး၏ အသားအရေလေးများ၊ ကောင်လေး၏လှုပ်ရှားမှုများ။ ကောင်လေး၏ အပြုံးလေးများက မိမိကို တဖြည့်းဖြည်းညှို့ငင်နေ သည်။ မိမိအနားသို့လာတိုင်း ကမာ၏ ကိုယ်သင်းနံ့လေးကို ခိုးရှုရသည်မှာ ရင်ခုန်စရာကောင်းလှ သည်။ မိမိကို ၀ိုင်ခွက်ကမ်းပေးစဉ် ကမာ၏ လက်ဖျားလေးနှင့်ထိမိစဉ် တကိုယ်လုံး အေးခနဲဖြစ်သွား လောက်အောင် ခံစားရသည်။
နေ့ခင်း တမှေးမှေးတိုင်း နံဘေးမှ ကဗျာဖတ်ပြသံလေးကို စွဲလန်းသည်။ မိမိအနားတွင် ကမာရှိတိုင်း တေးဟာခန် စိတ်ကြည်လင်အေးချမ်းသည်။ ကမာကို အနားခေါ်ထားရင်း ကမာအပေါ် မိမိတို့ အချစ်များက ပိုပိုရင့်လာခဲ့သည်။
ညတိုင်း မိဖုရားများအဆောင်ကို အလှည့်ကျသွားသော်လည်း သူတို့နဲ့အတူနေတိုင်း ကမာ၏ မျက်နှာကို သာမြင်ယောင်နေသည်။ သူတို့နှင့်ချစ်တင်းနှောတိုင်း ကမာနှင့် ချစ်တင်းနှောနေသလို စိတ်ကူးယဉ်ကာ တခဏတာကို ဖြတ်ကျော်လာခဲ့သည်။
ကျောက်မိဖုရားထံသို့ ခဏသာသွားသည်။ သူမအဆောင်တွင် ညမအိပ်တာ ကြာလေပြီ။ ညစာကို တခါတလေ အတူစားသည်။ သူမအဆောင်တွင် ညအိပ်ဖို့ပြောတိုင်း တေးဟာခန် ငြင်းလိုက်သည်။ ကျောက်မိဖုရားက မင်းကြီးသွားအိပ်သည့် မိဖုရားများကို နှိပ်ကွပ်သည်။ အနောက်ဘက်အဆောင် တွင် မိဖုရားငယ်များမှာ မင်းကြီးလာအိပ်တိုင်း နောက်တနေ့ မိဖုရားကြီးက သူမအဆောင်ကို ခေါ်နှိပ်စက်ခံရတာ အစဉ်အလာလိုဖြစ်လို့နေပြီ။ ဘယ်သူမှလည်း မင်းကြီးသိအောင် မလျှောက်တင် ရဲကြပေ။ အားလုံးမှာ ကြိတ်ကာမျက်ရည်ကျနေရသည်။
ကျောက်မိဖုရားသည် ကမာကို နည်းနည်းတော့ သတိထားလာသည်။ မင်းကြီးက နေ့ခင်းတိုင်း အရမ်းကို ပျော်မြူးနေသည် မဟုတ်လား။ နေ့ခင်းအတူရှိတာဆိုလို့ အသစ်ခန့်လိုက်သော စာတော်ဖတ်အမှုထမ်းလေးပဲဖြစ်သည်။
ယခုတလော မိမိကို တိုင်းပြည်ရေးဝင်စွတ်ဖက်လို့ဆိုပြီး အဆောင်တွင် ပြင်းပြင်းထန်ထန်သတိပေး သွားကတည်းက ကျောက်မိဖုရား သတိထားနေသည်။ ဘုရင့်ဦးရီးတော်တို့ အဖွဲ့က နန်းတော်ထဲမှာ သြဇာကြီးလာခဲ့သည်။ မိမိနေရာတွင် အနောက်ဘက်အဆောင်မှ မိဖုရားများ ၀င်လုတာလုံးဝ မဖြစ် နိုင်ပေ။ ဘာကြောင့်လည်းဆိုတော့ ဘယ်မိဖုရား၏ ဆွေတော်မျိုးတော်မှ မင်းကြီးအပေါ် သြဇာ မလွှမ်းနိုင်ပေ။ လောလောဆည်တွင် မင်းကြီးပေါ် သြဇာလွှမ်းသူက အမတ်ချုပ်ကြီးနှင့် အမတ် တင်မော်ရင်ဖြစ်သည်။
အမတ်ချုပ်ကြီးက မင်းကြီးအကြိုက်ကို ဘာများပေးနေသလဲဟု စုံစမ်းသော်လည်း ဘာမှ မသိရပေ။ တင်မော်ရင်လည်း ဘုရင့်ထံဆက်သစရာ ညီမလည်း မရှိပေ။ ဘာကြောင့် မင်းကြီးယခုရက်ပိုင်း ချစ်သူ အသစ်တွေ့သလို ပျော်နေသည်ကို နားမလည်တော့ပေ။
နေ့လည်ခင်းတစ်ရက်တွင် ကျောက်မိဖုရားက မင်းကြီးထံ အခစားဝင်ခဲ့သည်။
"မင်းကြီး ဥယျာဉ်ထဲ ကြွချီသွားကြောင်းပါ မိဖုရားကြီး"
အတွင်းဝန်လေး၏ စကားကြောင့် ဥယျဉ်တော်ထဲ လိုက်လာခဲ့စဉ် မင်းကြီးက စာတော်ဖတ်လေးကို ထိုင်ထားခိုင်းပြီး ပန်းချီဆွဲနေသည်ကို တွေ့လိုက်သည်။ ပန်းချီဆွဲနေသော မင်းကြီး၏ ဟန်က အရမ်းကို ဈန်ဝင်နေသည့်ပုံပေါ်သည်။ ထိုပုံကို မိမိမတွေ့ခဲ့ဖူးပေ။ မင်းကြီးဆွဲသည့် ပုံတူက အရမ်းကို အသက်ဝင်ကာ လှပလွန်းလှသော မိန်းကလေးပုံဖြစ်သည်။ မျက်နှာက စာတော်ဖတ်အမှုထမ်းလေး ၏မျက်နှာဖြစ်နေသည်။

