မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၂၂)

5.2K 360 2
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၂)

တင်တက်ရင်သည် ညီတော်နှင့်စကားစဖြတ်ကာ နန်းတော်ထဲ အခစားဝင်ရန်ထွက်ခဲ့သည်။ ညီဖြစ်သူ မိမိကို မယုံသင်္ကာဖြစ်နေပြီ။ တင်တက်ရင် သက်ပြင်းကို ခိုးချလိုက်မိသည်။ အပြင်ပန်းကတော့ ဘာကိုမှ မခံစားရသလို ဟန်ဆောင်နေရသည်။ နန်းတော်နားနီးလာသည်နှင့် ကမာနှင့် မင်းကြီး အကြောင်းကို သတိရကာ ရင်ကနာလာပြန်သည်။

ထိုစဉ် မင်းကြီး၏ အတွင်းဝန်ကြီးက တင်တက်ရင်ကို လှမ်းခေါ်လိုက်သဖြင့် မော်ရင်နှင့် လမ်းခွဲကာ သွားတွေ့လိုက်သည်။
"မင်းကြီးခေါ်ခိုင်းလိုက်လို့။"

တင်တက်ရင် ခေါင်းငြိမ့်ကာ နောက်မှ လိုက်ခဲ့သည်။ မင်းကြီးသီးသန့်ဘာပြောချင်မှန်းမသိပေ။

"ကျွန်တော်မျိုးရောက်ပါပြီ မင်းကြီး"

"တင်တက်ရင် မနေ့က ကမာ နန်းတော်ကို ပြန်ရောက်တော့ မျက်နှုာမကောင်းဘူး။ "

မင်းကြီးက ပြောသည်ကို တင်တက်ရင် ဘာမှ ပြန်မဖြေပေ။ ဖြေရန်လည်းမလိုသေးပေ။

"မင်းက ကမာကို မိဖုရားလို့ခေါ်လိုက်တာကို ကမာ စိတ်မကောင်းဖြစ်နေတယ်။ "

မင်းကြီးက ပြောရင်း စစ်သူကြီးမျက်နှာကို အကဲခတ်နေသည်။
တင်တက်ရင်က မင်းကြိးက လျှောက်လိုက်သည်။

"မှန်လှပါ မင်းကြီး။ ကမာက ကျွန်တော်မျိုးတို့ညီငယ်ဖြစ်ပေမယ့် အခု သူက နှင်းမိဖုရားဖြစ်နေပြီ။ ဒါကြောင့် ကျွန်တော်မျိုးသူ့ကို ရိုသေစွာဆက်ဆံခြင်းဖြစ်ပါတယ်။ "

တေးဟာခန်သည် တင်တက်ရင်၏ လျှောက်တင်ချက်ကြောင့် ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။

"မင်းပြောတာကို ကိုယ်တော် နားလည်တယ်။ ဒါပေမယ့်ကိုယ်တော်က ကမာကို ပျော်စေချင်တယ်။ မင်းဆီလာရင် သူ့ကို အရင်လိုပဲ ဆက်ဆံပေးပါ ။ သူက အကိုတွေရဲ့ ချစ်ခင်ကြင်နာမှုကို တောင့်တ နေတယ်။ "

"မသင့်တော်ပါ မင်းကြီး။ မိဖုရားတပါးကို ကျွန်တော်မျိုးတို့ ညီလို မဆက်ဆံနိုင်ပါဘူး။"

တင်တက်ရင် ခေါင်းမာစွာ ငြင်းသည်။ မဖြစ်နိုင်ပါ။ မိမိ နားကို ကမာလာလို့ မဖြစ်ပေ။ သူနဲ့ ဝေးဝေး နေမှ။ မတော် မိမိစိတ်ဖောက်ပြန်နေသည်ကို ကမာသိသွားလျှင် မိမိမျက်နှာ ဘယ်ထားရမှန်း သိမည် မဟုတ်ပေ။

တေးဟာခန် စိတ်မရှည်တော့ပေ။

"ဒါ ကိုယ်တော့်အမိန့်ပဲ။ ကမာ မင်းဆီလာရင် ယောက်ျားလေးလို ၀တ်ပြီးလာလိမ့်မယ်။ သူ့ကို ညီလေးကို ဆက်ဆံပါ။"

