မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၄)

7.4K 574 4
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄)

"သိပ်မကောင်းဘူး ပညာရှိကြီး။ မင်းကြီး စိတ်မကြည်ဘူး။"

"သေရော။ ဒါဆို ကြာဥိးမယ့် သဘောပဲ။ အတွင်းဝန်ကြီးရေ ကျုပ်အပြင်ခဏသွားလိုက်ဥိးမယ်။"

"အေးအေးဆေးဆေးသွားပါ။ မင်းကြီး လည်း သန့်စင်ခန်းကိုထွက်သွားတယ်။"
တင်မော်ရင် ခေါင်းငြိမ့်ကာ ကမာ့ထံထွက်လာခဲ့သည်။

ကမာသည် ရေကန်နံဘေးရှိခုံတန်းလေးတွင်ထိုင်ရင်း ပူနွေးသော နေခြည်ကိုယ်ပေါ်ဖြာကျသည်ကို ကျေနပ်စွာ ခံယူနေသည်။ အကိုလေး၏ ကဗျာထဲကအတိုင်း တကယ့်ကိုလှသော ရှူခင်းများက ကမာ့ စိတ်ကို ညှို့ယူနေသည်။ ကြည်လင်သော ရေကန်ထဲတွင် ရွှေငါးများကူးခတ်နေသည်။ ငန်းဖြူတစ်စုံ ကရေထဲ အေးဆေးစွာကူးခတ်နေသည်။ ကမ်းစပ်မှ မိုးမခပင်က ကန်ရေပြင်ပေါ် ကိုင်းကျနေသည်။
ကန်ရေပြင်ကို ဖြတ်လာသော လေက ရေနှံ့ကြာပန်းနံ့ကို သယ်ဆောင်လာသည်။

ကမာသည် မျက်လုံးမှိတ်ထားကာ လေကို ရင်နှင့်ပြည့်အောင် ရှူသွင်းနေလိုက်သည်။ သင်းပျံ့သော ရနံ့များကတကိုယ်လုံးကို ပြန့်သွားပြီး အေးချမ်းမှုကိုခံစားလိုက်ရသည်။ ဌက်သံလေးများက လွမ်း အောင်ကူနေသည်။ ကမာသည် နှင်းတောင်ကိုပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

အကိုကြီး၏ အိမ်တော်က သာယာသော်လည်း ယခုလို ရေကန်မရှိပေ။ နှင်းမြို့တော် မှ ရေကန်ကို ပြန်သတိရကာ မျက်ရည်ဝဲလာသည်။ ထိုစဉ် လူသံလိုလိုကြားလိုက်ရသဖြင့် ကမာ နားစွင့်လိုက်ပြီး လှစ်ခနဲ ပြေးထွက်လာခဲ့သည်.

"ကမာ...ညီလေး..."

