မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၄၃)

4.6K 302 0
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄၃)

ကမာထိတ်လန့်သွားသည်။ ဘာကြောင့် ကလေးမလေးကိုသတ်မိန့်ပေးရတာလဲ။ သတ်မိန့်ကို ဘယ်သူပေးတာလဲ။ ကမာ တင်တက်ရင် အမိန့်ပေးသည်ကို သိလိုက်သည်။ ကမာ့ရင်ထဲ ဆို့နင့် သွားသည်။ ထီးနန်းလုပွဲမှာ ၁၁ နှစ်အရွယ် ကလေးမလေးက ဘာလုပ်နိုင်မှာမို့ အပြတ်ရှင်းရတာလဲ ဟု တွေးကာ ကမာ ငိုင်ကျသွားသည်။

"ကမာလေး။ ချူးချူးအကြောင်းကို မရီးတော်ပြောတယ်ဆိုတာ မောင်တော် မသိပါစေနဲ့နော်။ မောင်တော်သိရင် မရီးတော်ကို သတ်မှာ။ "
ကမာ ခေါင်းငြိမ့်လိုက်သည်။ မိမိဖာသာ သတင်းလိုက်စုံစမ်းမှ ဖြစ်တော့မည်။ ကမာသည် အနောက်ဆောင်ကို အုပ်ချုပ်ရသည့် အတွင်းဝန်ကြီးကို လိုက်ရှာသည်။ ထိုအတွင်းဝန် အသတ်ခံလိုက်ရသည်ဆိုတော့ အတွင်းဝန်ကြီး၏ တပည့်ကို လိုက်ရှာသည်။

"အတွင်းဝန်ကြီး။ ကျွန်တော် မေးစရာရှိလို့။ အချိန်ခဏပေးပါ။"

လက်ရှိအတွင်းဝန်နေရာကို ဆက်ခံနေသော လက်ထောက်အတွင်းဝန်လေးက ကမာ့ကို ရိုသေစွာ ဦးညွတ်ကာ အတွင်းခန်းထဲကို ခေါ်လာခဲ့သည်။

"အရှင့်သား သိလိုတာကို မေးတော်မူပါ။"

"ချူးချူး ဘယ်ရောက်သွားလဲ။အသတ်ခံလိုက်ရသလား။ "

"ကျွန်တော်မျိုးမသိပါဘူး။"

"မင်းက ချူးချူးရဲ့ အဆောင်မှာ တာဝန်ကျတာကို မြင်ဖူးတယ်။ မင်း သူ့သတင်းကို ဘာလို့မသိရတာလဲ။"

ထိုအတွင်းဝန်ငယ်က မျက်လွှာချကာ ပြန်ဖြေသည်။
"မင်းသမီးရဲ့ အဆောင်မှာ ကျွန်တော်မျိုးတာဝန်မကျတာ ကြာပါပြီ။ "

"ချူးချူးကို ကျွန်တော် စိုးရိမ်လို့မေးတာ။ သူ အန္တာရာယ်ကင်းရဲ့လား။ သူ့ကို သတ်လိုက်ပြီလား။ ကျွန်အဖြစ်ရောင်းစားလိုက်ပြီလား။"

အတွင်းဝန်က ကမာ့အမေးကို ကြားသော် ချက်ချင်း မြေပေါ်ပြားပြားဝပ်ကာ ခေါင်းကို မဖော်ဝံ့ တော့ပေ။
"အရှင့်သား သတ်လျှင်သေရမှာပါ။ ထားရင်နေရမှာပါ။ တပင်တိုင် မင်းသမီးအကြောင်း ကျွန်တော်မျိုး မသိပါဘူး။ "

ကမာသည် အတွင်းဝန်ကို ဆွဲထူပေးကာ သက်ပြင်းရှိုက်လိုက်မိသည်။ ဒါဆို ချူးချူးအသက်မသေ လောက်သေးပေ။ အတွင်းဝန် ဘာကြောင့် အကြောင်းမဲ့ကြောက်နေရသနည်းဟု တွေးလိုက်တော့ အကိုကြီးလည်း ချူးချူးကို လိုက်ရှာနေလို့ပဲဖြစ်မည်။

