
Start from the beginning
                                    

===============

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄၁)

တင်တက်ရင်သည် ညီတော် မော်ရင်ထံမှ စာလွှာရကတည်းက မိမိတပ်ဖွဲ့များကို နေပြည်တော်သို့ တိတ်တဆိတ်စေလွှတ်ထားလိုက်သည်။ မင်းကြီးရောဂါသည်းလာကတည်းက မိမိကို အရေးမကြီးပဲ နယ်စပ်ကို စေလွှတ်ကာ သူပုန်များနှိမ်နှင်းခိုင်းကတည်းက တင်တက်ရင် အမတ်ချုပ်ကြီး ဘယ်ခြေကို လှမ်းတော့မည်ကို ကြိုမြင်နေသည်။
မိမိအထောက်တော်များ၏ တင်ပြချက်အရ တေးဟာခန် မင်းကြီး၏ အဖေတူအမေကွဲ ညီငယ်တစ်ဦး ထံသို့ အဝင်အထွက်ရှိသည်ကို သိပြီးဖြစ်သည်။ ထိုမင်းသား၏ မိခင်က နယ်စွန်နယ်ဖျားက မျိုးနွယ်စု တစ်ခုက ဖြစ်သည်။ ထက်မြက်မှုသိပ်မရှိသော မင်းသားကို နန်းတင်ပြီး နောက်ကွယ်မှ နန်းထိုင်ချင် သော အမတ်ကြီး၏ ခြေလှမ်းကို မိမိ မပြတ်စောင့်ကြည့်နေလိုက်သည်။
တကယ်တော့ တင်တက်ရင်၏ လက်ထဲတွင် လျှို့ဝှက်စစ်တပ်ထက် ကြောက်စရာကောင်းသော စစ်တပ်တစ်ခုကို တည်ဆောက်ထားပြီးဖြစ်သည်။ လျှို့ဝှက်စစ်တပ်မှ အတော်ဆုံးသော တပ်သား များကိုလည်း စည်းရုံးထားပြီးဖြစ်သည်။
နယ်စပ်တွင် တာဝန်ထမ်းဆောင်ရင်း မင်းကြီးက သူနတ်ရွာစံသည်နှင့် အတူခေါ်သွားမည့် မိဖုရား အမည်ထွက်လာသောအခါ တင်တက်ရင် ဒေါသထွက်သွားသည်။ ကမာကတော့ မင်းကြီး၏ သိမ်းပိုက်ထားခြင်းခံရသည့်တိုင် မိမိကိုပင် လိုက်လျောခြင်းမရှိပဲ မင်းကြီးအပေါ် သစ္စာရှိသလောက် မင်းကြီးက သူနှင့်အတူ ကမာကို သေရွာသို့ခေါ်သွားသဖြင့် တင်တက်ရင် လက်နှေးနေလို့မဖြစ် တော့ပေ။

ဒီတစ်ခါမိုးနတ်မင်းဆင်းတားလျှင်တောင် ကမာကို လက်လွှတ်မခံတော့ပေ။ တင်တက်ရင်သည် ယင်းယင်းအတွက်ကိုလည်းစဉ်းစားသည်။ သူ့ဖခင် အမတ်ချုပ်ကြိးနှင့် မိမိတို့ ဆန့်ကျင်ဘက် ဖြစ်လျှင် သူမမည်သူ့ဘက်ပါမည်ကို စောင့်ကြည့်ရအုံးမည်။

တင်မော်ရင်ကို ညီလာခံတွင် အမတ်ချုပ်ကြီးနှင့်ဆန့်ကျင်ဘက် ထွက်ဆိုခိုင်းတော့ ထင်သည့်အတိုင်း အမတ်ချုပ်ကြီးက မော်ရင်ကို ထောင်သွင်းအကျဉ်းချလိုက်သည်။ ကမာနှင့် မော်ရင့် ဇနီး ဖိန်းဖိန်း က ယင်းယင်းထံသို့အကူအညီ သွားတောင်းသည်ကို ယင်းယင်း ငြင်းလိုက်ပြီးနောက် တင်တက်ရင်၏ ဆုံးဖြတ်ချက်ခိုင်မာသွားလေပြီ။