"မင်းကြီး မိဖုရားကြီးကြွလာပါတယ်။"
အတွင်းဝန်ကြီး၏ စကားကြောင့် မင်းကြီး၏ မျက်နှာက မကြည်သာရိပ်သမ်းသွားသည်။ ကျောက်မိဖုရားက ဒေါသထွက်သွားသော်လည်း အပြုံးမျက်နှာဖြင့် မင်းကြီးကို နူတ်ဆက်လိုက်သည်။

"မောင်တော်ကို ဂါရ၀ပြုပါတယ်.."

"ဘာကိစ္စရှိလို့လဲ မိဖုရားကြီး။"
မင်းကြီး၏ စကားက စိမ်းကားနေသည်။

"မောင်တော်နဲ့ အတူအေးအေးဆေးဆေး စကားပြောချင်လို့ လိုက်လာတာပါ။ "

"ညနေမှ ပြောလို့မရဘူးလား မိဖုရားကြီး။"

ကမာ ကမိဖုရားကို အရိုအသေပေးကာ အလိုက်တသိဖြင့် အခြားအတွင်းဝန်များဖြင့် ရှောင်ထွက်သွား လိုက်သည်။
ကျောက်မိဖုရားသည် မိန်းကလေးများထက် ချောမွေ့လှပလွန်းသော ကမာကို ငေးကြည့်ကာ မင်းကြီးကိုလျှောက်တင်လိုက်သည်။
"မောင်တော် မင်းကြီးအတွက် မိဖုရားအသစ် ရွေးမလားလို့ပါ။ မောင်တော့်ကို လာတိုင်ပင်တာပါ။"

တေးဟာခန်က လှောင်ရယ်ရယ်ကာ
"မိဖုရားသစ် မြှောက်ဖို့ဟုတ်လား။ မိဖုရားကြီးက ဘယ်တုန်းက သဘောထားကြီးသွားတာလဲ။ "

