
Start from the beginning
                                    

================

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄၆)

တင်တက်ရင်သည် ကမာ၏ လိုက်လျောမှုကြောင့် ကမာ့ကို ထိုက်သင့်သလောက် လွတ်လပ်မှုတော့ ပေးလာသည်။ သို့သော် နန်းတော်ထဲတွင် ကမာ့ကို ဘယ်စစ်သူကြီး၊ ဘယ်အမတ်၊ ဘယ်နန်းတွင်း သားမှ ကပ်ခွင့်မရှိပေ။ ဒါကိုတော့ တင်တက်ရင် အစကတည်းက ကမာ့ကို အပြတ်ပြောထားသည်။ မိမိကလွဲလျှင် မည်သူ့ကိုမှ မချစ်ရ။ ကမာ့ချစ်မိသူကို သေဒဏ်ပေးမည်ဟု ပြောထားပြ၊ီးဖြစ်သည်။

ကမာကလည်း အကိုကြီးမကြိုက်သည်ကို ရှောင်ကျဉ်သည်။ အိမ်တော်တွင် ချူးချူးကို တိတ်တဆိတ် ကယ်တင်ထားသည်ကလွဲလျှင် မည်သည့်အချက်မှ အကိုကြီးကိုသစ္စှာမဖောက်မိအောင် စောင့်ထိန်း သည်။

ဟေဇယ်သည် အကိုတော် နန်းတွင်းမှ ပြန်လာမည့် အချိန်ကို စောင့်မျှော်နေတတ်သည်။ ဟေဇယ်ကို ကမာ အိမ်တော်တွင် လိုလေသေးမရှိအောင်ထားသည်။ ဘာလိုလိုနှင့် ၆ လတာကာလအတွင်း ဟေဇယ်လည်း လုံးဝကျန်းမာလာခဲ့သည်။ အတိတ်ကို လုံးဝမေ့ကာ ကမာပြောထားသည့် နှင်းမြို့တော် အကြောင်းကိုသာ စိတ်ထဲစွဲနေသည်။ မိမိကိုယ်ကိုယ် နှင်းမြို့တော်သားဟု ထင်နေ သည်။ နောင်တော် ကမာကို စိတ်ထဲစွဲလန်းကာ နောင်တော် နန်းတော်ထဲသွားလျှင် ပြန်မလာမချင်း မျှော်လို့သာနေသည်။

"နောင်တော် ပြန်လာပြီ။ နောင်တော့်ကို ဟေဇယ်လွမ်းနေတာ။"

ဟေဇယ်က ကမာ့ကိုတွေ့သည်နှင့် အပြေးလာကာ ဖက်တော့သည်။ကမာ ရယ်မောက ဟေဇယ့်ကို တပတ်ဝှေ့ယမ်းလိုက်တော့ ဟေဇယ်၏ ပျော်ရွှင်စွာရယ်လိုက်သောအသံလေးက လေထဲ လွင့်ပျံသွား တော့သည်။

"ဟေဇယ်လေ။ ဒီနေ့ ဘာတွေ လေ့ကျင့်လဲ။"
ကမာ ဟေဇယ့်ကို စစ်လိုက်သည်။ ဟေဇယ် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ
"ဓါးသိုင်းလေ့ကျင့်တယ်။ လက်ရေးလှ ကျင့်တယ်။"

ကမာ အထိန်းတော်ကြီးကို လှည့်ကြည့်လိုက်တော့ ခေါင်းယမ်းပြသဖြင့် ဟေဇယ်က နူတ်ခမ်းစူကာ
"အထိန်းတော်ကြီးနော်။ နောင်တော်ကို ဘာ မဟုတ်တာပြောမလို့လဲ။"

ကမာ ဟေဇယ့်ကို စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။
"ဟေဇယ် နောင်တော့်ကို အမှန်တိုင်းဖြေ။ နေ့လည်က ဘာလုပ်လဲ။"

ဟေဇယ် ပြုံးဖြဲဖြဲဖြင့်
"ဥယျာဉ်ထဲ မှာ ကစားတယ်။ ပြီးတော့ နောင်တော့်ကို မျှော်နေတာ။"

