မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၃၀)

5.4K 355 9
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၀)

မိမိကို ချစ်သည်ဟု အကိုကြီး မူးပြီးပြောနေတာ ဖြစ်ပါလိမ့်မည်။ မနက်နိုးလာလျှင် အကိုကြီး အားလုံးမေ့သွားမည်ဟု မျှော်လင်းရင်း ကမာအိပ်ပျော်သွားတော့သည်။

တင်တက်ရင်သည် နံနက်နေမြင့်သည်အထိ အိပ်ပျော်နေသဖြင့် လက်ထောက်လာနိုးမှ နိုးတော့ သည်။
"စစ်သူကြီး မင်းကြီးက နေ့လည် မြင်းစီးထွက်မယ်လို့ပြောပါတယ်။ အဲ့ဒါ ကျွန်တော် လမ်းကြောင်း တလျှောက်လုံခြုံရေးချလိုက်တော့မယ်."

တင်တက်ရင်သည် လက်ထောက်ကို တာဝန်ချရမည့်လူများကို ရွေးချယ်ပေးလိုက်ပြီး အမြန်ရေချိုး ကာ မင်းကြီးထံ အခစားဝင်လိုက်သည်။ မင်းကြီးက ပြုံးရွှင်စွာဖြင့် အခြားတပ်မှုးများနှင့် စကားပြော နေသည်။ တင်တက်ရင်ကို တွေ့သော် လှမ်းနူတ်ဆက်ပြီး

"ကိုယ်တော်တို့ အမဲလိုက်လည်းထွက်မယ်။ ညနေစာကို စံအိမ်ပြန်စားမယ်။ စစ်သူကြီး အားလုံးစီစဉ် ထားလိုက်ပါ။ "

"အမိန့်အတိုင်းပါ မင်းကြီး။"
တင်တက်ရင်သည် မင်းကြီးဘေးမှ ကမာကို တချက်လှမ်းကြည့်လိုက်သောအခါ မိမိဘက်လှမ်း မကြည့်ပဲ ရှောင်နေသည်ကို သတိထားမိလိုက်သည်။ ကမာ မျက်နှာနည်းနည်းနွမ်းနေသလိုထင် လိုက်သည်။

ညက အကြောင်းကို တင်တက်ရင် သတိရသွားသည်။ ကမာကို မိမိချစ်သည်ဟု ပြောလိုက်ပြီး မျိုသိပ်ထားသော အချစ်တို့ပေါက်ကွဲသွားသည်ကို ပြန်တွေးမိကာ သွေးတိုးနှုန်းမြန်လာသည်။ တင်တက်ရင်သည် မင်းကြီးရိပ်မိမည်စိုးသောကြောင့် လုံခြုံရေးကို စီစဉ်ရန် အကြောင်းပြပြီး အပြင်သို့ရှောင်ထွက်လာခဲ့သည်။

ညက ကမာမိမိအဆောင်ကို ဘယ်လိုရောက်လာသည်ကို မသိတော့ပေ။ ထို့ကြောင့် မိမိတပည့်ကို ခေါ်ကာ ကြိတ်မေးလိုက်သည်။
"သခင်ကြီး အရက်အရမ်းသောက်နေတာကို ကျွန်တော်ပြောလိုက်မိတော့ သခင်လေးက သခင်ကြီး ဆီကို လာကြည့်မယ်ပြောပြီး မနေ့ညက ယောကျာ်းလေးလိုဝတ်ပြီးထွက်သွားတာပါ။ "

တင်တက်ရင်သည် အိပ်မက်လိုလို ကမာကို မိမိချစ်လိုက်မိသည်က အိပ်မက်မဟုတ်မှန်းသေချာသွား တော့ ရင်ထဲ အေးတလှည့် နွေးတလှည့်ဖြစ်သွားသည်။ ကမာလေး မိမိကို စိတ်ဆိုးသွားပြီလား။ ရွံရှာ သွားပြီလားဟု တွေးကာ စစ်သူကြီးတန်မယ့်ဖြင့် ရင်ခုန်လာခဲ့သည်။