ဒါဆိုရင် မိမိလာမေးလို့ အတွင်းဝန်တခုခုအပြစ်ဒဏ်ကျနိုင်သည်ကို တွေးမိတော့ ကမာ သက်ပြင်း ၇ှိုက်ကာ လက်လျှော့လိုက်သည်။ အကိုကြီးက စိတ်မထင်လျှင် တကယ်သတ်နိုင်သည် မဟုတ်လား။

"အရှင့်သား ။ မင်းကြီး အရှင့်သားကို ရှာနေပါတယ်။"

ရဲမတ်တစ်ဦး လာခေါ်သဖြင့် ကမာ အမြန်ပြန်လာခဲ့သည်။ အဆောင်ထဲသို့ ၀င်လိုက်သည်နှင့် အကိုကြီးက ကမာ့ကို ပွေ့ချီကာ လေထဲဝှေ့ယမ်းလိုက်သည်။

"အကိုကြီး ...ရဲမတ်တွေရှိတယ်လေ။"

ကမာ ရှက်စနိုးနှင့်ပြောတော့ သူက သဘောကျစွာရယ်ကာ ကမာ့ပါးလေးကို နမ်းလိုက်ပြီး ရဲမတ်များကိုလှမ်းပြောလိုက်သည်။

"ကဲ..ကဲ...မင်းတို့ အားလုံးထွက်သွားကြ။ ကမာလေးက မင်းတို့ရှိရင် ကျူပ်ကို အနမ်းခံမှာ မဟုတ်ဘူး။"

ရဲမတ်အားလုံးထွက်သွားတော့ သူက ကမာ့ကို ပါးထိုးပေးကာ

"ပြန်နမ်းလေ။ ဘယ်သူမှ မရှိတော့ဘူး။"

"အကိုကြိးကို ပြန်နမ်းမယ်လို့ မပြောမိပါဘူးနော်။"

"တကယ်လား။ ဒါဆိုလာ... မနမ်းမချင်း ချစ်တာကို မရပ်ဘူး။"

တင်တက်ရင်က ကမာ့ကို ပွေ့ပြီး သလွန်ပေါ်တင်တော့ ကမာလန့်သွားသည်။
"အကိုကြီးနော်။ နေ့ခင်းကြီးကို။ နမ်းမယ်။ အင့်...ရွှတ်"
ကမာ သူ့ပါးကို အမြန်နမ်းလိုက်တော့မှ သူက သဘောကျစွာရယ်မောကာ လွှတ်ပေးလိုက်သည်။

"လာ။ ကမာ့အတွက် ဌက်သိုက် ပေါင်းခိုင်းထားတယ်။ ပြီးတော့ ကမာကြိုက်တဲ့ ဟင်းအားလုံး စီစဉ်ထားတယ်။ ပြောပါဦး။ ကမာလေး ဘယ်တွေ လျှောက်သွားနေတာလဲ။"

ကမာသည် သူ့ပန်းကန်ထဲ ဟင်းထည့်ပေးပြီး အမှန်အတိုင်းမေးလိုက်သည်။

"ချူးချူးသတင်းကို လိုက်မေးနေတာပါ။"

သူက ကမာ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ဘာလို့ ချူးချူးကို လိုက်ရှာနေတာလဲ။"

"သြော် အကိုကြီးရယ်။ သူ့မှာ ခမည်းတော်ရော။ မယ်တော်ရော မရှိတော့လို့ စိုးရိမ်လို့ပါ။"