အကိုလေး အသံကိုကြားသဖြင့် ကမာ သုတ်ခြေတင်ခဲ့သည်။

မွန်ဂိုပြည့်ရှင်မင်းကြီး တေးဟာခန်သည် မိမိအချစ်တော် ကျောက်မိဖုရား၏ လက်ချက်ဖြင့် ဂိုယိုပြည်မှ မိဖုရားအသက်ဆုံးသွားရသည်ကို သိသော်လည်း မိဖုရားကို ချစ်သောကြောင့် မျက်စိမှိတ်ကာ ဂိုယိုပြည်ဘက်မှ တရားမျှတမှုအတွက်တောင်းဆိုသည်ကို မသိချင်ယောင် နေလိုက်သည်။ မိမိချစ်သူ ပြောသည်သာ အမှန်ဟု သတ်မှတ်ထားသည်။ ယခုလည်း အမတ် ကြီးများ၏ အစီအစဉ်နှင့် မိဖုရားတင်ပြသော အစီအစဉ် ကွာဟနေသောကြောင့် တေးဟာခန် ဒေါပွကာ အစည်းဝေးပွဲတွင် ကောင်းကောင်းမပြောပဲ အမတ်ကြီးများကို ရစ်နေသည်။
အမတ်ကြီးများနှင့် စကားအခြေအတင်ဖြစ်ကာ ဒေါပွပွနှင့် သန့်စင်ခန်းသို့ထွက်လာရင်း ဥယျာဉ်ထဲသို့ခဏထွက်လာခဲ့သည်။ တေးဟာခန်အနှစ်သက်ဆုံးနေရာဖြစ်သော ကန်ဘေး မိုးမခပင်နံဘေးက ခုံတန်းလေးသို့ထွက်လာခဲ့သည်။
"မင်းတို့ ခဏစောင့်နေကြကွာ။ လိုက်မလာနဲ့။ "
တေးဟာခန် သည်နောက်မှထပ်ချပ်မကွာ လိုက်လာသော အတွင်းဝန်ကို ချန်ထားကာ တယောက်တည်းထွက်လာခဲ့သည်။
"ဟင်..."
တေးဟာခန်သည် ပန်းခြုံအကွယ်လေးမှ လူရိပ်မြင်သောကြောင့် ရပ်ပြီး ကြည့်လိုက်မိစဉ် အံ့သြလွန်းလို့ ပါးစပ်ပင်ဟသွားသည်။ နတ်သက်ကြွေတဲ့ နတ်သမီးလေးတစ်ပါးကို မြင်လိုက် ရစဉ် တေးဟာခန် စိတ်ညစ်နေသည်တို့ကို မေ့သွားတော့သည်။
ဖြူစင်ဝင်းပသော အသားအရေ၊ အပြစ်ကင်းစင်လွန်းသောကိုယ်ဟန်၊ မြင်သူအသက်ရှူမှား လောက်သည့် မိန်းမလှလေး၏ အလှဝယ် မင်းကြီးဖြစ်သော မိမိချက်ချင်းကို ကျရှုံးသွားတော့ သည်။ ပိုးသားလိုမည်းနက်ဖြောင့်စင်းသော ဆံပင်များက ကျောပြင်တွင် စင်းစင်းလေးကျ နေသည်။
တေးဟာခန်သည် သွေးလှည့်ပတ်နှုန်းမြန်လာသည်။ ချစ်ခြင်းတို့က တကိုယ်လုံးသို့ပြန့်နှံ့ လာခဲ့သည်။ ယခု မိန်းကလေးလောက် မိမိဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးပေ။ မြင်မြင်ချင်းချစ်သည့် အချစ်ကို တေးဟာခန် ခံစားဖူးသွားလေပြီ။
ဖြာကျသောနေခြည်အောက်ဝယ် မျက်ဝန်းလေးကို မှိတ်ကာ လေကိုရှူနေပုံလေးက တေးဟာခန် ကို အသက်မရှူနိုင်၊မလှုပ်နိုင်အောင်ကို ကြောင်အသွားစေသည်။ တေးဟာခန် ၏ စိတ်ထဲရေရွတ်မိသည့် စကားများက
"ချစ်တယ် နတ်သမီးလေးရယ်။ ချစ်တယ်။ မင်းကို အရမ်းချစ်တယ်..."
ထိုစကားကို အသိကင်းမဲ့သူနှယ် တေးဟာခန် ထပ်တလဲလဲ ရေရွတ်နေမိသည်။ သူမလေးကိုငေးကြည့်နေဆဲ အတွင်းဝန်က အပြေးလေးလျှောက်လာသည်။