မိမိနေရာတွင် လူတစ်ဦးကို အစားထိုးကာ နေပြည်တော်သို့ တက်လာခဲ့သည်။ နေပြည်တော်ရှိ မိမိစစ်တပ်ကို ဖြန့်ကျက်ထားလိုက်သည်။ တင်တက်ရင်က မင်းကြီးအဆောင်တွင် တာဝန်ကျသော တပ်သားအဖြစ် ဟန်ဆောင်ကာ ကမာကို အနီးကပ်စောင့်ရှောက်နေလိုက်သည်။

ကမာသည် မော်ရင်အတွက်နှင့် မင်းကြီးနှင့်အတူ အသေခံရန်မှာ သူ့ဆန္နဖြစ်ကြောင်းအမိန့်ထုတ်ပြန် လိုက်သည်။ ကမာ နန်းတွင်းတွှင် တစ်ယောက်တည်း အထီးကျန်ကာ ဝမ်းနည်းနေသည်ကို စောင့်ကြည့်ရင်း တင်တက်ရင် အသည်းဆတ်ဆတ်ခါအောင် ရင်နာနေမိသည်။

ယင်းယင်းသည်လည်း မိမိအပေါ်ချစ်ခင်သည်ဟု ထင်ထားခဲ့ရာ အာဏာနှင့်ပတ်သတ်လာလျှင် မရတော့ပေ။ အမတ်ချုပ်ကြီးက မင်းကြီးနတ်ရွာစံသည်နှင့် နောက်မင်းတစ်ပါးကို တင်မြှောက်ရန် အားလုံးကြိုတင်ကြံစည်ထားပြီးဖြစ်သည်။ မြေအောက်အကျဉ်းထောင်တွင် မိမိတို့ကို ကြည့်ညို လေးစားသော အမတ်များအားလုံးကို ထောင်သွင်း အကျဉ်းချထားပြီးဖြစ်သည်။

ယင်းယင်းပင်လျှင် မိမိတို့အိမ်တော်တွင် မနေတော့ပဲ သူ့ဖခင်၏ အိမ်တော်သို့ ရွှေ့ပြောင်းသွားပြီး ဖြစ်သည်။ အားလုံးက အမတ်ချုပ်ကြီး၏ အကြံများဖြစ်သည်။ သူ့သမီးကို ဖမ်းပြီး အကျပ်ကိုင်မည်ကို စိုးရိမ်နေပုံရသည်။ အမတ်ချုပ်ကြီး မသိသည့်အချက်က နန်းစောင့်တပ်ထဲတွင် မိမိတပ်သားများကို ထည့်သွင်းထားပြီးဖြစ်သည်။ လျှို့ဝှက်စစ်တပ်၏ တစ်ဝက်ခန့်က မိမိလူများဖြစ်သည်။ မိမိနန်းမသိမ်း သေးတာက ချစ်သူလေး၏ စကားကြောင့်ဖြစ်သည်။

အမတ်ချုပ်ကြီးက မင်းကြီးရောဂါသည်းသည်နှင့် ကမာ့အတွက် အဆိပ်ဆေးကို တခါတည်း ပြင်ထားစေသည်။ တင်တက်ရင်သည် အမတ်ချုပ်ကြီး၏ လုပ်ရပ်ကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေလိုက်သည်။

ရသည်။ လုပ်ချင်တာလုပ်။ ကမာ့မွေးညှင်း တစ်ပင်မထိခိုက်အောင် မိမိ သံကွန်ချာအုပ်ထားပြီး
ဖြစ်သည်။ ကမာ့ကို ဘာလုပ်လုပ် ဆယ်ဆ ပြန်ပေးဆပ်ရမည်ဟု တွေးထားပြီးဖြစ်သည်။

"မင်းကြီး နတ်ရွာစံပြီ။ မင်းကြီးနတ်ရွာစံပြီ။"
မင်းကြီးအဆောင်မှ အတွင်းဝန်၏ ကြေငြာသံအဆုံးတွင် သံတော်ဆင့်မှ ထပ်ဆင့်ကြေငြာလိုက်သံက နန်းတော်ထဲပြန့်သွားပြီး အနောက်ဘက် မိဖုရားအဆောင်မှ ငိုသံထွက်လာခဲ့သည်။

"နှင်းမိဖုရားအတွက် အဆိပ်ခွက်ယူလာခဲ့ပါ။"

အမတ်ချုပ်ကြီး၏ စကားသံအဆုံးတွင် သမားတော်ကြီးက ရွှေခွက်နှင့် အဆိပ်ကို ကမာ့ထံသို့ယူဆောင်လာခဲ့သည်။

