
Comincia dall'inizio
                                    

==============

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄၀)

ကမာ အံ့အားသင့်ကာ ငေးကြည့်နေမိသည်။ မင်းကြီးက သူနတ်ရွာစံလျှင် အတူလိုက်ပါမည့် မိဖုရားနေရာတွင် အမိန့်ထုတ်ပြန်လိုက်ပြီကို သိတော့ ထူးပြီးမခံစားရတော့ပါ။ ကမာ သက်ပြင်းချကာ မင်းကြီးလက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"မင်းကြီးနဲ့အတူ လိုက်ခဲ့ပါ့မယ် မင်းကြီး။ စိတ်ကို မလျှော့ပါနဲ့နော်။ မင်းကြီးအသက်ရှင်သည်ဖြစ်စေ၊ နတ်ရွာစံသည်ဖြစ်စေ ကျွန်တေ်ာ အတူလိုက်ခဲ့မှာပါ၊ကျွန်တေ်ာက မင်းကြီးရဲ့ မိဖုရားပါ။"

"ကျုပ်ကို ခွင့်လွှတ်ပါ။ အတူသေဆုံးပြီး နောင်ဘဝမင်းနဲ့အတူ မွေးဖွားလာချင်လို့ပါ။ "

ကမာ ပြုံးလိုက်သည်။မင်းကြီးစွဲလန်းသည်ကို သိတော့ ဘာမှ မပြောတော့ပါ။ မိမိလူမျိုးစုကို ပြန်မရှာရသည်ကိုတော့ စိတ်မကောင်းဖြစ်မိသည်။

တင်မော်ရင်သည် မင်းကြီး၏ သေတမ်းစာထွက်လာတော့ အကြီးအကျယ်ဒေါသထွက်ကာ ကန့်ကွက်သည်။ သို့သော် အမတ်ချုပ်ကြီးအပါအဝင် တော်ဝင်မျိုးနွယ်များနှင့်ထိပ်တိုက်တွေ့ကာ နန်းတွင်းတွင် ၂ ဂိုဏ်းကွဲတေ့ာသည်။

"ဒါက မွန်ဂိုနန်းတွင်း ဥပဒေပဲ တင်မော်ရင်။ မင်း ဒီအစဉ်အလာကို ကန့်ကွက်ခွင့်မရှိဘူး။"

အမတ်ချုပ်ကြီးက ညီလာခံတွင်ပြောသည်။ မင်းကြီးမကျန်းမာကတည်းက အမတ်ချုပ်ကြီးက မင်းကြီးကိုယ်စား တိုင်းပြည်ကိုအုပ်ချုပ်နေခြင်းဖြစ်သည်။ အမတ်ကြီး၏ ဆက်ဆံရေးက မင်းကြီး နေမကောင်းကတည်းက ပြောင်းလဲလာခဲ့သည်။ မင်းကြီးနှင့်သွေးဝေးသော ညီဝမ်းကွဲတစ်ဦးကို နန်းတင်ရန်ကြံရွယ်ကာ တင်တက်ရင်နှင့် တင်မော်ရင်တို့ ညီအစ်ကို အားဖယ်ရှားရန်ကြံနေခဲ့သည်။

"ဒီလိုအဓိပ္ပါယ်မရှိတဲ့အမိန့်ကို ကျွန်တေ်ာမျိုးမလိုက်နာနိုင်ပါဘူး အမတ်ချုပ်ကြီးခင်ဗျာ။ ကျွန်တေ်ာ တို့ က တိုးတက်တဲ့နိုင်ငံကိုထူထောင်ဖို့ရည်ရွယ်ထားတာ အရင်ဆုံး ဒါတွေကို ပယ်ဖျက်၇မှာပါ။"

အမတ်တချို့က ခေါင်းတညိမ့်ညိမ့်နှင့်ထောက်ခံကြသောကြောင့် အမတ်ချုပ်ကြီးက လေသံမာမာ ဖြင့်