"ငါ့ အခန်းကို လာတာ ဘယ်သူတွေ့သေးလဲ။"

"ဘယ်သူမှ မတွေ့ပါဘူး သခင်ကြီး။ ဒီတစ်ဝိုက် ကျွန်တော်တို့ လူတွေပဲ စောင့်တာပါ "

"မနေ့က ငါ့အခန်းအပြင်မှာ တာဝန်ကျတာ ဘယ်သူလဲ။"

"ရဲမတ်လေး ယွီပါ"

"သူ့ကို ခေါ်လိုက်။"
တင်တက်ရင် သည် ယွီကို စောင့်ရင်း စိတ်မငြိမ်မသက်ဖြစ်နေမိသည်။ သူ ကမာကို ဘာတွေလုပ် လိုက်မိပါလိမ့်။ ဘယ်သူတွေများသိသွားသေးလဲဟုတွေးကာ ပူလောင်နေမိသည်။ မိမိအတွက် မဟုတ်။ ကမာ့အတွက်ကြောင့်ဖြစ်သည်။

"စစ်သူကြီး။ကျွန်တော်ေ၇ာက်ပါပြီ။"
တပ်သားလေးယွီက စစ်သူကြီးကို အရိုအသေပေးကာ လျှောက်တင်လိုက်သည်။ မိမိဘာအမှားများ လုပ်မိလို့လဲ ဆိုပြီး စိုးရိမ်နေမိသည်။

တင်တက်ရင်သည် ယွီကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မနေ့က မိဖုရားလာတော့ မင်းဘယ်မှာ စောင့်နေတာလဲ။ လုံခြုံရေးကို သေချာစောင့်ကြပ်ရဲ့လား။"

"ကျွန်တော်မျိုး မိဖုရားအမိန့်နဲ့ စစ်သူကြီးရဲ့ အဆောင်ပတ်လည် မှာလှည့်ပတ်စစ်ဆေးနေပါတယ်။ ဘယ်သူမှ ကပ်မလာပါဘူး။"

"မိဖုရားပြန်တော့ ဘယ်သူတွေ့သွားသေးလဲ။ မင်းလိုက်ပို့သေးလား။"

"ဘယ်သူမှ မတွေ့ပါဘူး။ မိဖုရားက သူ့ဖာသာပြန်သွားတာပါ။"

တင်တက်ရင်စိတ်အေးသွားသည်။ မိမိနှင့် ကမာဖြစ်သွားသည့်ကိစ္စကို ဘယ်သူမှမသိလိုက်ပေ။ တင်တက်ရင်သည် ယွီကို ချီးကျူးကာ နောင်ဒီလိုဝီရိယထားစောင့်ကြပ်ရန်ပြောပြီး ပြန်လွှတ်လိုက် သည်။ယွီသည် စစ်သူကြီး၏ချီးကျူးခြင်းခံလိုက်ရလို့ဝမ်းသာစွာပြန်သွားသည်။

တင်တက်ရင် သည် ကမာ့အပေါ် မိမိ၏ဖောက်ပြန်သောစိတ်ကို ကမာသိသွားသည့်အပြင် သူ ကလေး ကို မိမိချစ်တံဆိပ်ခပ်နှိပ်မိလိုက်သည်ကို သိသွားတော့ ရှေ့လျှောက် ဘယ်လိုဆက်လုပ် ရမည်ကို သေချာစဉ်းစားနေမိသည်။

ထို့ကြောင့် ကမာလေးက မိမိကို အကြည့်ခြင်းမဆုံပဲ ရှောင်နေတာပါလားဟု သိသွားသည်။

"စစ်သူကြီး မင်းကြီးတို့ထွက်ပါတော့မယ်။."