အမတ်ချုပ်ကြီးက ကမာအဆိပ်ခွက်မော့သောက်သည်ကို မျက်တော်မခတ်တမ်း စိုက်ကြည့်နေသည်။ ကမာ မသောက်လျှင် အတင်းတိုက်မည့်ပုံဖြစ်သည်။ ကမာသည်မျက်နှာတစ်ချက်မပျက်ပဲ အဆိပ်ခွက်ကို မော့သောက်ကာ မင်းကြီးအနားတွင် ဝင်ရောက်လဲလျောင်းလိုက်သည်။ ကမာ၏ အသက်ရှုသံတဖြည်းဖြည်းရပ်သွားသည်ကို စောင့်ကြည့်ပြီးမှ အမတ်ချုပ်ကြီးထွက်သွားသည်။

"မင်းသားကို နန်းတင်မယ်။ အားလုံး ညီလာခံခန်းမထဲ စုစည်းမယ်။"

အမတ်ချုပ်ကြီးထွက်သွားသည့်နောက် အမတ်များ၊ စစ်သူကြီးများလိုက်ပါသွားကြသည်။ မင်းကြီး၏ အတွင်းဝန်ကြီးနှင့် သမားတော်ကြီးသာကျန်ရစ်ခဲ့သည်။

တင်တက်ရင်သည် အကွယ်မှထွက်လာပြီးနောက် သမားတော်ကို အချက်ပြပြီးနောက် သမား တော်က အသင့်ယူလာသည့် ဖြေဆေးကို တိုက်ပေးလိုက်သည်။ အတွင်းဝန်ကြီးက တင်တက်ရင်ကို တွေ့သော် အရိုအသေပေးလိုက်သည်။

"ဘုရင်ခံကြီး။ မင်းကြီးအတွက် သစ္စာဖောက်တွေကို သုတ်သင်ပေးတော်မူပါ။ ကျွန်တော်မျိုးရဲ့ အသက်နဲ့ ကျေးဇူးဆပ်ပါ့မယ်။ မင်းကြီးရဲ့ ထွက်သက်ဆုံးတာနဲ့ မင်းသားဟွာကို နန်းတင်တဲ့ အမတ်ကြီးကို သုတ်သင်ပေးတော်မူပါ။"

"ကောင်းပါပြီ အတွင်းဝန်ကြီး။ "

တင်တက်ရင်သည် ကမာ့ကို ပွေ့ချီကာ အဆောင်အပြင်ကို ခေါ်လာခဲ့သည်။ အပြင်တွင် တင်မော်ရင် နှင့် အဖွဲ့က အသင့်စောင့်နေသည်။တင်တက်ရင်က ကမာကို မော်ရင်လက်ထဲအပ်ကာ နန်းတက်ပွဲ ကျင်းပနေသည့် ညီလာခံခန်းမသို့ မိမိစစ်တပ်ကို ဦးဆောင်ကာ ထွက်လာခဲ့သည်။

မိမိအတွင်းလူများက မြို့တံခါးကို ဖွင့်ပေးထားသဖြင့် မြို့ပြင်မှ စစ်တပ်များက နန်းတော်ထဲကို ဝင်လာ ကြ လေပြီ။ နန်းတော်ထဲတွင် အမတ်ကြီး၏ လူများနှင့် မင်းသားဟွာ၏ ရဲမတ်များက ဒူးတုန်နေကြပြီ။

"လက်နက်ချတဲ့သူကို အသက်ချမ်းသာပေးမယ်။ လက်နက်ကိုင်ထားသူူမှန်သမျှ သတ်စေ။"

အနက်ရောင်နှင့် ရွှေရောင်ဝတ်ထားသည့် တင်တက်ရင်၏ တပ်သားများကို တွေ့ပြီး နန်းစောင့်ရဲမတ် တစ်ဝက်ခန့်က လက်နက်ချကြသည်။ ကျန်တစ်ဝက်ကတော့ သူတို့သခင်ကို ဝန်းရံကာ စောင့်ရှောက်ကြသည်။

"သတ်..."