"မင်းကြီး.....အမတ်ကြီးတို့ စောင့်နေကြောင်းပါ။"
တေးဟာခန် ဒေါသဖြင့်လှည့်ကြည့်ကာ ငေါက်လိုက်သည်။
"စောင့်ပါစေပေါ့။ မင်း ဘာကြောင့် အလန့်တကြားပြေးလာတာလဲ..."
အတွင်းဝန်ကြီးက အရိုအသေပေးကာ လျှောက်တင်လိုက်သည်။
"ပညာရှိအမတ် တင်မော်ရင်လည်း မင်းကြီးကို တွေ့ဖို့စောင့်နေပါတယ်။"
တေးဟာခန် အလှလေးကို ပြန်လှည့်ကြည့်လိုက်သောအခါ မတွေ့ရတော့သဖြင့် ဒေါပွပွနှင့် အတွင်းဝန်ဘက်လှည့်ကာ အမိန့်ပေးလိုက်သည်။
"ခုနက မိန်းမလှလေးကို ရအောင်ရှာပြီး ငါ့အဆောင်ကို ပို့ထားလိုက်။ သွား အခုချက်ချင်း လိုက်ခေါ်စမ်း။ မင်း အသံဗြဲကြီးကြောင့် ငါ့ နတ်သမီးလေး လန့်ပြီး ထွက်ပြေးပြီ။ မတွေ့ရင် သေဖို့သာပြင်ထား။"
အတွင်းဝန်ကြီးက မင်းကြီးညွှန်ပြသည့် ဘက်ကို အပြေးထွက်သွားသည်။ မင်းကြီလည်း မိန်းမလှလေးနှင့်တွေ့ချင်ဇောဖြင့် အလုပ်များကို အမြန်ဖြတ်ရန် ပြန်လာခဲ့သည်။
တေးဟာခန်သည် မိန်းမလှလေးကို ပြန်တွေ့ရတော့မည် ဆိုသော အတွေးကြောင့် အမတ်ကြီး များကို မရစ်တော့ပဲ သူတို့တင်ပြသည်ကို နားထောင်ကာ ချက်ချင်း သဘောတူလိုက်သည်။ ကျောက်မိဖုရားပြောထားသည်ကို သတိမရတော့ပေ။ အမတ်ကြီးများက မင်းကြီးပြောင်းလဲ သွားသောကြောင့် ၀မ်းသာသွားကြသည်။ မင်းကြီး တံဆိပ်နှိပ်ပေးသော စာလွှာကို ယူကာ အစည်းဝေးပြီးသည်နှင့် အမြန်သုတ်ခြေတင်ကြသည်။
မင်းကြီးလည်း အဆောင်ကို အမြန်ပြန်လာသည်။ မိမိထင်သည်က မိန်းမလှလေး ရောက်နှင့် နေပြီ။
"မိန်းမလှလေး ဘယ်မှာလဲ။"

"မတွေ့ခဲ့ပါဘူး မင်းကြီး။ ကျွန်တော်မျိုး ဥယျာဉ် အ၀မှာ ပညာရှိအမတ်နဲ့တောင်တွေ့ပါ သေးတယ်.။ ဘယ်မိန်းကလေးမှ ဥယျာဉ်ထဲက ထွက်မလာပါဘူးလို့ပြောပါတယ် အရှင်။ "
မင်းကြိးဒေါသဖြင့် အတွင်းဝန်ကို စာအုပ်ဖြင့်လှမ်းပေါက်ကာ
"တင်မော်ရင်ကို ခေါ်လိုက်စမ်း။ အသုံးကို မကျဘူးး။"
တင်မော်ရင် အဆောင်ထဲသို့ရောက်သည်နှင့် မင်းကြီးက ချက်ချင်း အမိန့်ပေးလိုက်သည်။

"မော်ရင် ငါကိုယ်တော်ရဲ့ မိဖုရားလောင်း ပန်းခြံထဲကနေပျောက်သွားတယ်။ ဒီနေ့ နန်းတော်ထဲ ၀င်လာတဲ့ မိန်းကလေးတွေအားလုံး နန်းတော်ထဲ ပြန်ဆင့်ခေါ်စမ်း။ မနက်ဖြန် မိဖုရားတစ်ပါး ထပ်မြှောက်မယ်။"
မော်ရင်အံ့သြသွားသည်။ ကျောက်မိဖုရားထံမှ အခြားမိန်းကလေးကို အရူးအမူးဖြစ်တာ ဒါ ပထမဆုံးဖြစ်သည်။

"ဘယ်အိမ်တော်က မိန်းကလေးလဲဆိုတာ မင်းကြီးသိပါသလား။"

"မသိလို့ မင်းကိုခိုင်းတာပေါ့။ မနက်ဖြန် ကျုပ်အဆောင်မှာအားလုံးကို ခေါ်လာခဲ့ပါ။ မင်းတွေ့ လိမ့်မယ်။ သူက နတ်သက်ကြွေတဲ့ နတ်သမီးလေးကွ။"

"မင်းကြီး။ ကျောက်မိဖုရား သိရင် ကျွန်တော်မျိုးကို အမျက်ရှနေလိမ့်မယ်။"
တေးဟာခန် ဒေါသထွက်သွားပြီး ပြောလိုက်သည်။

