
Start from the beginning
                                    

====================

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၅)

"ကမာ တော်တော့..."

တားမြစ်သံကိုကြားတော့မှ ကမာ အကိုကြီးမှန်းသိလိုက်သည်။ ကမာ မူးမူးနှင့်အကိုကြီးလက်ထဲ မှ ခွက်ကို ပြန်လုကာ

"ကျွန်တော်မဝသေးဘူး။ သောက်ဦးမှာ။ ပေးပါဗျ.."

တင်တက်ရင်က ကမာ့အရက်ကို သောက်လိုက်ကာ ပြောလိုက်သည်။
"မင်းများနေပြီ။ ဆက်မသောက်ရတော့ဘူး။ သွား မင်းတို့လည်း သတို့သားနားသွားဂုဏ်ပြုလိုက် ကြပါဦး။ သတို့သားကို မင်္ဂလာခန်းမထဲ ထမ်းဝင်သွားရအောင် ဝိုင်းတိုက်လိုက်ကြ.."

တင်တက်ရင် သည် ကမာနှင့်အတူသောက်နေသော တပ်မှုးငယ်လေးများကို မော်ရင်ထံ နှင်လွှတ် လိုက်သည်။

"ဟေး...."
တပ်မှုးငယ်လေးများက စစ်သူကြီး၏ စကားကိုကြားသော် ဝမ်းသာအားရအော်ကာ ပြေးသွား ကြသည်။ ကမာလည်းလိုက်သွားရန်ထလိုက်စဉ် ယိုင်လဲသွားသည်။
တင်တက်ရင်သည် ကမာကို ထိန်းပွေ့လိုက်စဉ် ကမာက သူ့ရင်ခွင်ထဲ လုံးလုံးလျားလျားမှီကာ ပြောလိုက်သည်။

"အကိုလေးကို ကျွန်တော် သွားဂုဏ်ပြုလိုက်ဦးမယ် အကိုကြီး..ကျွန်တော့် သွားပါရစေ။"

တင်တက်ရင်က ကမာကို ထိန်းပွေ့ကာ ပြောလိုက်သည်။

"မင်းအိပ်တော့။ မနက်မင်းကြီးဆီ အစောကြီးအခစားဝင်ရမှာ။"

ကမာ မျက်လုံးကို မပွင့်တပွင့်ဖွင့်ကာ ပြောလိုက်သည်။

"အကိုကြီး ကျွန်တော့်ကို နန်းတော်ကနေ အဝေးကို ခေါ်သွားပေးပါလားဗျာ။ကျွန်တော့်လူမျိုးတွေ ကျွန်ဖြစ်နေတာကို ကယ်ချင်လို့ပါ။ အကိုကြီးလို စစ်သူရဲကောင်းကြီးဖြစ်ချင်လို့ပါ။ ကျွန်တော် မိဖုရားဘဝမှာ မနေချင်ဘူး အကိုကြီး..."

တင်တက်ရင်သည် ကမာ့စကားကြောင့် စိတ်ပူသွားသည်။ မင်းကြီးများကြားလျှင် အားလုံးဒုက္ခရောက် သွားနိုင်သည်။ တင်တက်ရင် ကမာကို အိပ်ဆောင်သို့ တွဲခေါ်လာခဲ့သည်။ ကမာက စကားကို တိုးတိုးပြောကာ ပါလာခဲ့သည်။

"ကမာ အိပ်တော့နော်။"

တင်တက်ရင်သည် ကမာကို သူ့အခန်းထဲသိပ်ကာ ပြောလိုက်သည်။ ကမာကို ခုတင်ပေါ်တင်ပေးကာ လှည့်ထွက်လာမည်အပြု ကမာက သူ့ကိုလှမ်းခေါ်လိုက်သည်။

"အကိုကြီး..."

တင်တက်ရင်လှည့်ကြည့်လိုက်သောအခါ ကမာက မျက်ရည်အဝဲသားဖြင့်ကြည့်ကာ ပြောခဲ့သည်။

"ကျွန်တော့်ဘေးမှာ နေပေးပါဗျာ။ ကျွန်တေ်ာ တစ်ယောက်တည်းမအိပ်ချင်လို့ပါ"
တင်တက်ရင် ငြင်းမည်လုပ်ပြီးမှ ကမာ့ မျက်ရည်ကိုတွေ့တော့ စိတ်ပြောင်းသွားပြီး ခေါင်းငြိမ့် လိုက်သည်။ ကမာ့ဘေးတွင် ဝင်ထိုင်ပြီး ဆံပင်ကို သပ်တင်ပေးကာ ချော့လိုက်သည်. ကမာ အရမ်းမူးပြီး အတိတ်ကို သတိရကာ ဝမ်းနည်းနေခြင်းဖြစ်သည်။