တင်တက်ရင်၏ စကားသံအဆုံး နန်းတွင်းထဲတွင် သွေးချောင်းစီးသွားတော့သည်။
အမတ်ချုပ်ကြီးသည် ပလ္လင်ပေါ်မှ နေပြီး ဓါးလွတ်ကို ကိုင်ကာ တင်တက်ရင်၏ ရဲမတ်များကို ခုခံနေသည်။
တင်တက်ရင်သည် လေးနှင့်မြှားကိုယူကာ အမတ်ချုပ်ကြီးကိုချိန်ပြီး တစ်ချက်တည်းပစ်ချလိုက်သည်။

"အမတ်ချုပ်ကြီး သေပြီ။ "

တင်တက်ရင်၏ ရဲမတ်များကြေငြာသံကို ကြားသော် ခုခံနေသူများအားလုံး လက်နက်ချလိုက် တော့သည်။

ယင်းယင်းသည် ဖခင်၏ စံအိမ်တွင် နေရင်း ရဲမတ်တစ်ဦးလာပြောသည်ကိုကြားသော် မျက်ရည်များ စီးကျ လာခဲ့သည်။ သွားပြီ။ ကမာကို အဆိပ်ကြွေးဖို့ ဖခင်ကြီးကို တိုက်တွန်းခဲ့သည့်အတွက် မောင်တော်က မိမိကို အလွတ်ပေးတော့မည် မဟုတ်ပေ။

ယင်းယင်းသည် သားတော်လေးကို ဖက်ကာ ငိုနေရင်း မိမိထံကို ချစ်လင်ရောက်လာမည့် အချိန်ကို စောင့်နေလိုက်သည်။

တင်တက်ရင်၏ တပ်များနန်းသိမ်းပြီးနောက် လူသေကောင်အားလုံးကို ရှင်းလိုက်ပြီး မင်းကြီး၏ ဈာပနကို ခမ်းနားစွာပြင်ဆင်သည်။ မြေအောက်အကျဉ်းထောင်မှ အမတ်ကြီးများက ဈာပနကို ဦးဆောင်ပြင်ဆင်ကြသည်။

ဈာပနကို အစဉ်အလာမပျက် ပြုလုပ်ကာ ဘိုးဘေးများ၏ တော်ဝင် င်္သချိုင်းတွင် မြှုပ်နှံလိုက်သည်။

တင်တက်ရင်သည် ယင်းယင်းထံသို့ထွက်လာခဲ့သည်။ သူမနှင့် စာရင်း မရှင်းရသေးပေ။ သူမထံမှ အကြွေးတောင်းရအုံးမည်။

ယင်းယင်းသည် အိမ်ထဲဝင်လာသော တင်တက်ရင်ကို ထိုင်ကြည့်နေလိုက်သည်။ သူုမ၏ မျက်နှာက တည်ငြိမ်နေသည်။ အိမ်တော်မှ လူအားလုံးက ကြောက်ရွံစွာ အရိုအသေပေးကြသည်။ ခြံထဲတွင် တင်တက်ရင်၏ စစ်တပ်မှ လူများဖြင့်ပြည့်သွားသည်။

"အားလုံးကို ဖမ်းပြီးသတ်..."

တင်တက်ရင်၏ အမိန့်သံအဆုံးတွင် အမတ်ချုပ်ကြီး၏ ခြံဝင်းက ငရဲပွက်သလို ဆူညံသွားသည်။
ယင်းယင်းသည် သူနှင့်မဆိုင်သလို ကြည့်နေလိုက်သည်။

"မင်းလက်ထဲက ကလေး ငါ့ကို ပေးခဲ့ပါ ယင်းယင်း။ မင်းက ငါ့ ဇနီးမဖြစ်ထိုက်တေ့ာဘူး။ ငါ့ ကလေးကို မင်းပြုစုဖို့ မထိုက်တန်ဘူး။"

ယင်းယင်းက မဲ့ပြုံးပြုံးကာ မေးလိုက်သည်။

"ရှင်အမြင့်ရောက်လို့ လှေကားကို ဖယ်တော့မလား "

"မင်း လုပ်ထားတဲ့အပြစ်ကို မင်းခံရလိမ့်မယ် ယင်းယင်း။ "

"ရှင့် ချစ်သူလေးကို အဆိပ်သောက်ဖို့ ဖိအားပေးလို့လား။"

"ဟုတ်တယ်။"
တင်တက်ရင် ပြတ်သားစွာပြောလိုက်ပြီး လက်အောက်မှ စစ်သူကြီးကို အမိန့်ပေးလိုက်သည်။

"သူ့လက်ထဲက ကလေးကို သွားယူခဲ့။"