တင်တက်ရင် အံ့သြသွားသည်။

"မင်းကြီး။ ကမာကို ယောက်ျားလေးလိုပြန်ဝတ်ခွင့်ပေးတာ ကျန်မိဖုရားတွေ သိရင် စကားများ လာနိုင်ပါတယ်။ အမတ်တွေလည်းပြောလာနိုင်ပါတယ်။"

"ကမာက မင်းတို့အိမ်တော်ထဲမှာပဲ ၀တ်လိမ့်မယ်။ သူ့ကို ကောင်းကောင်းဆက်ဆံပေးပါ စစ်သူကြိး။ ကမာ ပျော်ရင် ကိုယ်တော်ပျော်တယ်။"

တေးဟာခန်၏ စကားကိုကြားသော် တင်တက်ရင် သက်ပြင်းရှိုက်မိသည်။ မင်းကြီးက ကမာကို တကယ်ချစ်သည်ကို သိရတော့ ရင်နာသည့် ကြားမှ ကျေနပ်ရသေးသည်။

"အမိန့်တော် အတိုင်းပါ မင်းကြီး ။ကျွန်တော်မျိုးတို့ကမာကို စိတ်ချမ်းသာအောင် ထားပါ့မယ်။"

တေးဟာခန် ကျေနပ်သွားသည်။ စိတ်တော့မကောင်းသော်လည်းကမာကို ပျော်အောင်ထားနိုင်မည် ဆိုရင် ဘာမဆိုလုပ်ဖို့ဝန်မလေးပါ။

ညီလာခံပြီးတော့ တင်တက်ရင် စစ်ရုံးသို့သွားပြီး နယ်စပ်ဒေသလုပ်ခဲ့သည်များကို အသေးစိတ် ရေးသည်။ မင်းကြီထံ တင်သွင်းရမည်ကို ပြုစုသည်။ ညနေစောင်းသည်အထိ အလုပ်ထဲနစ်နေသဖြင့် အိမ်တော်ထိန်းကြီးလိုက်လာခဲ့သည်။

"သခင်ကြီး သခင်လေးက ထမင်းစားဖို့ အိမ်မှာစောင့်နေပါတယ်။"

"အေး..အေး..ပြီးရင်လာခဲ့မယ်လို့ပြောလိုက်။ မဟုတ်ရင်လည်း စားနှင့်လိုက်လို့ပြောလိုက်ကွာ။"

တင်တက်ရင်က မော့မကြည့်ပဲ ပြန်ဖြေလိုက်သည်။အိမ်တော်ထိန်းကြီးက ထွက်မသွားသဖြင့် ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်။

"ဘာလဲ အိမ်တော်ထိန်းကြီး။ ဘာပြောစရာရှိလို့လဲ။"

အိမ်တော်ထိန်းကြီးက အနားမှာလူတွေရှိနေလို့ မပြောပဲရှိနေသောအခါ တင်တက်ရင်သဘောပေါက် သွားသည်။ စောင့်နေသူက တင်မော်ရင်မဟုတ်ပေ။
တင်တက်ရင် သက်ပြင်းရှိုက်လိုက်ကာ

"ကျုပ်အလုပ်များနေတယ် ပြောလိုက်။ "

အိမ်တော်ထိန်းကြီးက ထွက်မသွားပဲ ဆက်ရပ်နေသဖြင့် တင်တက်ရင်ဒေါသထွက်လာသည်။

"ဒါက ဘာဖြစ်ရပြန်တာလဲ။"

"အမတ်ကြီးက သခင်ကြိးကို စောင့်ခေါ်ဖို့မှာလိုက်လို့ပါ။"

အိမ်တော်ထိန်းက မ၀ံ့မရဲ လျှောက်တင်လိုက်သည်။ တင်တက်ရင် စာလိပ်များကို စားပွဲပေါ်ပစ် တင်လိုက်စဉ် လက်ထောက်လေးများက စစ်သူကြီးဒေါသထွက်သည်ကို သိလို့ အပြင်သို့ ထွက် သွားကြသည်။ တင်တက်ရင် ထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး သက်ပြင်းရှိုက်လိုက်သည်။