"အိပ်ပျော်အောင် အိပ်လိုက်နော် ကမာ။ အကိုကြီး မင်းဘေးမှာ စောင့်နေပါ့မယ်။ အိပ်လိုက်နော်။"

"အကိုကြီး ဘယ်မှ မသွားရဘူးနော်။"

"စိတ်ချပါ။ အကိုကြီး မင်းအနားမှာ တညလုံးနေပေးမယ်။"

"ကျေးဇူးတင်ပါတယ် အကိုကြီး။ကျွန်တော့်ကို ကယ်ပေးခဲ့လို့။ ပြီးတော့ ချစ်ပေးခဲ့လို့...ကျွန်တော် လည်း အကိုကြီးကို အရမ်းချစ်တယ်။ ဒါကြောင့်ကျွန်တော် မင်းကြီး.ရင်ခွင်မှာ နေခဲ့တာပါ။ ကျွန်တော် အကိုကြီးကိုချစ်တယ်။ အရမ်းချစ်တယ်။အကိုကြီးက ကျွန်တော့်ကျေးဇူးရှင်။ ကျွန်တော့်ကို အကိုကြီး ပိုင်တယ်..."

တင်တက်ရင်သည် မူးမူးနှင့် ပြောနေသောကမာလေး၏ လက်ကိုဆုပ်ကိုင်ကာ မချိတင်ကဲ ခံစားလိုက် ရသည်။ မျက်လုံးပင် မဖွင့်နိုင်အောင် မူးနေသောကမာက ပြောနေသောစကားများက စစ်သူကြီးကို မီးပုံထဲသို့ တွန်းပို့နေသလိုခံစားရသည်။

"ကိုယ့်ကို ချစ်လို့ မင်းကြီးရင်ခွင်မှာ နေတာတဲ့လား ကမာလေးရယ်။ ကျေးဇူးရှင်မို့ အကိုကြီးကို ချစ်တာတဲ့လား။ မင်းအတွေးလေးတွေက သိပ်ကို ဖြူစင်တာပဲကွာ။ အကိုကြီးက မင်းကို ညီတစ်ယောက်ထက်ပိုချစ်နေမိတာကို မင်းသိရင် ကိုယ့်ကို ရွံသွားမှာလား။ မုန်းသွားမှာလား။ အကိုကြီးက မင်းကို ချစ်သူတစ်ယောက်လို ချစ်နေမိတာပါ. ကိုယ်က လူယုတ်မာပါ ကမာ။ ကိုယ်ကယ်ခဲ့တဲ့ ကောင်လေးကို ပြန်ချစ်နေမိတဲ့ လူယုတ်မာပါ။"

တင်တက်ရင်သည် အိပ်ပျော်သွားသော ကမာလေး၏ မျက်နှာကို ငေးစိုက်ကြည့်ကာ တညလုံး စိတ်ထဲမှ ထပ်တလဲလဲရေရွတ်နေမိသည်။ နောက်ဆုံး တင်တက်ရင် ခုတင်ပေါ် ခေါင်းတင်ကာ ကမာ၏ လက်ကို ဆုပ်ကိုင်ပြီး အိပ်ပျော်သွားတော့သည်။
တင်တက်ရင် ဘာမှ မတွေးချင်တော့ပါ။ လောလောဆည် ကမာလေး၏ လက်ကို ဆုပ်ကိုင်ရင်း အတူရှိသည့် တညတာကို အေးချမ်းစွာ ဖြတ်သန်းလိုက်တော့သည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၀)
ကမာအိပ်ယာမှနိုးလာသောအခါ မိမိခုတင်ပေါ်တွင် ခေါင်းတင်ကာကြမ်းပေါ်တွင်ထိုင်ကာ အိပ်ပျော် နေသော အကိုကြီးကိုတွေ့သောအခါ အံ့သြသွားသည်။ မိမိက အကိုကြီးလက်ကို ဆုပ်ကိုင်ထားမိ ပါလား။
အလင်းရောင်တချို့က ထင်ဟပ်လို့ အကိုကြီး၏ အိပ်ပျော်နေသော မျက်နှာကိုရှင်းရှင်းလင်းလင်း မြင်နေရသည်။ အိပ်ပျော်ချိန်တွင် ကျားကြီးလို ခက်ထန်သည့်ပုံပျောက်ကာ ကြောင်လေးလို အေးချမ်း နေသည်။ မျက်မှောင်ကုတ်ထားခြင်းမရှိသည့် အကိုကြီးမျက်နှာက နေလောင်ကာ ညိုနေသော်လည်း ယောကျာ်းပီသကာ အားကိုးချင်စရာသွင်ပြင်ထွက်နေသည်။ ဒီပုံအတိုင်းဆိုလျှင် အကိုကြိးကို လိုချင် သည့်မိန်းမများ ရိုက်သတ်လို့မကုန်နိုင်ပေ။ သို့သော် အကိုကြီးက မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် စစ်ရေးလေ့ကျင့်ကွင်းတွင် အချိန်ကုန်နေသည်ကများသည်။
နယ်ပေါင်းစုံ မတရာသားများကို အော်ရဟစ်ရနှင့် စိတ်ကြမ်းလူကြမ်းပုံကြီးထွက်ကာမိန်းကလေးများ ကြောက်ကြတာမပြောနှင့် ကမာပင် အကိုကြီးမျက်နှာတင်းလျှင် စကားသိပ်မပြောရဲပေ။
ကမာကြည့်နေဆဲမှာပင် အကိုကြီးနိုးလာသည်။ စစ်သားပီသစွာ နိုးသည်နှင့်မျက်လုံးက ဖြတ်ခနဲကပွင့် လာသည်။ ကမာကို တွေ့သည်နှင့် တင်တက်ရင်ပြုံးလိုက်သည်။
"နိုးပြီလား ညီလေး။ ညက မသောက်နိုင်ပဲ သောက်တယ်ကွာ။ "
ကမာ အကိုကြီးမျက်နှာက အပြုံးကို တအံ့တသြကြည့်ကာ ပြောလိုက်သည်။
"အကိုကြီး ကောင်မလေးတွေကို ဒီလိုပြုံးပြလိုက်နော်။ "