ကမာ သက်ပြင်းရှိုက်လိုက်သည်။ ဟေဇယ့်ကို လွှတ်ထားလို့မရတော့ပေ။ သူလေးကိုတင်းကျပ်မှရ တော့မည်။

"နောက်ရက် မနက်ပိုင်း သိုင်းလေ့ကျင့်ရမယ်။ ပြီးရင် ညနေတိုင်း နောင်တော်နဲ့ အတူ လေ့ကျင့် ရမယ်။ ည နောင်တော် နန်းတော်ထဲ မသွားခင်အထိ စာဖတ်ရမယ်။"

ကမာ့စကားကို ကြားတော့ မျက်နှာငယ်လေးဖြင့် ခေါင်းညိမ့်ရှာသည်။ ဟေဇယ့်ကိုယ်ကို ကြံ့ခိုင် အောင် လေ့ကျင့်ပေးမှဖြစ်မည်။ အကိုကြီးနှင့် အကိုလေးတွေ့လျှင် ဟေဇယ်က မိန်းကလေး ဆိုတာ လုံးဝမရိပ်မိအောင် လေ့ကျင့်ပြီးမှ အသိပေးရမည်။ ယခုဆိုလျှင် ဟေဇယ်၏ အပြောအဆိုက တကယ့် ယောကျာ်းလေးလိုဖြစ်နေလေပြီ။ အထိန်းတော်ကြီးအား သူမလေးကို မိန်းကလေးများ၏ လစဉ်ကိစ္စ
ကို ပိပိရိရိဆောင်ရွက်တတ်အောင်သင်ကြားခိုင်းထားသည်။

"လာ...အခု လေ့ကျင့်မယ်။"

ဟေဇယ်သည် နောင်တော်နှင့်လေ့ကျင့်ရမည်ဆိုတော့ ပျော်ရွှင်စွာလိုက်ခဲ့သည်။ ဒီလိုနှင့် အချိန် တစ်နှစ်ကုန်လွန်သွားလေပြီ။ နန်းတော်အုပ်ချုပ်ရေးသည် အသားကျကာ တိုင်းပြည်လည်း အေးချမ်းသွားလေပြီ။ တင်တက်ရင်သည် တိုင်းခန်းလှည့်လည်ရန်စီစဉ်သည်။ ထိုခရီးစဉ်တွင် ကမာကို အတူလိုက်ရန်ခေါ်သည်။
ကမာက ငြင်းသေးသည်။ တကယ်တော့ ထိုခရီးက မိဖုရားများလိုက်ရမှာမဟုတ်လား။ သို့သော် တင်တက်ရင်က ကမာ့ကို သာခေါ်နေသဖြင့် အိမ်တော်တွင် ဟေဇယ်ကို ထားရစ်ကာ အကိုကြီးနှင့် အတူ ခရီးထွက်ခဲ့သည်။

တင်တက်ရင်သည် နယ်များကိုလှည့်လည်ရင်း လိုအပ်သည်ကို ထိရောက်စွာဆောင်ရွက်ပေးသည်။ အောက်ခြေမှတက်လာသူပီပီ ကွေ့ဝိုက်မနေ။ ပြည်သူတွေနှင့်တစ်သားတည်းထိတွေ့ကာ လုပ်သင့် သည်ကို လုပ်ဆောင်ပေးသည်။ ထို့ကြောင့် ပြည်သူများက မင်းကြိးတင်တက်ရင်ကို ပိုချစ်သည်။ ပိုလေးစားသည်။ နေ့ခင်းတွင် ကမာနှင့်အတူ တိုင်းပြည်ကိုလှည့်လည်ရင်းညတွင် အတူ အချစ်တိုင်းပြည်ကို ထူထောင်သည်။

ကမာသည် အကိုကြီးနှင့်လိုက်ရသည်ကို ပျော်သည်။ သို့သော် ည အိပ်မက်ထဲတွင် ဟေဇယ်မိမိကို ငိုရှိုက်ကာလိုက်ရှာနေသည်ဟု မက်ကာ သူ့နာမည်ကို ယောင်ယမ်းခေါ်ရင်းနှိုးလာခဲ့သည်။

"ဟေဇယ်...ဟေဇယ်..."