ယင်းယင်းက ရယ်မောလိုက်သည်။ သူမ ပါးစပ်ထောင့်မှ သွေးမည်းများစီးကျလာခဲ့သည်။ တင်တက်ရင် သိလိုက်ပြီ။ သူမ အဆိပ်စားထားလေပြီ။ သူမအနားလွှားခနဲသွားကာ ကလေးကို ဆွဲယူလိုက်တော့ ကလေးက တောင့်လို့နေပြီ။

"အား.....မိန်းမယုတ်။ မင်း ငါ့ ကလေးကို သတ်လိုက်ပြီ။ "

ယင်းယင်းအောင်နိုင်စွာပြုံးလိုက်သည်။
"ရှင့်လက်ထဲ ကျွန်မကလေးကို မထည့်နိုင်လို့ ကျွန်မနဲ့ အတူ တမလွန်ကို ခေါ်သွားပြီ။ ရှင့်ကို ဘဝဆက်တိုင်း ကလဲ့စားခြေနိုင်ဖို့ ကျွန်မဆုတောင်းတယ် တင်တက်ရင်။ "

ယင်းယင်းပြောပြီး လဲကျကာ အသက်ပျောက်သွားတော့သည်။
"သားလေး။ ငါ့ သားလေး။"

တင်တက်ရင်သည် ယင်းယင်းလက်ကြားမှ မိမိသားကို ပွေ့ကာ ငိုကြွေးလိုက်မိသည်။ ယင်းယင်းကို မိမိသေဒဏ်ပေးသည်အထိ မရည်ရွယ်ထားပါ၊ အလွန်ဆုံး နယ်နှင်ဒဏ်ပေးရုံပဲဖြစ်သည်။ သို့သော် သူမက သေလမ်းကို ရွေးသွားသည့်အပြင် မိမိသားကို ပါ ခေါ်သွားသဖြင့် တင်တက်ရင် တကယ်နာကျည်းစွာ ငိုရှိုက်မိသည်။

"သားတော်လေး..."

ကမာ နိုးလာသောအခါ နန်းဆောင်တစ်ခုလုံးမွှေးပျံ့နေပြီး မိမိကိုယ်ပေါ်တွင်လည်း လှပသော ယောကျ်ားလေး ဝတ်စုံကို ဝတ်ထားသဖြင့် ကမာ ပြုံးမိသည်။ မိမိ သေသွားပြီး တမလွတ်ကို ရောက်နေပြီဟုထင်မိသည်။ နံဘေးကို စောင်းလိုက်တော့ အိပ်ပျော်နေသော လူတစ်ဦး၏ မျက်နှာကို တွေ့လိုက်တော့ ထိတ်လန့်ကာ ဆိတ်ခနဲထထိုင်လိုက်သည်။

"ဟင့်အင်း ။ အကိုကြီး မသေရဘူး။ အကိုကြီး ဘာလို့ ဒီမှာရှိနေတာလဲ။ "

ကမာ သည် အကိုကြီးကို အလန့်တကြားလေး လှုပ်နှိုးကာ ပြောရင်းမျက်ရည်ကျလာခဲ့သည်။ မိမိ သေသွားသည်ထက် အကိုကြီး သေသွားသည်ကို လုံးဝလက်မခံနိုင်ပါ။

"အကိုကြီး ဘာလို့ သေရတာလဲ။ အကိုကြီး မသေရဘူး ဟီး..ဟီး.."

တင်တက်ရင်မျက်လုံးပွင့်လာပြီး ကမာ့ကို ပွေ့ဖက်ကာ ရင်ခွင်ထဲသွင်းပြီး ပြောလိုက်သည်။

"ကမာလေးကို အကိုကြီးပြောထားသားပဲ။ သေအတူ ရှင်အတူပါဆို။ "

ကမာသည် အကိုကြီး၏ ရင်ဘတ်ပေါ်မျက်နှာအပ်ကာ ငိုနေမိသည်။ တင်တက်ရင်က ကမာ့ မျက်နှာလေးကို မော့ကာ နူတ်ခမ်းလေးကိုနမ်းပြီးပြောလိုက်သည်။

"ဘယ်မှာပဲ နေရနေရ အကိုကြီးအတွက် ကမာနဲ့ အတူနေခွင့်ရရင် ကျေနပ်ပြီ။"