"မင်းကြီးအမိန့်ကို လွန်ဆန်တာက ကောင်းကင်ဘုံရဲ့ အလိုကို လွန်ဆန်တယ်ဆိုတာ မင်းမသိတာလား အမတ်တင်မော်ရင်...မင်း အခုချက်ချင်း ဒူးထောက်တောင်းပန်ပါ။ မင်းကြီးအမိန့် တော်အရ နှင်းမိဖုရားက မင်းကြီးနဲ့အတူ နတ်ရွာကို လိုက်ခွင့်ရတာ ကံကောင်းတယ်ဆိုတာ မင်းကိုယ်တိုင် တရားဝင်စာလွှာထုတ်ပြန်ပါ။"

တင်မော်ရင်သည် အမတ်ကြီးကို ပြတ်သားစွာမော့ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် အမိန့်စာ မထုတ်နိုင်ဘူး အမတ်ချုပ်ကြီးခင်ဗျာ။"

အမတ်ချုပ်ကြီး၏ မျက်နှာထားတင်းမာသွားပြီး ရဲမတ်များကို အမိန့်ပေးသည်။

"လွှတ်တော်အမတ်ကြီးတင်မော်ရင်ကို ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချစေ။ အမတ်ကြီးက မင်းတရားနာမကျန်းဖြစ်ချိန်မှာ သစ္စာဖောက်ရန်ကြံစည်တယ်။ မြေအောက်အကျဥ်းထောင်မှာ အမြင်မှန် မရမခြင်းချုပ်နှောင်စေ။"

"ကျွန်တော့်ကို မတရားချုပ်နှောင်ရုံနဲ့ အရာအားလုံးကို ကြိုးကိုင်လို့ရမယ် မထင်ပါနဲ့ အမတ်ချုပ်ကြီ။ နောင်တော်ကြီး ဒီသတင်းကို သိရင် မိုးမီးလောင်မယ်ဆိုတာ ကြိုပြောထားပါရစေ"

"ဟေ့ အမတ်ကြီးကို ချက်ချင်းခေါ်သွားစေ"
အမတ်ချုပ်ကြီး၏ လုပ်ရပ်ကြောင့် အမတ်များသက်ပြင်းချလိုက်မိသည်။ မည်သူမှတော့ စောဒက မတက်ရဲကြပေ။ တင်မော်ရင်က မာကျောစွာဖြင့် လိုက်ပါသွားကြသည်။
ကမာ ထိုသတင်းကို မကြားသဖြင့် မင်းကြီးအနားမှာပဲ အေးအေးဆေးဆေးပြုစုပေးနေသည်။ တင်မော်ရင်၏ မိဖုရားက ကမာကို လာတွေ့ကာ တင်မော်ရင်အကြောင်းပြောမှ ကမာ သိရတော့်သည်။ ချက်ချင်းကမာ ယင်းယင်းထံသွားကာ အမတ်ချုပ်ကြီး၏ အမိန့်တော် အကြောင်း မေးမြန်းလိုက်သည်။

ယင်းယင်းသည် စိတ်မကောင်းစွာဖြင့် ကမာကို တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်ကမာ။ မရီးတော်လည်း ခမည်းတော်ကို သွားတွေ့ပြီးတောင်းပန်ပြီးပြီ။ ဒါပေမယ့် ခမည်းတော်က ဘယ်လိုမှလက်မခံဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် ယင်းယင်းလည်း မောင်တော့်ဆီကို စာပို့ထားပြီးပါပြီ။ စိတ်မပူပါနဲ့။ မောင်တော် ပြန်လာရင် ခမည်းတော် အလျှော့်ပေးမှာပါ။ ကမာက မတ်တော်မောင် တင်မော်ရင်ကို ခမည်းတော်ဆီမှာ ဝန်ချတောင်းပန်ဖို့ ပြောပေးပါ။"

"ဘာကိုလဲ။"

"မင်းတရားကြီးနဲ့ အတူ နတ်ပြည်ကို သွားမှာ ကမာကိုယ်တိုင်ရဲ့ ဆန္နလို့ပြောပေးပါ။ ပြီးရင် ခမည်းတောကို ညီလာခံမှာ ဆန့်ကျင်တဲ့အတွက် ဝန်ချတောင်းပန်ဖို့ပြောပေးပါ။ ဒါဆို ခမည်းတော်က ခွင့်လွတ်ပါလိမ့်မယ်။"