တင်တက်ရင်သည် တူ၊ပန်းကန်ကို ချကာ ကမာ့လက်ကို ဆုပ်ကိုင်ကာ တင်းမာစွာပြောလိုက်သည်။

"ကမာ သူ့ကို သံယောဇဉ်ရှိနေလို့လား။ ရန်သူ့သွေးကို။ သူက သူ့မယ်တော် အသတ်ခံရလို့ ကျေနပ်မှာ မဟုတ်ဘူး။ အမတ်ချုပ်ကြီးလူတွေနဲ့ပေါင်းမိရင် တနေ့နေ့ ကမာ့ကို လာလုပ်ကြံ လိမ့်မယ်။ အဲ့ကလေးမလေးကို အကိုကြီး တခါတည်း အပြတ်ရှင်းခိုင်းတာ လွတ်ထွက် သွားသေးတယ်။"

ကမာသည် အကိုကြီး၏ လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်လိုက်သည်။
"ကမာ သူ့ကို သနားတာပါ အကိုကြီးရယ်။ ကမာတို့ အဖြစ်နဲ့ကိုယ်ချင်းစာမိလို့ပါ။"

တင်တက်ရင်က မျက်နှာပျက်သွားသည်။
"အကိုကြီးက ကမာ့အတွက် နန်းသိမ်းတာကိုသိတယ်နော်။ ကိုယ်က ဘုရင်ဖြစ်ချင်လို့ မဟုတ်ဘူး။ ကမာ့ကို ပိုင်ဆိုင်ချင်လို့ ဒီနေရာကို အရယူတာ။ ရှင်းသင့်တာကိုတော့ရှင်းရမှာပဲ။ မင်းမျက်လုံးထဲမှာ အကိုကြီးက လူရိုင်းကြီးဖြစ်နေပြီလား ကမာလေး။"

ကမာ သူ့ကို နှစ်သိမ့်လိုက်သည်။
"မထင်ပါဘူး အကိုကြီးရယ်။ အကိုကြိးစေတနာကို သိပါတယ်။"

"ကောင်းပြီ။ ဒါဆို အရင်မင်းကြီးနဲ့ ပတ်သတ်တာတွေ လိုက်မစုံစမ်းနဲ့။ ကမာလေး လုပ်ရမှာက ဒီနန်းတော်ထဲမှာ စည်းစိမ်ခံစားဖို့ပဲ။ ကမာလေး ဘယ်ယောကျာ်း၊ ဘယ်မိန်းမကိုမှ ချစ်ခွင့်မရှိတာ လွဲရင် အားလုံး ကမာလုပ်ချင်တာ လုပ်နိုင်တယ်။"

ကမာ သက်ပြင်းရှိုက်မိလိုက်သည်။ ထိုစဉ် စစ်သူကြီးတစ်ဥိး အခစားဝင်လာသည်။
"မင်းကြီး။ အနောက်တောင်နယ်က နယ်စားက မင်းကြီးကို အညံ့ခံလာပါတယ်။ "

"အေး။ အခုလာခဲ့မယ်။ ကမာလေး။ အကိုကြီးကို ခွင့်ပြုဦးနော်။ အနောက်တောင် နယ်စားကို ရရင် အကိုကြီးတောင်ပိုင်းနယ်ကို ထိန်းလို့ရပြီ။"

အကိုကြီးထွက်သွားတော့ ကမာ ထမင်းကို လက်စသတ်ကာ အကိုလေးထံသို့ထွက်လာခဲ့သည်။

"အိမ်ရှေ့မင်း ဘယ်မှာလဲ။"

"အိမ်ရှေ့ကိုယ်တော်ကြီး အရေးကြီးအစည်းအဝေး ပြုလုပ်နေပါတယ် အရှင့်သား။"

အတွင်းဝန်က ပြန်ဖြေလိုက်သည်.။ ကမာ လက်လျှော့ကာ အဆောင်ကို ပြန်လာခဲ့သည်။ အဆောင်တော်တွင် အကိုကြီးပို့ထားသည့် ရတနာများ၊ ပိုးထည်များက တောင်လိုပုံနေသည်။
ကမာ ဒါတွေကို စိတ်မ၀င်စားပါ။ မင်းသမီးလေးကို အသက်ဘေးမှလွတ်မလွတ်ကိုသာ တွေးနေသည်။