"ငါက မွန်ဂိုအင်ပါယာရဲ့ အရှင်သခင်။ မင်းကို တားဆီးသူမှန်သမျှ ငါ သေဒဏ်ချမယ်။ သွား..."
တင်မော်ရင် ပြုံးကာ ထွက်ခဲ့သည်။ ကျောက်မိဖုရား၏ အာဏာအဆုံးသတ်ချိန်ရောက်ပြီကို သိလိုက်သည်။. ထိုသို့သော မိန်းကလေးကို ချက်ချင်းရှာပေးလိုက်မည်။
တင်မောရင်သည် ကမာစောင့်နေသည့် နေရာသို့လာပြီး ညီလေးကို ရထားဖြင့် အိမ်ပြန်ခိုင်း လိုက်သည်။
"နောင်တော်နဲ့ ထမင်းစားနှင့်ကြတော့။ အကိုလေး ဒီည အိမ်မပြန်နိုင်တော့ဘူး။ မင်းကြီးခိုင်းတာ လုပ်စရာရှိလို့။"

"ဟုတ်ကဲ့ အကိုလေး။"
ကမာကို ပြန်လွှတ်ပြီး တင်မော်ရင်သည် မင်းကြီးပေးလိုက်သည့် အမိန့်ပေးတံဆိပ်ပြားကို သုံးပြီး နန်းတွင်းအစောင့် တပ်မှုးကို ခေါ်ကာ အမိန့်ပေးသည်။ ရဲမတ်အားလုံး နန်းတွင်းသို့ ၀င်သည့် မိန်းကလေးတိုင်း၏ အိမ်တော်ကို ဆင့်ခေါ်စာပို့သည်။ အိမ်တော်တိုင်းက လန့်သွား ကြသည်။ မင်းမိန့်ဆိုတော့ မင်းကြီး မျက်စိကျသူ ပေါ်လာပြီဖြစ်မှန်းသိသွားကြသည်။
ကျောက်မိဖုရားကတော့ ထိုသတင်းကို ကြားသော် မင်းကြီးအဆောင်ကို ဒေါသနှင့်လာခဲ့သည်။ သို့သော် အတွင်းဝန်က တားကာ

"ခွင့်လွှတ်ပါ မိဖုရားကြီး။ မင်းကြီး နေမကောင်းလို့ အနားယူနေတယ်။ ဘယ်သူ့ကို မှ ၀င်ခွင့်မပြုနဲ့လို့မှာထားလို့်ပါ။"
"ဘာပြောတယ်။ အတွင်းဝန်ကြီး။ မနက်ဖြန် နေထွက်တာ မမြင်ချင်တော့ဘူးထင်တယ်။"

"ခွင့်လွှတ်ပါ သခင်မ။ မင်းကြီး အမိန့်ကြောင့်ပါ။"
အတွင်းဝန် မျက်နှာရိပ်ပြလိုက်သည်နှင့် တပ်မှုးနှစ်ယောက်ကအခန်းဝသို့်ကပ်လာခဲ့သည်။
မိဖုရားခေါင်ကြီးသည် အတွင်းဝန်၏ ရဲတင်းသော အမှုအယာအရ မင်းကြီး တကယ် အမိန့်ပေး ထားသည်ကို သိကာ နောက်ဆုတ်သွားသည်။ ကျေတော့မကျေနပ်ပေ။ ဒေါသကို မျိုသိပ်ကာ မင်းကြီး လိုက်ရှာသော မိန်းကလေးကို စောင့်ကြည့်ရန် ဆုံးဖြတ်ပြီး အဆောင်သို့ပြန်သွားခဲ့ သည်။ မိမိနောက်လိုက်များကို တပ်လှန့်ကာ အခြေအနေစောင့်ကြည့်ခိုင်းထားသည်။