"ကမာလေး။ အိပ်မက်ဆိုးတွေမက်နေတာလား။ ရော့ ရေသောက်လိုက်ဦးနော်။ ပြန်အိပ်လိုက်၊ အကိုကြီးရှိတယ်။ "

ကမာ သတိဝင်လာသည်။ အကိုကြီးတိုက်သော ရေကို သောက်ကာ သူ့ရင်ခွင်ထဲတိုးကာ ပြန် အိပ်ပျော်သွားတော့သည်။
အိပ်မပျော်သူက တင်တက်ရင်ဖြစ်သည်။ ကမာ့နူတ်မှ ယောင်ယမ်းခေါ်ရလောက်အောင် စွဲလန်းစေ သူက မိမိရန်သူပဲ မဟုတ်လား။

"ဟေဇယ်...မင်း ဘယ်သူလဲ။ ဘာကြောင့် ကမာ့စိတ်ကို စိုးမိုးနေရတာလဲ။ မင်းအသက်မရှင်ချင် တော့ဘူးထင်တယ်။"

တင်တက်ရင်သည် ဟေဇယ့်အကြောင်းကို စုံစမ်းရန်ဆုံးဖြတ်လိုက်သည်။ ဟေဇယ်ကတော့ သူ့အပေါ် မုန်တိုင်း၏တိမ်မည်းများရစ်သိုင်းလာသည်ကို မသိပဲ ကမာ၏စံအိမ်တော်ရှိ သူ့အိပ်ခန်း ထဲအိပ်ပျော်နေမိသည်။
ကမာသည် ညက ယောင်ယမ်းသည်ကို မနက်ရောက်တော့ သတိမရတော့ပေ။ အကိုကြီးနှင့်အတူ မနက်စာစားရင်း ဒေသခံများအကြောင်းကို အားပါးတရ ပြောနေစဉ် အကိုကြီးက ရုတ်တရက်မေးလာ ခဲ့သည်။
"ဟေဇယ်ဆိုတာ ဘယ်သူလဲ ကမာ။"

"ဗျာ။"
ရုတ်တရက်ဆိုတော့ ကမာရင်ထိတ်သွားသည်။ အကိုကြီး၏ တည်သောမျက်ဝန်းက နိမိတ်မကောင်း ပေ။
တင်တက်ရင်သည် ဟန်မဆောင်တတ်သောကမာ၏ မျက်နှာတွင် စိုးရိမ်စိတ်ရစ်သန်းသွားသည်ကို အမိအရဖမ်းမိတော့ စိတ်တို့ ပိုလို့ခက်ထန်လာသည်။ ဟေဇယ်သည် ကမာ့အတွက် သာမန်လူ လုံး၀ မဖြစ်နိင်ပေ။

"သူ ကဘယ်သူလဲ။ ဘာကြောင့် ကမာ့အိပ်မက်ထဲထိပါရတာလဲ။"

ကမာ မဖြေလို့မရတော့ပေ။
"သြော်။ ညက ကျွန်တော် ယောင်သွားသေးလား။ သူက ကျွန်တော်ဝယ်ထားတဲ့ ကျွန်ကောင်လေး ပါ။ သူက အကိုကြီး ကျွန်တော့်ကို ပေးထားတဲ့ ကျောက်စိမ်းကရားအိုးကို ခွဲလိုက်လို့စိတ်ဆိုးနေတာ ကြောင့် အိပ်မက်ထဲမှာ သူ့ကိုဆူနေတာပါ အကိုကြီး။"

တင်တက်ရင် မယုံပါ။ ကမာ့မျက်ဝန်းက ကျွန်ကောင်လေးအတွက်စိုးရမ်စိတ်ပိုနေကတည်းက ထိုကောင်လေးက ကျွန်ကောင်လေးထက် ပိုလို့ပေါ့။ ကမာ ချစ်ရမည့်သူတွေ့နေပြီလားဟု တွေးကာ ရင်ပူသွားသည်။ ရင်ထဲတွင် မီးတောက်တို့တရှိန်ရှိန်တောက်လောင်လို့နေသည်။

"ဟေဇယ်ဆိုတာ မင်းညီဝမ်းကွဲဆိုတာလား။ အခု သူက မင်းညီ ဝမ်းကွဲလား။"

တင်တက်ရင် ကမာ့လက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။ စိတ်ထဲတွင ်သံသယဝင်နေမိသည်။