ထိုစဉ် ကမာထိုင်နေကျ ပြတင်းပေါက်နားသို့ ခဲတစ်လုံးကျလာခဲ့သည်။ ကမာ လှည့်ကြည့်လိုက်တော့ မည်သူ့ကိုမှ မတွေ့ရပေ။ ခဲလုံးတွင် စာတစ်စောင်ပါသောကြောင့် ကမာ အသာလေး ယူထားကာ လူအလစ် ဖွင့်ဖတ်လိုက်သည်။

ထိုစာကိုဖတ်ပြီးသည်နှင့် ကမာ အရေးတကြီးနှင့် မိမိတို့ အရင်စံအိမ်ဟောင်းကို ပြန်လာခဲ့သည်။ အတွင်းဝန်ကြီးကို မိမိဘယ်သွားသည်ကိုပြောပြီးထွက်လာခဲ့သည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၃)-ပထမပိုင်း

ကမာ၏ ရင်အစုံတထိတ်ထိတ်ခုန်နေသည်။ မိမိနှင့်အတူပါ လာသော ကိုယ်ရံတော်ကို သင့်တော် သလိုပြောကာ အိမ်အပြင်တွင်စောင့်နေစေသည်။ အိမ်တော်ဟောင်းကို စောင့်နေသာ အစောင့်က ကမာမင်းသားရုတ်တရက်ရောက်လာသဖြင့် အံ့အားသင့်နေသည်။
"သခင်လေး..."

ကမာသည် အစောင့်ကို မေးလိုက်သည်။
"ဒီမှာ သခင်လေးကို စောင့်နေတဲ့ ဧည့်သည်မရှိဘူးလား။"

အစောင့်က ထိတ်လန့်သွားပြီး ပြန်ကမာ့ကို ပြန်မေးလိုက်သည်။

"သခင်လေး ဘယ်လိုသိတာလဲ။"
ကမာသည် အစောင့်ကို နှစ်သိမ့်လိုက်သည်။

"စိတ်ချပါ။ သခင်လေးက ကူညီချင်လို့ပါ။ မင်းသမီးလေး ချူးချူးဘယ်မှာလဲ။"

အစောင့်က အလန့်တကြားအနောက်ကိုလှည့်ကြည့်ကာ ကမာ့ကို တီးတိုးပြောလိုက်သည်။
"သခင်လေး ကျွန်တော့်နောက်က လိုက်ခဲ့ပါ။"

ကမာသည် အိမ်တော်၏ အနောက်ဘက် ခြံလေးထဲမှ အစောင့်တဲလေးကိုရောက်လာခဲ့သည်။
"ဦးကြီး သခင်လေး ရောက်လာပြီ။"

"သခင်လေး...ကျွန်တော်မျိုး ထပြီးဂါရ၀မပြုနိုင်တာ ခွင့်လွှတ်ပေးပါ။ "

"အတွင်းဝန်နွီ။ အတွင်းဝန်ကြီး ဘယ်လိုဖြစ်တာလဲ။ မင်းသမီးလေး ချူးချူးဘယ်မှာလဲ။"
အတွင်းဝန်ကြီးက ချောင်းဆိုးရင်းသွေးအန်လာသဖြင့်ကမာ ကပျာကယာ ရေဌဲ့ကာတိုက်ပေးပြီး ကျောကိုပုတ်ပေးလိုက်သည်။
"သခင်လေး။ မင်းသမီးကို ကယ်ပေးပါ။ "

"စိတ်အေးအေးထားပါ။ ချူးချူးကို ကျွန်တော် ကယ်ပေးပါ့မယ်။ သူ အခုဘယ်မှာလဲ။ အတွင်းဝန်ကြီးက ချူးချူးကို ဘယ်လိုကယ်ထားတာလဲ။"