တင်တက်ရင် ထွက်လာခဲ့သည်။ ကမာကို မိဖုရားအ၀တ်နှင့်မဟုတ်ပဲ ယောက်ျားလေး အ၀တ်နှင့် တွေ့လိုက်ရသောအခါ တင်တက်ရင် ရင်သပ်ရှုမောဖြစ်သွားသည်။ နေရောင်က ကမာ့ကိုယ်ပေါ်တွင် တောက်ပစွာထိုးကျနေသည်။ ဖြူဖွေးသော အသားအရေက အပြာရောင်ပိုးသားဝတ်စုံနှင့်ဟပ်မိကာ တင့်တယ်လွန်းလှသည်။ ဆံပင်ကို ထုံးထားသဖြင့် သွယ်လျသောမျက်နှာလေးက ရှင်းရှင်းလင်းလင်း ပေါ်လွင်ကာ တင်တက်ရင်၏ မျက်လုံးထဲတွင် မိမိအသည်းနှလုံးကို ဆွဲငင်နေသလိုခံစားရသည်။

"မင်းကြီး..."

"ဟော...စစ်သူကြီးရောက်လာပြီ။ ကမာလေးက မြင်းစီးချင်လို့တဲ့။ ပြောလို့ကို မရဘူး။ မင်းလည်း ကိုယ်တော်တို့နဲ့ ထပ်ချပ်မကွာလိုက်ပေးဖို့လှမ်းခေါ်လိုက်တာ။ ကမာ မြင်းပေါ်က ပြုတ်ကျမှားစိုး လို့..."

တင်တက်ရင်သည် လှိုက်ခနဲခုန်သွားသော ရင်ကို မနည်းထိန်းကာ ခေါင်းငြိမ့်လိုက်ရသည်။

"သွားကြစို့။"

မင်းကြီးကို မြင်းပေါ်တွဲတင်ပြီးနောက် ထွက်ခဲ့ကြသည်။ကမာသည် အေးမြသောလေကိုရှုရင်း ပျော်မဆုံးဖြစ်နေသည်။ တင်တက်ရင်သည် ကမာ ၏ အပြုံးမျက်နှာလေးကို ကျေကျေနပ်နပ်ကြည့် ကာ ပျော်နေမိသည်။ အမဲလိုက်တော့ မင်းကြီးက သိပ်ပြီး ဒုန်းမစိုင်းနိုင်တော့ပေ။ ကမာကလည်း မင်းကြီးကို လှည့်ကြည့်ကာ မသွားပဲ ရှိနေသဖြင့် တေးဟာခန်က ကမာကို ပြောလိုက်သည်။

"သွား...ကမာ...ကိုယ်တော် ဒီနားမှာ ခဏနားလိုက်ဦးမယ်။"

ကမာ မြင်းကိုပြန်လှည့်လာပြီး ပြောလိုက်သည်။

"မင်းကြီးမောလို့လား။ ဒါဆိုပြန်ရအောင်လေ။"

"မပြန်ချင်သေးဘူး။ကိုယ်တော် နေပူလို့ သိပ်မသွားချင်တာ။ ဒါပေမယ့် သစ်ပင်ရိပ်မှာ စောင့်နေမယ်။ ကမာ အမဲရအောင်လိုက်ခဲ့လေ။ စစ်သူကြီး ကမာ့ကို အဖော်ပြပြီးလိုက်သွားပေးပါ။"

"အမိန့်အတိုင်းပါ မင်းကြီး။ "
တင်တက်ရင် မျက်နှာကို ဘာအမူအယာမှ မပေါ်အောင်ထိန်းကာ ပြောလိုက်သည်။ ကမာလည်း အတင်းငြင်းလျှင် မင်းကြီးစိတ်မကောင်းဖြစ်မည်စိုးသောကြောင့် ခေါင်းငြိမ့်ကာ မြင်းကို ဒရယ်အုပ်ရှိ ရာဘက်သို့ ဦးတည်ကာ ဒုန်းစိုင်းခဲ့လိုက်သည်။

"ကမာ...ဟိုဘက်ကိုလိုက်။ အကိုကြီး ဒီဘက်ကနေ ခြောက်ပေးလိုက်မယ်။"