"မသိဘူး အကိုကြီး။ သူက ကျွန်တော့် ညီနဲ့ တော့အတော်လေးတူတယ်။ ဒါပေမယ့် သူက ဘာမှ သိပ်မမှတ်မိဘူး။ နယ်တကာကို ရောက်တာ ၄ နှစ်ကျော်ပြီဆိုတော့ နှင်းမြို့တော်အကြောင်းကို မေ့သလောက်ရှိနေပြီဆိုတော့ မသေချာသေးတာမို့စောင့်ကြည့်နေတာပါ။ သေချာမှ အကိုကြီးကို ပြောမလို့ပါ။ "

"အခု သူက မင်းအိမ်တော်မှာပေါ့။ ရောက်နေတာ ကြာပြီလား။"

"ဟုတ်ကဲ့။"

"မင်း သူ့ကို ဘယ်လိုသဘောထားသလဲ ကမာ."

တင်တက်ရင်ဗြောင်မေးလိုက်သည်။ ကမာ ရငိတ်ထိတ်သွားသည်။ အကိုကြိးမေးခွန်းက တစ်စုံတစ်ယောက်ကို အသေသတ်ချင်သော လေသံပေါက်နေသည်။

"သူက ကျွန်တော့်အတွက်တော့ လက်စွဲတော်ကောင်လေးတစ်ယောက်ထက် မပိုပါဘူး အကိုကြီး."

တင်တက်ရင် မျက်နှာကျောကို လျှော့လိုက်သည်။ တော်ကြာ ကမာစိတ်ပူပြီး ကောင်လေးကို ဖွက် ထားနေဦးမည်။ မိမိစိတ်ရှည်ရမည်။ ရိုးရိုးဆိုလျှင် ကိစ္စမရှိပါ။ ဆန်းဆန်းဆိုလျှင်တော့ ငရဲပြည်မှာ သွားပုန်းနေလျှင်တောင် မိမိက လိုက်ရှာပြီး တစ်စစီဆွဲဖြဲလိုက်မည် ဖြစ်သည်။

"ကောင်းပြီလေ။ အကိုကြီး တစ်ခုကြိုပြောထားမယ်နော်။ မင်း ဘာလုပ်လုပ် မင်းကို ခွင့်လွှတ်တယ်။ အေး..ချစ်သူထားရင်တော့ မင်းချစ်တဲ့သူကို ကိုယ် သေတာထက်ဆိုးတဲ့ ဘဝရောက်အောင် တွန်းပို့လိုက်မယ်။"

ကမာ သူ့လက်ကို ဆုပ်ကိုင်ကာ စိတ်ထိခိုက်စွာပြောလိုက်သည်။

"အကိုကြီး။ ကျွန်တော့်ကို မယုံလို့ ဒီစကားပြောတာလားဟင်။"

"မင်းကို ယုံတယ်။ကံကြမ္မာကို မယုံတာ။ မင်း ဘယ်သူ့ကိုမှ မချစ်မိရင်ပြီးတာပဲလေ။"

တင်တက်ရင် သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။ စိတ်ထဲတွင်တော့ နည်းနည်းမှ မအေးချမ်းပါ။

"အကိုကြီးကလွဲရင် ဘယ်သူ့ကိုမှ မချစ်ပါဘူးဗျာ။"
ကမာ့စကားကြောင့် တင်တက်ရင် ပြုံးသွားသည်။ သို့သော သူ့အပြုံးက မလှိုက်လှဲသည်ကို သူ့ဖာသာအသိဆုံးပါ။

ကမာသည် အကိုကြီးနှင့်အတူရှိချိန်တွင် ဟေဇယ့်အမည်ကို ယောင်မခေါ်မိရန် ဘယ်လိုလုပ်ရမှန်း မသိတော့ပေ။ ထို့ကြောင့် အကိုကြီးနှင့်အတူအိပ်လျှင် စိတ်အေးလက်အေး မအိပ်နိုင်ပဲ နိုးတစ်ဝက် ဖြစ်နေသည်။ တစ်ညတည်းလည်းမဟုတ်ပေ။ ညတိုင်းဆိုတော့ ကမာလူလည်း မလန်းတော့ပေ။