လာမည့်ဘေး ပြေးတွေ့လိုက်တာပဲ ကောင်းမည်။
"ကောင်းပြီ။ အရှေ့က စောင့်နေ။ ကျူပ်အလုပ်လက်စသတ်ပြီး ထွက်လာခဲ့မယ်။"

တင်တက်ရင်ပြောပြီး လက်ထောက်စစ်သူကြိးများကိုလှမ်းခေါ်ကာ ဆက်လုပ်ရမည်ကို ခိုင်းထားပြီး အိမ်တော်ထိန်းကြီးနှင့် အတူပြန်လာခဲ့သည်။ အိမ်နှင့်နီးလာလေ။ ရင်ဘတ်က အောင့်လာလေ ဖြစ်သည်။ တင်တက်ရင် အံကြိတ်ကာ အိမ်ထဲဝင်လာလိုက်စဉ် အိမ်အပေါက်ဝတွင် မိမိ မမြင်တာ တနှစ်နီးပါးရှိသည့် ကမာ့ပုံလေးကို ပြန်တွေ့လိုက်ရသည်။

ဆံပင်ကို ထုံးဖွဲ့ကာ ယောကျာ်းလေးဝတ်စုံက ချပ်ချပ်ရပ်ရပ်ဖြင့် အင်မတန် ချောမောခန့်ညားသည့် မိမိညီလေး ကမာကို တွေ့လိုက်ရသည်။

"အကိုကြီး..."
ကမာ တင်တက်ရင်ကို ပြုံးကာ နူတ်ဆက်လိုက်သည်။

တင်တက်ရင်သည် ကမာကို မြင်သော် စိတ်မထိန်းနိုင်တော့ပဲ လှမ်းဖက်ကာ တီးတိုးပြောလိုက်မိသည်။

"အရမ်းလွမ်းတယ် ညီလေး ကမာ။ မင်းကို အကိုကြီး သတိရလိုက်တာကွာ.."

ကမာ ပျော်သွားသည်။ အကိုကြီး၏ စကားကိုကြားသော် မင်းကြီးရင်ခွင်ကြားမိမိနေရကြိုးနပ်ပါပြီ။

"ကျွန်တော်လည်း အကိုကြီးနဲ့ ပြန်ဆုံနိုင်မယ့်ရက်ကို စောင့်နေတာ အကိုကြီး။ အကိုကြီး အသားတွေ ပိုညိုသွားတယ်။ "

တင်တက်ရင်သည် ကမာကို ပြန်လွှတ်ကာ သေချာကြည့်ပြီးပြောလိုက်သည်။

"တောတောင်တွေထဲသွားရတော့ ဒီလိုပဲပေါ့။ ဘာမှမဖြစ်ပါဘုး။ကိုယ်က စစ်သားလူကြမ်းကြီးပဲလေ။"

"ကဲ ညီအစ်ကို နှစ်ယောက် အိမ်ထဲ မ၀င်တော့ဘူးလား. အိမ်ပေါက်ဝမှာ အလွမ်းသယ်နေကြတာဗျာ။"
ထိုအခါမှ တင်တက်ရင် ကမာကို ခေါ်ကာ အိမ်ထဲဝင်ခဲ့သည်။ ညီလေး လက်ကို တွဲထားရသဖြင့် တင်တက်ရင် စိတ်ချမ်းသာသည်။ ကမာကလည်း အရင်လို အကိုကြီးလက်ကိုဆုပ်ကိုင်ထားသည်။ ကမာ့မျက်နှာက ပြုံးနေသည်။ မနေ့က အပြုံးနှင့် တခြားစီဖြစ်သည်။