"တွေ့ကြသေးတာပေါ့။ မင်းကြီးရဲ့အသည်းနှလုံးကို ခိုးယူတဲ့မြေခွေးမ ငါ့ လက်ချက်နဲ့ မချိမဆန့် အသက်ထွက်သွားစေရမယ်။"
ကျောက်မိဖု၇ားသည် အသာကြိမ်းကာ လက်သည်းကို သွေးကာ စောင့်နေလိုက်သည်။
ကမာကတော့ မင်းကြီးကြောင့် အကိုလေး အိမ်ပြန်မလာနိုင်သည့် အကြောင်းပြောပြကာ ညနေစာကို အတူစားလိုက်ကြသည်။ နန်းတော်ထဲ တွေ့သမျှကို အားပါးတရ ပြောပြနေပုံလေး ကို တင်တက်ရင် ချစ်စနိုးကြည့်မိသည်။ ဒီကောင်လေး တနေ့တခြား ပိုပိုလှလာသည်။ အရမ်းကို လိမ္မာပြီး မိမိတို့ ညီအစ်ကို နှစ်ဦးအပေါ်သိတတ်သည့် စိတ်ထားလေးကို တင်တက်ရင် ချစ်လို့မဆုံးပါ။ မိမိတို့ ညီအစ်ကို ကြိုက်သည့် အစားအစာဆိုလျှင် ကမာက မကြိုကတော့ပေ။ ပထမ တကယ်ပဲ မကြိုက်ဘူးဟုထင်ခဲ့သည်။ နောက်မှ တင်မော်ရင် ပြောမှ မိမိတို့ ညီအစ်ကို စားလို့ မ၀မည်စိုးသောကြောင့် ကမာက မကြိုက်ဘူးပြောမှန်းသိသွားပြီး နောက် ကမာလေးကို တင်တက်ရင် ပိုလို့ချစ်မိသွားသည်။

အခုလည်း ထမင်းစားတိုင်း မိမိကို ကရုစိုက်ကာ ထည့်ပေးနေသည်။ တင်တက်ရင်က ကမာကို လှမ်းကြည့်ကာ
"ကမာ စားတော့။ အကိုကြီးကိုပဲ ထည့်ပေးမနေနဲ့ ။ ရော့ အသားကင်စား.."
"ကျွန်တော် မကြိုက်ဘူး အကိုကြီး"
"မင်း မစားရင် အကိုကြီးလည်း မစားဘူး။ ဟေ့ ... အခုချက်ချင်း ဒီဟင်းတွေ သွန်ပစ်လိုက်..."
တင်တက်ရင် အမိန့်ပေးလိုက်သောအခါ ကမာ မျက်လုံးပြုးသွားသည်။
"အကိုကြီး အဲ့ဒါ အကိုကြီး ကြိုက်လို့ တမင်ချက်ထားတာ။ "
တင်တက်ရင် ကမာ့မျက်နှာကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

"အေး...မင်း မကြိုက်လို့၊ မင်းမစားလို့ သွန်းခိုင်းတာ...ကမာ မစားပဲ အကိုကြီးပဲ စားနေရမယ်ဆိုရင် အကိုကြီး ဘာမှ မစားဘူး။ မသွန်သေးဘူးလား..."
ကမာသည် ဟင်းသွန်ရန်လာသော အစေခံကို တားကာ အလျှော့ပေးလိုက်သည်။

"ကျွန်တော် စားပါ့မယ် အကိုကြီး။ မသွန်ပါနဲ့။ အကိုကြီး ၀၀မစားရမှာ စိုးလို့ ကျွန်တော်လိမ် ပြောတာပါ။ အကိုကြီး စိတ်မဆိုးပါနဲ့။"
ကမာ တောင်းပန်စကားဆိုလိုက်မှ အကိုကြီး ပြုံးသွားသည်။
"နောက်တခါ ဒီလို ဘယ်တော့မှ မလုပ်နဲ့။ အကိုကြီးကလည်း ကမာမစားရင် စိတ်မကောင်းဘူး။ ကဲ စား။ "
ကမာ သည် အကိုကြီး၏ စေတနာကို နားလည်လိုက်သည်။ အကိုကြီးသည် တကယ်ကို ခေါင်းဆောင်ကောင်းပီသသူဖြစ်သည်။

"အကိုကြီးကို ရတဲ့မိန်းကလေးတော့ ကံကောင်းမှာပဲ။ အကိုကြီးက အရမ်းကို ကြင်နာတတ်တယ်။"
တင်တက်ရင်က ပြုံးရုံသာ ပြုံးနေလိုက်သည်။ ညီလေးကို တင်တက်ရင်ပြုံးကြည့်ကာ
"ကိုယ်တော့ မိန်းမမယူဖြစ်တော့ဘူးထင်တယ်။ "

"ဘာဖြစ်လို့လဲ"

"ညီ့လောက်မှ မချောရင် ကိုယ် လက်ထပ်မှာ မဟုတ်ဘူး။ "