ကမာ ဘာမှပြောခွင့်မရသေးခင် အကိုကြီး ဘယ်ဘက်ကို မြင်းဖြင့်စိုင်းသွားပြီး သားကောင်ခြောက် ပေးသည်။ ဒရယ်အုပ်က ကမာ့ဘက်ကို ပြေးလာတော့ မြှားဖြင့် ချိန်ကို ပစ်လိုက်သည်။ ပထမ မြှားချက်လွဲသွားတော့ နောက်ထပ်တစ်ချောင်းဖြင့် ပစ်မည်အပြု တင်တက်ရင်က မြင်းပေါ်မှ ပစ်လိုက်သော မြှားက ဒရယ်ကို ချက်ကောင်းမှန်ပြီး ဗိုင်းခနဲ ပစ်လဲသွားသည်။

"အကိုကြီး လက်ဖြောင့်လိုက်တာ။"

ကမာ ၀မ်းသာအားရဖြင့် အော်ပြောလိုက်မိသည်။အကိုကြီးက ကမာ့အနားထိမြင်းကိုဒုန်းစိုင်းလာပြီး ပြောလိုက်သည်။

"ကမာ မင်းလက်ရည်တွေ ကျသွားပြီ။ "

"ဟုတ်တယ် အကိုကြီး။ ဒါက ပထမဆုံးမြင်းပြန်စီးရတာ။ မြှားပြန်ပစ်ရတာပဲ။"

ကမာ မနေ့က အဖြစ်ကို မေ့ကာ ရယ်မောကာ ပြောလိုက်မိသည်။
တင်တက်ရင်သည် ကမာ့မျက်နှာလေးကို စေ့စေ့ကြည့်ကာ ပါးလေးကိုလှမ်းကိုင်လိုက်ပြီး မေးလိုက်သည်။

"မင်း နောင်တော်ကို စိတ်မဆိုးဘူးလား ကမာလေး"

တင်တက်ရင်၏ မျက်နှာက လေးနက်ကာ မျက်လုံးများက တောက်ပစူးရှလွန်းလှသည်။ ကမာ ဖြန်းခနဲ မျက်နှာနီရဲတက်လာခဲ့သည်။ မနေ့က အဖြစ်ကို အကိုကြီး မှတ်မိနေပါလားဟု တွေးကာ ရှက်သွား သည်။

"အကိုကြီး...."
ကမာ ထိုမျှသာပြောရသေးသည်။ တင်တက်ရင်က ကမာနှင့် မြင်းချင်းယှဉ်လိုက်ပြီး လှမ်းကာ နမ်းလိုက်သည်။ ကမာ လန့်ကာ ရုန်းသော်လည်း သူ့လက်များက လည်ဂုတ်ကို ချုပ်ထားသဖြင့် လှုပ်လို့မရပေ။ တင်တက်ရင်သည် စိတ်တိုင်းကျနမ်းပြီး ပြောလိုက်သည်။

"အကိုကြီး ကမာကို ချစ်တယ်။"

ကမာ မျက်ရည်ဝဲလာခဲ့သည်။ တကယ်ပဲ အကိုကြီးက မူးမူးနှင့်ပြောခဲ့ခြင်းမဟုတ်ခဲ့ပေ။ တကယ် မိမိကို မိန်းကလေးထင်ကာ ချစ်သွားသည်ဟူသော အသိက ကမာ့ကို မျက်ရည်ကျလာစေသည်။

"မင်း ဘာလို့မျက်ရည်ကျတာလဲ ကမာ။ ကိုယ့်အချစ်က မင်းကို နာကျင်စေသလား။"

တင်တက်ရင်စိတ်ထိခိုက်စွာမေးလိုက်သည်။ကမာ မျက်ရည်စီးကျလာပြီး ပြောလိုက်သည်။

"အကိုကြီးကပါ ကျွန်တော့်ကို မိန်းမတစ်ယောက်လိုမြင်နေတာ ရှက်တယ်။"