တင်မော်ရင်သည် ထမင်းဝိုင်းတွင် သုံးယောက်လုံးထိုင်မိသည်နှင့်နောင်တော်၏မျက်နှာပေါ်မှ အပြုံး ကို ကြည့်ကာ သိလိုက်သည်။ နောင်တော် ကမာကို မျက်နှာပူကာ ရှောင်နေခြင်းဖြစ်သည်။ ဘယ်တုန်းကမှ ဟန်မဆောင်တတ်ခဲ့သော နောင်တော်သည် ကမာကို မိဖုရားဝတ်စုံနှင့်တွေ့လိုက် တော့ အတော်ကို ရှက်သွားပုံရသည်။ ချက်ချင်းမျက်နှာတည်သွားကာ ကမာကို စိမ်းကားစွာပြော လွှတ်လိုက်သည်။ အခု နောင်တော်နှင့်ကမာ၏ မျက်နှာပေါ်မှ ဆင်တူအပြုံးကိုကြည့်ကာ တင်မော်ရင် တစုံတခုကို သတိထားမိသွားသည်။

သို့သော် မဖြစ်နိုင်ဟုတွေးကာ ထိုအတွေးကို မောင်းထုတ်လိုက်ပြီး ပျော်ရွှင်သော ညီအစ်ကို တွေ့ဆုံပွဲကို အသက်သွင်းလိုက်သည်။ ခရီးဝေးထွက်နေသော ညီလေးပြန်လာသည်ကို ကြိုဆိုသည့် အနေဖြင့် ပြောဆိုဆက်ဆံကြသည်။

ကမာသည် နောင်တော် နှစ်ဦး၏ ပန်းကန်ထဲဟင်းများထည့်ပေးကာ အားပါးတရစားရင်း စကား
ပြောနေမိသည်။ ယောကျာ်းလေးလိုပြန်ပြောရသည်။ ယောကျာ်းလေးလို ပြန်ဝတ်ရသည်။ ပြီးတော့ နောင်တော်များက မိမိကို အထင်သေးခြင်းမရှိ နွေးထွေးစွာကြိုဆိုပေးခဲ့သည်။

မင်းကြီးဘေး မိဖုရားဘ၀ထဲ ပိတ်မိနေသည်မှ ၉လကျော်ပြီ။ ယခုမှ ကမာ လွတ်လပ်မှုကို ခံစားလိုက် ရသည်။ နောင်တော်၏ နယ်စပ်ဒေသ သူပုန်များကို နှိမ်နှင်းသည်ကို အသေးစိတ်မေးနေသည်။ တာတာလူရိုင်းများကို မွန်ဂိုနယ်နိမိတ်အဆုံးသို့ မောင်းထုတ်ခဲ့သည့် တိုက်ပွဲကို အငေးသားနားထောင် နေမိသည်။ ပြီးတော့ တခုကို သတိရကာမေးလိုက်သည်။

"နောင်တော် ကျားဖြူ ဓါးပြစခန်းကိုနိုင်တော့ ခေါင်းဆောင်က မိန်းမဆို ဟုတ်သလား။"
တင်တက်ရင် အရက်ကို ဌဲ့သောက်ရင် ခေါင်းငြိမ့်လိုက်သည်။.

"ဟုတ်တယ်။ ဒါပေမယ့် သူ ယူထားတဲ့မိန်းကလေးတွေက အယောက် ၅၀ကျော်တယ်ကွ။ ဘယ်သူက သူ့ကို မိန်းမလို့ထင်မှာလဲ။"
ကမာ ကစိတ်ဝင်စားစွာမေးလိုက်သည်။

"အဲ့ဒါ သူ့ကိုဖမ်းမိမှ သိတာလား။ သူက ဘယ်လိုနေလဲ။"

တင်မော်ရင်က မျက်မှောင်ကြုတ်ကာ
"နေဦး .. နောင်တော်ရ...သူက မိန်းမမှန်းသိရော သူ့ကို ဘယ်လိုထိန်းရလဲ။ နောင်တော့် တပ်စိပ်တခု ပြုတ်သွားတယ်လို့ကြားတာ။ကျန်တဲ့စစ်သည်တွေကို ဘယ်လိုထိန်းတာလဲ"