ကမာ ငိုပဲငိုနေသဖြင့် တင်တက်ရင်က ကမာ့ကိုယ်လေးကို ကလေးလိုပွေ့ကာ ချော့သည်။

"တိတ်ပါ။ အကိုကြီး မသေပါဘူး။ ကမာလည်းမသေဘူး။ကိုယ်တို့ အသက်ရှင်နေတုန်းပါ။"

"ဟင့်အင်း ။ အကိုကြိးက ကမာ့ကို စိတ်ချမ်းသာအောင် လိမ်နေတာ။ ကျွန်တေ်ာက အဆိပ်သောက်လို့ သေပြီးပါပြီ။"

တင်တက်ရင်က ကမာ့ကို ပွေ့ကာ ခုတင်ပေါ်မှဆင်းပြီး အပြင်သို့ထွက်လာခဲ့သည်။

"မင်းကြီး။ မျက်နှာသစ်တော်ရေ အသင့်ဖြစ်ပါပြီ။"

"အေး...ဝင်လာခဲ့တော့။"

အတွင်းဝန်ကြီးနှင့် အပျိုတော်များ မျက်နှာသစ်ရေများသယ်ကာ တန်းစီဝင်လာသဖြင့် ကမာ အံ့အားသင့်သွားသည်။

"ဟင်..အတွင်းဝန်ကြီးလည်း သေပြီလား။"

အတွင်းဝန်ကြီးက ပြုံးကာ ရိုသေစွာလျှောက်တင်သည်။

"ကျွန်တေ်ာမျိုးမသေပါဘူး သခင်မ။"

တင်တက်ရင်က ကမာ့ကို ချပေးပြိး ပြောလိုက်သည်။

"ကဲ မျက်နှာသစ်လိုက်ဦး။ ပြီးရင် ညီလာခံတက်စရာရှိတယ်။ ကမာလည်းလိုက်လာရမယ်။"

"ညီလာခံ။ ဘာကြောင့်လဲ။"

တင်တက်ရင်က ကမာ့ပါးလေးကို နမ်းကာ ပြောလိုက်သည်။
"ကမာလေးရဲ့ ခင်ပွန်း က မင်းကြီးဖြစ်နေလို့ပေါ့။"

ကမာ မျက်လုံးပြုးသွားသည်။

"ကျွန်တော့်ကို ဘယ်သူကယ်ထားတာလဲ။ ကျွန်တေ်ာ အဆိပ်သောက်လိုက်ပါတယ်။"

"ကိုယ် အားလုံစီစဉ်ထားပြီးသားပါ။ ကမာလေးသောက်လိုက်တဲ့ အဆိပ်ကို ကိုယ်ဖြေဆေးဖော်ခိုင်း ထားပြီးသားပါ။ ကမာလေး အိပ်ပျော်နေတဲ့ ၃ ရက်အတွင်း အာလုံးပြီးဆုံး သွားပြီ။"

"မင်းကြီးရဲ့ ဈာပန..."

"ပြီးသွားပြီ ကမာလေး။ မနေ့က သဂြိုလ်လိုက်ပြီ။ ကမာက အခုကစပြီး ဒိနန်းတော်မှာ မိဖုရားခေါင် အဖြစ်စိုးစံရမယ်။"

ကမာ အကိုကြီးကို ကြောင်ကာ ကြည့်လိုက်မိသည်။ မိဖုရားခေါင် ဆိုသည့် စကားက ကမာကို ငိုင်ကျသွားစေသည်။

"ဘာဖြစ်လို့လဲ ကမာလေး။"

"ဘာ...ဘာ မှ မဖြစ်ပါဘူး အကိုကြီး"

ကမာ မျက်နှာထားကို ပြင်ကာ ပြန်ဖြေလိုက်သော်လည်း ကမာ့မျက်နှာကို မှန်လိုကြည့်နေသော တင်တက်ရင်က ကမာလိမ်သည်ကို သိလိုက်သည်။ ကမာ့ကို ဘာမှထပ်မမေးတော့ပဲ မျက်နှာသစ် ကာ မနက်စာစားရန်ပြင်လိုက်သည်။

"ကမာလေး စား။"

တင်တက်ရင်သည် ကမာ့ကို ဟင်းများထည့်ပေးသော်လည်း ကမာက အခြေနေအားလုံးသိချင်သဖြင့် မိမိ ခံစားရသည်ကိုမျိုသိပ်ကာ အမြန်စားလိုက်ပြိး အကိုကြီးနှင့်အတူညီလာခံတက်ရန်ပြင်လိုက်သည်။

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now