ကျောက်မိဖုရားက ဒေါသကို မျိုသိပ်ကာ
"မောင်တော် ဒိလိုမြင်တာ နှမတော် အရမ်းဝမ်းနည်းတယ် ။ နှမတော်က မောင်တော့အတွက် အကောင်းဆုံးလုပ်ပေးချင်တာပါ။"

တေးဟာခန်က ကျောက်မိဖုရားကို အေးစက်စွာပြောလိုက်သည်။
"ဒါဆို မင်း ကျုပ်ညသွားအိပ်တဲ့ မိဖုရားငယ်တွေကို နှိပ်စက်တာ ရပ်လိုက်တော့။ မဟုတ်ရင် အနောက်ဆောင် အုပ်ချုပ်ခွင့်ကို အခြားမိဖုရားလက်ထဲ ထည့်ရလိမ့်မယ်။ "

ကျောက်မိဖုရားက ဆတ်ခနဲဖြစ်သွားသည်။
"မောင်တော့်ကို ဘယ်သူ ကုန်းချောထားတာလဲ။ နှမတော် ဘယ်မိဖုရားကို မှ ခေါ်မနှိပ်စက်ပါဘူး။"
တေးဟာခန်က တင်းမာစွာပြောလိုက်သည်။
"အေး...ကျုပ်မိဖုရားတစ်ပါးပါး ကို မင်းအဆောင်ကို ခေါ်ခိုင်းပြီး သားပျက်ကျတယ်ဆိုတဲ့စကားသံ ထွက်လာရင် မင်းကို ကျုပ်လွှတ်တော်တင်ပြီး စီရင်ချက်ချခိုင်းမယ် ဆိုတာမှတ်ထားလိုက်။ "

ကျောက်မိဖုရားက ဒေါသဖြင့်မေးလိုက်သည်။
"နှမတော် ဘယ်မိဖုရားကို နှိပ်စက်နေလို့လဲ။"

"ချုးမိဖုရားကို မင်းအဆောင်ခေါ်ပြီး ကြမ်းတိုက်ခိုင်းတာ ဘာသဘောလဲ ကျောက်မိဖုရား..."
မင်းကြီး၏ အေးစက်သော အမေးက ကျောက်မိဖုရားကို ရင်ထိတ်သွားစေသည်။

"အဲ့ဒါ နှမတော်တိုက်တဲ့ လက်ဖက်ရည်ခွက်ကို မှောက်ကျခိုင်းလို့ ဒေါသထွက်ပြီး ခိုင်းလိုက်မိတာပါ မောင်တော်။ နှမတော်က သူတို့ကို ညိအစ်မလိုပဲ သဘောထားတာပါ။ "

"နောင် ငါ့ရဲ့ ဘယ်မိဖုရားကိုမှ မင်းလက်နဲ့ ထိဖို့မကြံနဲ့။ မင်းအကြောင်း ငါ ဘာမှ မသိဘူး မထင်နဲ့။ ဒါ နောက်ဆုံးဖြစ်ပါစေ။ အခု ပြောစရာမရှိရင်သွားတော့။ မင်းကျုပ်ရဲ့ အားလပ်ချိန်ကို အနှောက်အယှက်ပေးနေပြီ..."

ကျောက်မိဖုရားသည် မင်းကြီး၏ မျက်နှာထားနှင့် လေသံကြောင့် ဒေါသမျက်ရည်ဝဲကာ ထွက်လာ ခဲ့သည်။ ယခုစနစ်တွင် အမတ်ချုပ်ကြီးစနစ်ပါမည်ကို သိလိုက်သည်။ ချုးမိဖုရားက အမတ်ချုပ်ကြီး၏ ဖနီးဘက်မှ တော်သော တူမတော်တစ်ဦးဖြစ်သည်။ ထို့ကြောင့် ကျောက်မိဖုရားက ၇န်ငြိုးဖြင့် လက်တုန့်ပြန်ရန် လာခဲ့သည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now