ခရီးထွက်ရာမှ နေပြည်တော်ပြန်ရောက်တော့ ကမာ အကိုကြီးကိုခွင့်တောင်းလိုက်သည်။ ည နန်းတွင်းထဲ အခစားမဝင်ပဲ အိမ်တွင် ညအိပ်ခွင့်တောင်းခြင်းဖြစ်သည်။. တင်တက်ရင် သံသယဝင် သွားသည်။

"ဘာဖြစ်လို့လဲ ညီလေး။ ကိုယ့်ကို ညီးငွေ့လို့လား"

"မဟုတ်ပါဘူး အကိုကြီး။ကျွန်တော် အိမ်မှာ ခဏနားချင်လို့ပါ။ ခရီးလည်းပန်းလို့ပါ။"

တကယ်လည်း ကမာ့ပုံက နွမ်းနယ်နေသောကြောင့် တင်တက်ရင် ခွင့်ပြုလိုက်သည်။

"တစ်ညတည်းနော်။ နောက်နေ့ အခစားဝင်ရမယ်။"

"ဟုတ်ကဲ့ အကိုကြီး။"

တင်တက်ရင်သည် ကမာ့ကို မြတ်မြတ်နိုးနိုးနမ်းကာ ပြန်လွှတ်လိုက်သည်။ သူ့နောက်တွင် ကိုယ်ရံတော်တပ်ဖွဲ့မှ တစ်ယောက်ကိုလွှတ်လိုက်သည်။

"ဟေဇယ်ဆိုတဲ့ ကောင်လေးနဲ့ပတ်သတ်တာ အားလုံးသိချင်တယ်။ "

ကိုယ်ရံတော် ပါလာသည်ကို မသိပဲ ကမာ စိတ်လက်ပေါ့ပါးစွာ အိမ်တော်ကို ပြန်လာခဲ့သည်။အိမ်တွင် ဟေဇယ်လေး မိမိကို မျှော်နေတော့မည်ဟု တွေးကာ ခြေလှမ်းများသွက်လို့နေသည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၅)-ပထမပိုင်း

ကိုယ်ရံတော် ပါလာသည်ကို မသိပဲ ကမာ စိတ်လက်ပေါ့ပါးစွာ အိမ်တော်ကို ပြန်လာခဲ့သည်။အိမ်တွင် ဟေဇယ်လေး မိမိကို မျှော်နေတော့မည်ဟု တွေးကာ ခြေလှမ်းများသွက်လို့နေသည်။

"သခင်လေး ပြန်လာပြီ။ သခင်လေး။"

အိမ်တော်အဝကိုရောက်သည်နှင့် ကမာထံသို့ ဟေဇယ်ပြေးလာပြီး တခါတည်းခုန်ကာလည်ပင်း ကိုသိုင်းဖက်လိုက်သည်။ ကမာက ရယ်မောကာ ဟေဇယ့်ကို တပတ်လည်အောင် လေထဲ ဝှေ့ယမ်း လိုက်သည်။ ဟေဇယ်က သဘောကျစွာတခစ်ခစ်ရယ်မောလို့နေသည်။ ဘာလိုလိုနှင့်ဟေဇယ်ပင် ကမာ့ထံရောက်လာတာ တစ်နှစ်ရှိလေပြီ။ အသက်တစ်ဆယ့်လေးနှစ်အရွယ်ဆိုတော့ အရပ်ထွက်လာ သည်။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရသောကြောင့် ဟေဇယ်က ကျစ်လစ်ကာ ကျားပေါက် လေး လိုသန်မာသည်။ မျေက်ကလေးလို ပေါ့ပါးသည်။ သမင်လေးလို အပြေးမြန်သည်။

"ဟေဇယ်...သခင်လေးကို ဒီလို မလုပ်ရဘူးလေ။"

အထိန်းတော်ကြီးက မျက်စိမျက်နှာပျက်စွာ လိုက်ဟန့်သည်။ သို့သော် ဟေဇယ်က လုံးဝလှည့်မကြည့်ပဲ တိုင်သည်။

"သခင်လေး မရှိတော့ အကြီးက ဟေဇယ့်ကိုအနိုင်ကျင့်တယ် အကိုလေး။"
ကမာက ရယ်ကာ မေးလိုက်သည်။

"ဘယ်လိုအနိုင်ကျင့်တာလဲ ပြောပါဦး "