နွီရှင်းပြသည်။
"အရင်မင်းကြီးက ကျွန်တော့်အပေါ် ကျေးဇူးအများကြီးရှိပါတယ်။ မင်းကြီးရဲ့ ကျေးဇူးကို ပြန်ဆပ်
ဖို့ မင်းသမီးလေးကို ကယ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တာပါ။ မင်းသမီးလေးကို လိုက်သတ်တဲ့ ရဲမက်လက်ချက်နဲ့ ကျွန်တော် ဓါးဒဏ်ရာရခဲ့တာပါ။ ဘယ်ကို ပြေးရမှန်းမသိလို့ ကျွန်တော့် တူလေးဆီမှာ လာခိုလှုံနေရတာပါ။ မင်းသမီးလေးကို စစ်သူကြီးက သည်းသည်းမည်းမည်း လိုက်သတ် နေလို့ ဘယ်သူမှ လက်မခံထားရဲကြဘူး။ ဒါကြောင့် သူ့ကို ဆောင်ကြာမြိုင်မှာ ၀ှက်ထားရတာပါ။ သခင်လေး။ အရင်မင်းကြီးက သခင်လေးကို အရမ်းချစ်ခဲ့တာ ထောက်ပြီး မင်းသမီးလေးကို ကယ်တင်ပေးပါ။ "

ကမာသည် အတွင်းဝန်နွီ၏ စကားကိုကြားသော် သက်ပြင်းရှိုက်လိုက်မိသည်။

"စိတ်ချပါ။ ကျွန်တော် မင်းသမီးလေးကို စောင့်ရှောက်ပေးပါ့မယ်။ အတွင်းဝန်ကြီးကို သမားတော် ခေါ်ပြီးကုပေးပါ့မယ်။ အားတင်းထားပါ။"

အတွင်းဝန်ကြီးက ကမာ့ထံမှ ကတိကိုရတော့ တင်းထားသည်ကို လျှော့လိုက်ပုံရသည်။ ပြုံးရင်း
"ကျေးဇူးတင်ပါတယ် သခင်လေး ကမာ။ နောင်ဘ၀မှ သခင်လေးရဲ့ ကျေးဇူးကို ပြန်လာဆပ်ပေး ပါရစေဗျာ။ မင်းသမီးလေးကို သခင်လေး လက်ထဲစိတ်ချလက်ချ ထားခဲ့တော့မယ်...ကျွန်တော် မင်းကြီးနဲ့ တွေ့ရင် သခင်လေး အကြောင်းကို လျှောက်လိုက်ပါ့မယ်။ မင်းကြီးက နှင်းမိဖုရားကို ချစ်ခဲ့တာ အလကားမဖြစ်ပါဘူး...သခင်လေး..."

အတွင်းဝန်ကြီး ထိုစကားကိုပြောပြီး ချောင်းဆိုးရင်း အမောဖောက်လာခဲ့သည်။ ကမာ က သမားတော် ခေါ်ရန်ထမည်အပြု အတွင်းဝန်ကြီးက အတင်းလက်ကို ဆွဲထားကာ တားသည်။

"မ..ခေါ်...ပါ...နဲ့.... မင်းသမီး...အကြောင်း...ရိပ်...မိ...သွားလိမ့်...အဟွတ်...အဟွတ်...ဝေါ့...."

အတွင်းဝန်ကြီးက မင်းသမီးအကြောင်းသိသွားမည်စိုးသောကြောင့် ကမာ့လက်ကို အတင်းဆွဲ
ထားရင်း အသက်ထွက်သွားတော့သည်။

"ဦးကြီး။ ဦးကြီး...ဟီး...အီး...အီး.."
အစောင့်လေးက ၀မ်းနည်းပန်းနည်းငိုကြွေးတော့သည်။ ကမာ သက်ပြင်းရှိုက်ကာ အတွင်းဝန်ကြီး၏ မျက်လုံးကို မှိတ်ပေးလိုက်တော့သည်။