"အင်း ဒါဆို ကျွန်တော် နှင်းမြို့တော်သူ တစ်ယောက်လောက်ရှာပေးပါ့မယ်။"
တင်တက်ရင် ရယ်လိုက်သည်။
"အကိုကြီးက နောက်တာ။ မိန်းမမယူသေးဘူး ။ညီနှစ်ယောက်ကို ချစ်လို့မ၀သေးဘူး"
တင်တက်ရင်၏ စကားကြောင့် ကမာပြုံးသွားသည်။ စိတ်လည်းချမ်းသာသွားသည်။အကိုကြီး၏ စကားက ကမာကို စိတ်လုံခြုံမှုပေးနေသည်မဟုတ်လား။ မိမိကို တာတာလူရိုင်းလက်မှ ကယ်ခဲ့ပြီး လုံးဝ အသားမယူခဲ့သော မွန်ဂိုစစ်သူကြီးကို ကမာကြည်ညိုလေးစားခဲ့သည်။ ထို့ကြောင့် တာတာစစ်သားက စစ်သူကြီးကို လုပ်ကြံစဉ်က ကမာ အသက်စွန့်ကာ ကယ်တင်ခဲ့ခြင်းဖြစ်သည်။ မိမိအသက်သခင်ကျေးဇူးရှင်ကို ကာကွယ်ဖို့ပဲ ကမာ့အတွေးထဲ ရှိသည်။ ကျန်တာကို ကမာလုံးဝမတွေးမိခဲ့ပါ။
ကမာသတိရလာချိန်တွင် မိမိကျေးဇူးရှင် စစ်သေနာပတိချုပ်က ကမာကို ညီအဖြစ်လက်ခံ လိုက်လေပြီ။ ကမာ မိမိကံကို မယုံနိုင်အောင်ဖြစ်မိသည်။ အကိုကြီးကို လည်း အရမ်းချစ်သွား သ ည်။ မိမိကျေးဇူးရှင်က အသက်ကိုကယ်ရုံမျှမက စည်းစိမ်ချမ်းသာကိုလည်းပေးခဲ့သည်။ ပညာသင်ပေးသည်။ ဂုဏ်မြင့်သည့် ဘ၀ကိုပေးခဲ့သည်။ မွန်ဂိုနန်းတော်တွင် ကမာသည် မင်းကြိး ကိုယ်တိုင် အသိအမှတ်ပြုသည့် စစ်သေနာပတိချုပ်နှင့် မင်းကြီး၏ သူငယ်ချင်း မဟာပညာရှိအမတ်၏ ညီငယ်အဖြစ် မျက်နှာပွင့်ရသည်။
ကမာသည် နေ့စဉ်၊ ညစဉ် အကိုနှစ်ဦး၏ ကျေးဇူးတရားကို ဆင်ခြင်သည်။ အကိုနှစ်ဦးကို ပြုစုပေးသည်။ အကိုနှစ်ဦးကြိုက်သည့် အရာမှန်သမျှ ကမာ မကြိုက်ဟုပြောသည်။ ဒါကို အကိုကြီးက သိသွားပြီး မိမိကို ထိုသို့မလုပ်ရန်ပြောသည်။ ကမာသည် အကိုကြီး၏ စေတနာကို လေးစားသည်။
အကိုနှစ်ဦးအတွက် မိမိအသက်ကိုပင်ပေးဝံ့ပါသည်။ တကောင်ကြွက်ဘ၀တွင် သံယောဇဉ် တွယ်စရာ အကိုနှစ်ဦးပဲရှိသည်။ ကမာသည် အကိုကြီးနှင့် အတူဓါးရေးလေ့ကျင့်သည်။ မြင်းစီး သည်။ အကိုလေးနှင့်စာပေပညာလေ့လာသည်။
အကိုနှစ်ဦးလုံးက မိမိအတွက်အရမ်းစဉ်းစားပေးပြီ အရမ်းကာကွယ်ပေးတာကို သိသည်။ ထို့ကြောင့် ကမာလည်း အကိုနှစ်ဦး၏ စကားကို တသွေမတိမ်းနားထောင်သည်။
တင်မော်ရင်သည် မိန်းကလေးများကို စုစည်းပြီး မင်းကြီးပြောသည့် နတ်သက်ကြွေကျသည့် နတ်သမီးလေးကို ရှာကြည့်လိုက်သည်။ အားလုံးအစွမ်းကုန်ပြင်ထားသည့်တိုင် သာမန်ထက် အနည်းငယ်သာ ပိုလှသည့်မိန်းကလေးများကို တွေ့လိုက်ရသောအခါ စိတ်ပျက်သွားသည်။ မင်းကြီးဘယ်သူ့ကို မျက်စိကျသွားသည်ကို မသိတော့ပေ။
"မင်းကြီးကြွချီလာပါပြီ။"
မိန်းကလေး အားလုံး ဒူးထောက်ကာ အရိုအသေပေးကြသည်။ မင်းကြီးက မျှော်လင့်တကြီးဖြင့် အမိန့်ပေးလိုက်သည်။
"အားလုံး မတ်တပ်ရပ်ပြီး မော်ဖူးစေ.."
တေးဟာခန်သည် မိန်းကလေးများကို စေ့စေ့ကြည့်ပြီး ဒေါသဖြင့်ပြောလိုက်သည်။
"ကျုပ်တွေ့တဲ့မိန်းကလေး မပါဘူး။ မော်ရင် မင်း အားလုံးခေါ်ခဲ့ရဲ့လား။"
"နန်းတွင်း အ၀င်အထွက်မှတ်တမ်းအတိုင်း အားလုံးခေါ်ခဲ့တာပါ အရှင်..."
တေးဟာခန် ဒေါပွကာ မိန်းကလေးအားလုံးကို ပြန်လွှတ်လိုက်ပြီး မော်ရင်ကို ခေါ်ပြောသည်။