တင်တက်ရင်က ခေါင်းယမ်းကာ ကမာမထင်ထားသော စကားကို ပြောလိုက်သည်။

"မှားတယ်။ ကိုယ်က မင်းကို မိန်းကလေးလိုသဘောထားပြီးချစ်ခဲ့တာ မဟုတ်ဘူး။ မင်းကိုမင်းအမှတ် နဲ့ချစ်ခဲ့တာ။ မင်းကို ယောက်ျားလေးမှန်းသိသိကြီးနဲ့ ချစ်ခဲ့တာ။ "

ကမာ မျက်ရည်သုတ်ပြီးမေးလိုက်သည်။

"ကျွန်တော့်ကို ဘာလို့ချစ်ခဲ့တာလဲ။"

စစ်သူကြီးဖြေရကြပ်သွားသည်။

"မသိဘူး။ မင်းကို ဘာကြောင့်မှန်းမသိပဲ ချစ်မိသွားတယ်။ ပြီးတော့ မင်းကို အရမ်းချစ်မိတာ ကိုယ့်ဖာ သာလည်း မသိဘူး။ မင်းကြီးရဲ့ ရင်ခွင်ထဲ မင်းရောက်သွားပြီး မင်းကို လုံးဝဆုံးရှုံးလိုက်ရပြီလို့ သိလိုက်ကတည်းက ကိုယ့်ရင်ထဲမှာ ဓါးတစ်စင်းစိုက်ဝင်နေသလို ခံစားနေရတယ် ကမာ။ မော်ရင် ရဲ့ လက်ထပ်ပွဲမှာ မင်းနားအခြားကောင်တွေကပ်လာတာ၊ ရင်းရင်းနှီးနှီးစကားပြောတာကို မြင်တိုင်း ဒေါသထွက်နေခဲ့မှ မင်းကို သေလုမတတ်ချစ်နေမိတယ်ဆိုတာ ကိုယ့်ဖာသာ သိလာခဲ့တယ်။ "

တင်တက်ရင် စကားကို ခဏရပ်ကာ ကမာ့မျက်နှာကို အကဲခတ်လိုက်သည်။ ကမာ့မျက်လုံးထဲ မျက်ရည်များခြောက်သွားလေပြီ။ ကမာက ဘယ်လိုလုပ်ရမှန်း မသိဟန်ဖြင့် မိမိကို ငေးကြည့် နေသည်ကို တွေ့သော် တက်တက်ရင် ခိုင်မာစွာထပ်ပြောလိုက်သည်။

"မင်းကို ချစ်တဲ့စိတ်တွေ ပေါက်ကွဲမှာစိုးလို့ ကိုယ်မင်းကို ကိုယ့်အနားက အမြဲမောင်းထုတ်ခဲ့တယ် ကမာ။ ဒါပေမယ့် အခု ကိုယ်အဲ့လို မလုပ်တော့ဘူး။ မင်းကို ကိုယ်လက်လွှတ်မခံနိုင်တော့ဘူး။ မင်းကို ချစ်တယ်။ မင်းအချစ်ကို ရချင်တယ်။ ကိုယ်ရအောင် ကြိုးစားမယ်။"

ကမာ အလန့်တကြားလေး ဖြစ်သွားပြီး
"အကိုကြီး...ဘာတွေ ပြောနေတာလဲ။ မင်းကြိး သိရင် အကိုကြီး အသတ်ခံရလိမ့်မယ်။"

တင်တက်ရင် ကမာ့ကို စိုက်ကြည့်ကာ ပြတ်သားစွာပြောလိုက်သည်။
"မင်း မကျေနပ်ရင် မင်းကြီးကို လျှောက်တင်လိုက်လို့ရတယ် ကမာ။ ကိုယ်မင်းကို မပိုင်ဆိုင်ရမည့် အတူတူ ဒီလို သူများရင်ခွင်မှာ ရှိနေတာ မမြင်ချင်ဘူး။ အကိုကြီး အသေခံ လိုက်တော့မယ်။"