ကမာသည် ပြောင်းလဲသွားသော ယင်းယင်း၏ ဆက်ဆံရေးကြောင့် သံဝေဂရမိသည်။ သူသည်လည်း မိမိနှင့် အကိုကြီးဆက်ဆံရေးကိုရိပ်မိနေသည်ဟု ထင်သည်။ ဒါကြောင့် သူက မိမိကို အသာတကြည့် သေရွာသို့သွားစေချင်သည်မဟုတ်လား။

"မရီးတော်။ မင်းကြီးနောက်ကို လိုက်တာ ကျွန်တော့် ဆန္နဆိုတာ ပြောလို့ရပါတယ်။ ဒါပေမယ့် အကိုလေးကို အမတ်ချုပ်ကြီးဆီ ဝန်ချတောင်းပန်ဖို့ကို ကျွန်တော်မပြောနိုင်ဘူး။ အကိုလေး ပြောသွားတာ မှန်နေတာပဲ။ "

ယင်းယင်း မျက်နှာထားတင်းသွားသည်။ ကမာ့ကို အေးစက်စွာကြည့်ကာ ပြောလိုက်သည်။

"အခု ခမည်းတော်လက်ထဲမှာ အာဏာအပြည့်ရှိတယ်နော်။ မရီးတော်က မောင်တော့်မျက်နှာကို ထောက်လို့ ခမည်းတော်ကို တောင်းပန်ပေးထားတာ။ နောက်တက်မယ့် မင်းလက်ထပ်မှာ ဒီလို အာဏာရှိချင်ရင် ခမည်းတော်ကို ရိုသေသင့်ပြီလို့ထင်တယ် ကမာ။ "

ကမာ ဘာမှ ဆက်မပြောချင်တော့ပါ။ သို့သော် အကိုလေး တခုခုလုပ်မိမည်၊ ပြောမိမည်စိုးလို့ စိတ်ကို လျှော့ကာ တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် မရီးတော်။ ကျွန်တေ်ာမှားသွားပါတယ်။ အကိုလေးကို တွေ့ခွင့်ပြုပါ။ "

"ခမည်းတော်ကို သွားတောင်းဆိုလိုက်ပါ။ "

ယင်းယင်းအေးစက်စွာပြောလိုက်သည်။ ယခုအချိန် သူတို့ကို မနှိမ်ထားလို့မရပေ။ မောင်တော့် အသည်းနှလုံးတွင် နေရာယူသွားသော ညီတော်လေးကို ယင်းယင်း ကြည့်မရအောင် မုန်းမိတာ အမှန်ပါ။ ထို့ကြောင့် ယခု ကမာ့ကို တင်းမာစွာဆက်ဆံလိုက်ခြင်းဖြစ်သည်။

"ခွင့်ပြုပါဦး မရီးတော်။"

ကမာသည် မင်းကြီး၏ အာဏာလွှဲအပ်လိုက်သည်နှင့် ဆက်ဆံရေးပြောင်းသွားသော အမတ်ချု့ပ်ကြီး သားအဖကို ကြည့်ကာ ပြုံးမိသည်။ အကိုကြီးကို အကြောင်းကြားလိုက်တာ ကောင်းမည် ထင်သည်။

ကမာသည် အမတ်ချုပ်ကြီးနှင့် အပေးအယူလုပ်ကာ အကိုလေးကို ဝင်တွေ့လိုက်သည်။
"အကိုလေး။"

"ကမာ... မင်း ဘယ်လိုလုပ်ဝင်လာတာလဲ။"

"အမတ်ချုပ်ကြီး ဝင်ခွင့်ပေးတာပါ။"

"မင်း ဘာတွေ အပေးအယူလုပ်လိုက်တာလဲ။"

"မလုပ်ပါဘူး။ "
ကမာ လိမ်လိုက်သည်။ တင်မော်ရင်က ကမာ့ကို စိုက်ကြည့်ကာထပ်မေးလိုက်သည်။
"မင်း အကိုလေးကို တောင်လိမ်မလို့လားကမာ။ အမှန်ပြောစမ်း။ မင်း ဘာတွေသဘောတူ လိုက်တာလဲ။ မရီးတော်ကို အကူအညီတောင်းသေးလား။"