"ကျုပ်တွေ့တဲ့မိန်းကလေးက အသားအရမ်းဖြူတယ်။ ကျုပ်ရဲ့ မိဖုရားတွေ၊ အပျိုတော်တွေနဲ့ ရုပ်ရည်လုံးဝမတူဘူး။ မင်း မြင်ရင်လည်း သိမှာပဲ။ သူက ငါတို့အင်ပါယာထဲက လူမျိုးနဲ့ မတူဘူး။ နှင်းတောင်က နှင်းပွင့်လိုပဲ သိပ်ကို ကြည်လင်တဲ့ အသားအရေကို ပိုင်ထားတယ်။ နေပြည်တော် တစ်ခုလုံး မြေလှန်ပြီး ရှာစမ်း။ သူ့ကို မတွေ့ရင် ကျုပ်ရူးသွားလိမ့်မယ်။ "
တင်မော်ရင်သည် မင်းကြီး၏ စကားကိုကြားသော် တချက်ထိတ်သွားသည်။

"နှင်းတောင်က နှင်းပွင့်လို သိပ်ကိုကြည်လင်တဲ့ အသာအရေကို ပိုင်ဆိုင်ထားသတဲ့လား..."
တင်မော်ရင် တယောက်တည်းပြန်ရေရွတ်လိုက်ပြီး သေချာသွားသည်။ ကံဆိုးပြီး မင်းကြီး ကန်နံဘေးတွင် ထိုင်နေသော ကမာကို မြင်သွားခဲ့လေပြီ။ ကမာ မိမိထံထွက်လာပြီး မကြာခင် မင်းကြီး၏ အတွင်းဝန်က မိန်းမလှလေး ထွက်သွားလို့ မင်းကြီးလိုက်ရှာခိုင်းသည်လို့ပြော သည်ကိုး။ ထိုအချိန်တွင် ကမာကို မိမိပြန်လွှတ်လိုက်ပြီဖြစ်လို့ သူ့ကို မတွေ့လိုက်ပေ။
မင်းကြီးက ကမာ၏ အပေါ်ပိုင်းကို အဝေးမှလှမ်းတွေ့လိုက်ပြီး မိန်းကလေးဟု ထင်ကာ စွဲလန်းသွားပုံရသည်။ ထို့ကြောင့် တင်မော်ရင်စိတ်ညစ်သွားသည်။ ဒါသာ တကယ်ဆိုလျှင် ကမာတော့ ဒုက္ခရောက်တော့မည်။ ထို့ကြောင့် တင်မော်ရင် မင်းကြီးကို လျှောက်တင် လိုက်သည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now