အစောင့်ကို မင်းသမီးလေး ရှိသည့် ဆောင်ကြာမြိုင်ကို မေးထားလိုက်သည်။ လောလောဆည် မိမိသွားလို့ရမည် မဟုတ်ပေ။ အကိုကြီး၏ ကိုယ်ရံတော်များက ထပ်ချပ်မခွာစောင့်နေသည် မဟုတ်လား။ ပြီးတော့် မိမိ အိမ်တော်ဟောင်းတွင် နေခွင့်ရမှ ချူးချူးလေးကို ခေါ်ကာ စောင့်
ရှောက်မည်ဟု တွေးကာ အတွင်းဝန်ကြီးအလောင်းကို တိတ်တဆိတ်မြှုပ်ရန် မှာကြားခဲ့သည်။

ကမာ အကိုလေးထံသို့ထွက်လာခဲ့သည်။ အကိုလေးနှင့် အသင့်တွေ့သောကြောင့် ခွင့်တောင်း လိုက်သည်။
"အကိုလေး။ ကျွန်တော် စကားနည်းနည်းပြောစရာရှိလို့ပါ။"

"ပြောလေ။ ဘာများလဲ။"
တင်မော်ရင်က ကမာကို ပြုံးကြည့်ရင်းပြောလိုက်သည်။

"ကျွန်တော် မိဖုရားခေါင်မလုပ်ချင်ဘူး။ အဲ့ဒါ အကိုကြီးကို ပြောပေးပါ။"
ကမာ ပြောလိုက်သည်နှင့် တင်မော်ရင် ကြက်သေသေသွားသည်။

"မင်းဘယ်လိုပြောလိုက်တာလဲ ကမာ။ အကိုကြီး မင်းကိုဘယ်လောက်ချစ်တယ်ဆိုတာကို မင်းသိ လျက်နဲ့။ ဒါဆို မင်းအကိုကြီးကို ဘာကြောင့်လက်ခံခဲ့တာလဲ ကမာ။ မင်း အကိုကြီးကို အပြတ်ငြင်း လိုက်ပါတော့လား။"

ကမာသည် အကိုလေးကို အားနာစွာကြည့်ကာ ပြောလိုက်သည်။

"အကိုကြီး ကျွန်တော့်ကို အရမ်းချစ်လို့ ဒီလောက်ကြိုးစားခဲ့တာကို သိပါတယ်။ အကိုကြီးကိုလည်း ကျွန်တော်ချစ်ပါတယ်။"

တင်မော်ရင် သက်ပြင်းချလိုက်မိသည်။ တော်သေးသည်။ ကမာလေး က အကိုကြီးကိုချစ်လို့။ မဟုတ်လျှင် အကိုကြီး ရူးသွားမည်ထင်သည်။

"ဒါနဲ့များ ဘာလို့ငြင်းရတာလဲ ကမာရယ်။ အကိုကြီးက ထီးနန်းကို မက်လို့မဟုတ်ဘူး။ မင်းကို လွတ်လပ်စေချင်လို့ ဒီနေရာကို အရယူခဲ့တာ။သူက မင်းကို မိဖုရားခေါင်ကြီးတင်မကဘူး။ ဧကရီ ဘုရင်မကြီးနေရာကို တင်မြှောက်မှာ။ မင်းဘေးကနေ သူက တိုင်းပြည်ကို အုပ်ချုပ်ပေးမှာ ကမာ။ မင်းတို့ မျိုးနွယ်တွေ အားလုံးကို ပြန်ရှာပေးဖို့ပါ စီစဉ်ထားတာ။ မင်းက အခု အကိုကြီးရဲ့ ဧကရီ မလုပ်ချင်ဘူးလို့ ဘာလို့ပြောနေရတာလဲကွယ်။ "

ကမာ မျက်ရည်ဝဲလာသည်။ သို့သော် မိမိဆိုလိုချင်သည်ကို ရှင်းအောင်ပြောလိုက်သည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now