ကမာ ခေါင်းယမ်းလိုက်ကာ ငြင်းလိုက်သည်။

'ဘာမှ သဘောမတူပါဘူး။ မရီးတော်ကို အနှောက်အယှက်မပေးချင်လို့ အကူအညီမတောင်း လိုက်ဘူး။ ပြီးတော့ သူလည်းသူ့အဖေကို ပြောလို့ရမှာမဟုတ်ဘူးလေ။"

တင်မော်ရင်က ရယ်လိုက်သည်။.

"အကိုလေး အဖမ်းခံရတာနဲ့ ညီလေးလဲ အကိုလေးကို အမှန်တောင် မပြောတော့ဘူးနော်။ မင်း အမတ်ချုပ်ကြီးပြောတဲ့အတိုင်း အမိန့်စာလွှာမှာ လက်မှတ်ထိုးလိုက်ပြီး မဟုတ်လား။"

ကမာ သူ့ကို ငေးကြည့်နေလိုက်သည်။ တင်မော်ရင်က ကမာ့လက်ကိုဆုပ်ကိုင်ကာ မေးလိုက်သည်။

"မင်း မျိုးနွယ်တွေကို လိုက်မရှာတော့ဘူးလား။"

"နောင်ဘဝမှ ရှာတော့မယ် အကိုလေး။ ကျွန်တော့်ကြောင့် အကိုလေးတို့ ဒုက္ခရောက်မှ မလိုလားဘူး။ သူတို့က နောက်တက်မယ့် မင်းကိ ုရွေးပြီးသွားပြီ အကိုလေး။"

တင်မော်ရင်ပြုံးလိုက်သည်။ ဒါကို မိမိသိပြီးသားပါ။ အမတ်ချုပ်ကြီးဘာကြောင့် ဒီလိုလုပ်သည်ကို ကြိုသိပြီးဖြစ်သည်။

"ညီလေး ဘာမှ မပူနဲ့။ အကိုကြီးက ကိုယ်တို့ကို ပစ်ထားမှာမဟုတ်ဘူး။"

"ကျွန်တော် ဘာမှ မဖြစ်စေချင်တော့ဘူး အကိုလေး။"

ကမာ စိတ်ညစ်စွာပြောသည်။ သို့သော် ဖြစ်လာမည့်အရာကို မိမိတားနိုင်တော့မည် မဟုတ်ပေ။

"အရာအားလုံးက အကြောင်းတရားကြောင့် အကျိုးတရားတွေလာတော့မယ် ကမာ။ ဘာနဲ့မှ တားလို့မရတော့ဘူး။ အကိုလေးရဲ့ သတင်း အကိုကြီးသိသွားပြီ။ ပြီးတော့ မင်းကို မင်းကြီးနဲ့ အတူ သဂြိုလ်မယ့်အကြောင်းကို သိသွားပြီ။"

ကမာ သက်ပြင်းရှိုက်ရုံကလွဲလို့ ဘာမှမပြောချင်တော့ပါ။

နောက်ရက်တွင် နှင်းမိဖုရားကိုယ်တိုင် မင်းကြီးနှင့်အတူ နတ်ရွာခရီးကိုလိုက်ပါမည့်အကြောင်း စာလွှာများ တစ်တိုင်းပြည်လုံးကို ထုတ်ပြန်လိုက်သည်။

မင်းကြီးက ကမာ့လက်လေးကိုဆုပ်ကိုင်ကာ တောင်းပန်စကားဆိုသည်။

"ကမာလေး။ မင်းကို ကိုယ်တော်စိတ်မချလို့ အတူခေါ်သွားရမှာ တောင်းပန်ပါတယ်။ မင်းနဲ့အတူ အသက်ရှည်ရှည်မနေသွားနိုင်တာ ခွင့်လွှတ်ပေးပါ။ နောင်ဘဝမှာ မင်းကို လိုလေသေးမရှိချစ်ခင်ယုယ ပါ့မယ်ကွယ်နော်။ ကိုယ်တော့်ကို မမုန်းလိုက်ပါနဲ့။"