ကမာ မျက်ရည်ဝိုင်းလာတော့သည်။ စစ်တိုက်တော်သော အကိုကြီးက မိမိကို လွတ်လမ်းမရှိအောင် ချောင်ပိတ်ထားလေပြီ။

"ကျွန်တော် ဒီလို မိဖုရားဘ၀ကို လက်ခံတာ စည်းစိမ်မက်လို့မဟုတ်ဘူး။ အကိုကြီးတို့ကို အသက်ဘေးက လွတ်စေချင်လို့ပါ။ "
ကမာ ပြောရင်း မျက်ရည်ကျလေပြီ။ တင်တက်ရင်က ကမာ့မျက်ရည်လေးကို အနမ်းဖြင့်သုတ်ပေးကာ ပြောလိုက်သည်။

"မင်းကို အတင်းအကျပ်ရယူခဲ့လို့ မင်း အကိုကြီးကို မုန်းသလားကမာ။"

ကမာ သူ့ကို တွန်းလွှတ်ကာ ခံပြင်းစွာပြောသည်။

"အကိုကြီးကို မုန်းတယ်လို့ ဘာလို့ထင်ရတာလဲ"

"မင်း ကိုယ့်အကြည့်ကို ရှောင်နေလို့လေ။"

ကမာ သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။

"ကိုယ့် ကျေးဇူးရှင် အကိုကြီးက ကိုယ့်ကို ချစ်သူလိုချစ်တယ် ပြောပြီး အတင်းချစ်လွှတ်လိုက်တာ ကျွန်တော် ဘယ်လိုမျက်နှာမျိုးနဲ့ အကိုကြီးကို ပြုံးပြီး ပြန်ကြည့်ရမှာလဲ။ကျွန်တော် အရမ်းရှက် တယ်။ပြီးတော့် စိတ်ရှုပ်နေတယ်။ "

တင်တက်ရင်သည် ကမာ့မျက်နှာလေးကို လက်နှင့်ကိုင်ကာ ပြောလိုက်သည်။

"ဒါဆို အကိုကြီးကို စိတ်နာနေလား။ အကိုကြီးဘာလုပ်ပေးရမလဲ။ ဒါဆို မင်းကြီးကို ကိုယ့်ဖာသာပဲ လျှောက်လိုက်တာကောင်းတယ်။ ကမာလေးကို စိတ်ရှုပ်အောင်လုပ်မိလို့အကိုကြီး သေဒဏ်ကို ခံယူပါ့မယ်."

တင်တက်ရင်ပြောပြီး မြင်းကို ဒုန်းစိုင်းသွားသဖြင့်ကမာ အလန့်တကြားလှမ်းအော်လိုက်သည်။

"အကိုကြီး...ကျွန်တော်...ပြောတာကို ဆုံးအောင် နားမထောင်တော့ဘူးလား။"

တင်တက်ရင်က မြင်းကိုဇက်သတ်ကာ လှည့်မေးလိုက်သည်။
"ဘာပြောမှာလဲ။ မင်းက အကိုကြီးကို ပြန်မချစ်နိုင်မှတော့ ကိုယ်သေတာပဲကောင်းတယ်။"

ကမာသည် အကိုကြီး၏ အကျပ်ကိုင်စကားကြောင့် ငိုချလိုက်သည်။ ငိုရင်းပြောလိုက်သည်။
"ဟင့်အင်း.. အကိုကြီး မသေရဘူး။"

တင်တက်ရင် အားတက်သွားသည်။ ကမာလေးကို စိုက်ကြည့်ကာ သေချာအောင်မေးလိုက်သည်။

"ဒါဆို ...ကမာ အကိုကြီး အချစ်ကို လက်ခံတယ်ပေါ့..."

ကမာ နူတ်ခမ်းကိုကိုက်လိုက်သည်။ နှင်းဆီရောင် နူတ်ခမ်းလေးက တုန်ယင်စွာဖြင့်ပြောခဲ့သည်။ တင်တက်ရင် အမျှော်လင့်ရဆုံး စကားတစ်ခွန်းကိုပေါ့။
"ဟုတ်ကဲ့..."

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now