"ဟေဇယ့်ကို ညအတင်းအိပ်ခိုင်းတယ်။ ဟေဇယ်က အကိုလေး ပြန်လာအောင်ဆုတောင်းနေတာကို မအိပ်ချင်ပဲ အိပ်ခိုင်းတယ။်"
ကမာ ရယ်ကာ ဟေဇယ့်ကို မြေပေါ်ချပြီး ပုခုံးလေးကို ဖက်ကာ အထဲကို ခေါ်လာရင်း ပြောသည်။

"အထိန်းတော်ကြီးကို အကိုလေး မှာထားခဲ့တာပါ။ ဟေဇယ့်ကို ခရီးမသွားခင် အကိုလေး သေချာပြောခဲ့တာ မှတ်မိလား။ ဘာတွေလဲ ပြန်ပြောစမ်း။"

ဟေဇယ် မပွင့်တပွင့်ဖြေသည်။
"မှန်မှန်အိပ်၊ မှန်မှန်စားရမယ်။ လေ့ကျင့်ခန်းလုပ်ရမယ်။"

"ဘာတွေ ပျက်ကွက်လဲ ပြောစမ်း။"

"ဟေဇယ် အကုန်ုလုပ်တယ်။"
ဟေဇယ် ပေကတ်ကတ်လေးပြန်ဖြေသည်။ ကမာက စိုက်ကြည့်နေသဖြင့် ဟေဇယ် မျက်ရည်ဝိုင်းလာပြီး ပြောရှာသည်။

"ဟေဇယ် မှားပါတယ် အကိုလေး။ အကိုလေးကို လွမ်းလို့ ဟေဇယ် ဘာမှ မလုပ်မိပါဘူး။"

ကမာ စိတ်တိုကာ ဆူမည်ပြုစဉ် ဟေဇယ်က မျက်ရည်ကျလာသဖြင့် ကမာ သက်ပြင်းချကာ ဟေဇယ့် ခေါင်းလေးကို ပွတ်ပေးစဉ် ဟေဇယ်က ကမာ့ရင်ခွင်ထဲတိုးကာ ငိုရင်း ပြောသည်။

"နောက်ကို ဟေဇယ် အကိုလေးစကားကို အားလုံးနားထောင်ပါ့မယ်။ ဟေဇယ့်ကို အခုလို အကြာ ကြီးပြစ်မထားပါနဲ့။ ဟင့် ဟင့်..ဟင့်..ညညဆိုရင် ဟေဇယ် သခင်လေး မရှိရင် အိပ်မပျော်ဘူး။"

အထိန်းတော်ကြိးက မင်းသမီးလေးကို ဟန့်တားချင်သော်လည်း မဟန့်တားရက်အောင် ဖြစ်ကာ မျက်နှာမကောင်းဖြစ်နေသည်။ မင်းသမီးလေး သူ့အကိုလေးကို အရမ်းခင်တွယ်နေသည်ကို ကြည့်ကာ သနားနေမိသည်။
ကမာသည် အကိုကြီးကို သတိရသွားသည်။ မိမိနှင့် ဟေဇယ်ဒီလို ရင်းနှီးနေသည်ကို သာသိလျှင် ဟေဇယ့်ကို အဝေးပို့ပစ်လိမ့်မည်။ ကမာ သက်ပြင်းရှိုက်ကာ ဟေဇယ်ကို အသာလူခြင်းခွာကာ ပြောလိုက်သည်။

"ဟေဇယ်လေး။ အကိုလေးကို ချစ်လား။"

"ဟုတ်ကဲ့။ "

"ဒါဆို အကိုလေးရဲ့စကားကို တသွေမတိမ်းနာခံရမယ်နော်။"

ဟေဇယ်သည် အကိုလေးဆိုလိုသည်ကို သိလိုက်သည်။ မျက်ရည်က ကျလာသော်လည်း သုတ်ပစ်ကာ ခေါင်းငြိမ့်လိုက်သည်။ ကမာ စိတ်မကောင်းသော်လည်း မတတ်နိုင်ပေ။ နန်းတွင်းထဲမှ အကိုကြီးနှင့် အကိုလေး၏ တပ်သားမျာသိသွားလျှင် ကမာ မတွေးရဲ့တော့ပေ။

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now