တင်တက်ရင်က အရက်ခွက်ကို မော့ချကာ ရှင်းပြသည်။

"မသတ်ခင် ၀ိုင်းနှိပ်စက်မယ်ပေါ့ကွာ။ ဒါပေမယ့် နောင်တော် ဘယ်ခွင့်ပြုလို့ဖြစ်မှာလဲ။ သူ့ကို တခါတည်း အဆုံးစီရင်ပစ်လိုက်တယ်။ သူ့ခေါင်းကို မြို့အ၀င်ဝမှာချိတ်ထားလိုက်တယ်။ သူ့ကိုယ်လုံးကိုတော့ မီးရှို့ပေးလိုက်ပါတယ်ကွာ။ "

ကမာသည် အကိုကြီးနောက်ထပ် အရက်ဌဲ့သည်ကို တားလိုက်သည်။

"နောင်တော် သောက်တာ များနေပြီ။ "

"တအိုးတောင် မကုန်သေးပါဘူးကွ။ညီလေးကလဲ စစ်သားတွေပဲ အရက် ၅ အိုးလောက်တော့ လူတိုင်းသောက်နိုင်ကြတယ်။"

ကမာက ခေါင်းကို ယမ်းကာ မေးလိုက်သည်။

"မသောက်ပါနဲ့ အကိုကြီး။ ကျွန်တော် အကိုကြီးကို အသက်ရှည်ရှည်နေတာကို မြင်ချင်လို့ပါ။"

တင်တက်ရင်က ကမာ၏ လက်ထဲမှ အရက်အိုးကို လှမ်းဆွဲကာပြောလိုက်သည်။
"စိတ်ချ။ အကိုကြီးက အရက်နဲ့ မသေဘူး။ စစ်ပွဲမှာပဲ သေမယ်။ သူရဲကောင်းပီပီသသ တိုက်ပြီးမှ သေမှာ..."

ပြောပြီး တင်တက်ရင် အရက်ကို မော့သောက်လိုက်သည်။ တင်မော်ရင်က နောင်တော်၏ မူမမှန်သော ပုံစံကို ကြည့်ကာ ပြောလိုက်သည်။

"နောင်တော်က အထိန်းလိုနေပြီ။ ကမာ မင်းကြိးကို လျှောက်တင်လိုက်။ စစ်သူကြီးကို လက်ထပ်ပေးဖို့ သင့်တော်တဲ့ မင်းသမီးရှာပေးပါလို့။"

"ကျွန်တော်လည်း သဘောတူတယ်။ မင်းကြီးကို ပြောပြီး တခါတည်း မင်္ဂလာရက် သတ်မှတ်ခိုင်းလိုက်မယ်။"

တင်တက်ရင်သည် ညီနှစ်ဦးပြောသည့် စကားကြောင့် သီးသွားသည်။

"ငါ့ကို အသေသာသတ်သွားကြပါတော့ကွာ။ တော်ပြီ။ မော်ရင် မင်္ဂလာပြီးရင် နောင်တော် မြို့တော်ကို ပြန်မလာတော့ဘူး။ နယ်စပ်မှာ ပဲနေတော့မယ်။ မင်းတို့ရန်ကို ကြောက်ရတယ်ကွ။ ကိုယ့်နောင်တော် လွတ်လွတ်လပ်လပ်နေတာကို မမြင်ရက်တဲ့ညီတွေ။ "

ကမာ ပြုံးလိုက်သည်.။ အကိုကြီးကို ဖြောင့်ဖြလိုက်သည်။

"အကိုလေး လက်ထပ်သွားရင် အကိုကြီးလည်း အထီးမကျန်နေအောင်လို့ပါ။ ကျွန်တော်တို့က အကိုကြီးကို ချစ်လို့။ စိတ်ပူလို့ မိန်းမကောင်းလေးနဲ့ လက်ထပ်ပေးချင်တာပါ။"

တင်တက်ရင် ညီနှစ်ဦးကို ကျေးဇူးတင်စွာကြည့်ကာ
"မင်းတို့ ဒီစိတ်လေးတွေကို သိရတာနဲ့ နောင်တော် ကျေနပ်ပြီ။ မလိုဘူး။ နောင်တော်က ကိုယ်ချစ်တဲ့သူကလွဲရင် ဘယ်မိန်းမကိုမှ လက်မထပ်ဘူး။"

ကမာ၏ မျက်လုံးတောက်သွားသည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now