ကမာသည် မင်းကြီး၏ နဖူးပေါ်မှ ချွေးစေးများကို သုတ်ပေးရင်းပြောလိုက်သည်။
"မင်းကြီး စိတ်အေးအေးထားတော်မူပါ။ ကျွန်တော် မင်းကြီးကို မမုန်းပါဘူး။ "

"ကမာလေး။ ကမာ...လေး။ ကိုယ်တော့် လက်ကို ဆုပ်..ကိုင်...ပေးထား..ပါ။ ကိုယ်...တော်...အိပ်ချင်...လာ..ပြီ.."

"မင်းကြီး... မင်းကြီး.."
ကမာစိုးရိမ်တကြီးခေါ်လိုက်သည်။ သို့သော် မင်းကြီး၏လက်သည် ကမာ့လက်ထဲတွင် ပျော့ကျသွားတော့သည်။

"မင်းကြီး...သမားတော်ကြီး..."

အမတ်ချုပ်ကြီးက သမားတော်ကို ခေါ်ကာ စမ်းသပ်ပြီး အသက်ကယ်စေသည်။ သို့သော် မင်းကြီး၏ ဝင်လေထွက်လေတို့က ချုပ်ငြိမ်းသွားတော့လေပြီ။

"မင်းကြီး နတ်ရွာစံတော်မူပြီ။"

အမတ်ချုပ်ကြီးက သတင်းထုတ်ပြန်လိုက်သည်နှင့် နန်းတော်တစ်ခုလုံး ငိုသံတို့ဖြင့်ပွက်ပွက်ညံသွား တော့သည်။

"သခင်မ...အသင့်ပြင်ပါတော့။ သမားတော်ကြီးက သခင်မအတွက် ဆေးရည်အသင့်ပြင်ထားပြီးပါပြီ။"

အမတ်ချုပ်ကြီးက ကမာ့ကို ပြောလိုက်သည်။ ကမာ သက်ပြင်းရှိုက်ကာ ခေါင်းငြိမ့်လိုက်သည်။
အသင့်ပြင်ထားသော အဝတ်ကို ဝတ်ဆင်ပြီး အပျိုတော်များက အလှပြင်ပေးကြသည်။ အားလုံး ပြီးသောအခါ မိမိအတွက် ဆေးရည်ကိုမော့သောက်လိုက်သည်။ လည်ချောင်းထဲ ပူဆင်းသွားသည် နှင့် အတူ ကမာ ငိုက်မြည်းလာခဲ့ပြီး မင်းကြီးဘေးတွင် လှဲအိပ်လိုက်တော့သည်။

"အကိုကြီး...တောင်းပန်ပါတယ်။ အကိုကြီးကို မစောင့်လိုက်နိုင်တာ ခွင့်လွှတ်ပါ။ ကျွန်တော် မရှိတော့ရင် မွန်ဂိုပြည်တိုးတက်အောင် လုပ်ဆောင်ရစ်ပါ အကိုကြီး။ "

ကမာ နောက်ဆုံး အကိုကြီးအတွက် စကားကို စိတ်ထဲမှရေရွတ်ရင်း အသိစိတ်ကင်းလွတ်ကာ အမှောင်နယ်မြေထဲထိုးဆင်းသွားတော့သည်။ ဒီခရီးက အကိုကြိးနှင့်သာဆိုလျှင် ကမာ ဆယ်ခါပြန် ပင်သွားရဲပါသည်။ ယခုလည်း မကြောက်ပါ။ တမလွန်ဆိုတာ ကမာ့ကိုချစ်သူ၊ခင်သူများ ကြိုတင်ရောက် နှင့်သောနေရာ မဟုတ်လား။

"ခမည်းတော်။ မယ်တော်။ အကိုတော်၊ ဟေဇယ်။ ကျွန်တော်လာခဲ့ပြီနော်။"

ကမာ ကြွေးကြော်ရင်း တမလွန်ခရီးကို နှင်ခဲ့တော့သည်။

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Dove le storie prendono vita. Scoprilo ora