တင်တက်ရင်သည် ကမာ၏ စကားကြောင့် မျက်မှောင်ကြုတ်ကာမေးလိုက်သည်။ အခု အိပ်ယာ ထလာသောကျားကြီးရုပ်ထွက်လာသဖြင့် ကမာ မအောင့်နိုင်ပဲ ရယ်လိုက်မိသည်။
"ဘာဖြစ်လို့လဲကွ..."

"အဟဲ အကိုကြီးကို မိန်းကလေးတွေ ဝိုင်းကြိုက်အောင်ပြောတာ။ အခုက အဖေတွေပဲပိုကြိုက် နေကြတာဗျ."

တင်တက်ရင်သည် ကမာ့လက်ကို မသိမသာပြန်ဖြုတ်ကာ ထကာအညောင်းဆန့်လိုက်သည်။ကမာ အကိုကြီးကို ကြည့်ကာ တောင်းပန်လိုက်သည်။
"အကိုကြီး တောင်းပန်ပါတယ်။ "

"ဘာလို့တောင်းပန်တာလဲ။"

"အကိုကြီး ကိုတညလုံး အောက်မှာအိပ်ခိုင်းမိလို့..."
ကမာ မျက်နှာငယ်လေးဖြင့်ပြောလိုက်သည်။ တင်တက်ရင်သည် ကမာ့မျက်နှာလေးကို တွေ့သော် လှစ်ခနဲပြုံးလိုက်ကာ ပြောလိုက်သည်။

"အင်း နောက်တခါ မင်းမူးနေရင် မင်းဘေးကို လုံးဝမလာဘူး။ "
ကမာ ပြုံးလိုက်ပြီး အခန်းထဲမှ အမြန်ထွက်သွားသော အကိုကြီးကျောပြင်ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။
ကမာ အိပ်ခန်းထဲမှထွက်လာပြီး ရေချိုးဆောင်တန်းဝင်သွားလိုက်သည်။ ရေချိုးပြီးမှလန်းသွားသည်။ ထိုအခါမှ မင်းကြီးကို သတိရတော့သည်။ အကိုကြီးနှင့်အတူုနိုးထလာတော့ မိမိ၏ မိဖုရားဘဝကိုပင် မေ့နေမိသည်။ ဟိုအရင် အကိုကြီးနှင့်အတူနေစဉ်ကလို ခံစားနေမိသည်။
ကမာသည် သက်ပြင်းရှိုက်လိုက်မိသည်။ မပြန်ချင်သော်လည်း တာဝန်အရပြန်ရဦးမည်။
ကမာ အဝတ်အစားလဲပြီးသည်နှင့် အကြိုလွှတ်လိုက်သော ရထားလုံး ရောက်နှင့်လေပြီ။ အကိုကြီးတို့နှင့် မနက်စာလေးပင် အတူမစားလိုက်ရပဲ နန်းတော်သို့လိုက်လာရန်ပြင်ရတော့သည်။
အကိုကြီးကို သွားနူတ်ဆက်စဉ် အကိုကြီးကတစ်စုံတခုကို အလိုမကျဟန်ဖြင့်ပြောနေသည်ကို ကြားလိုက်ရသည်။

"ဘာ နန်းတွင်းဆေးခန်းက ကျူးသမားတော် ညက အသတ်ခံရတယ် ဟုတ်လား။ ကမာကို မသိစေနဲ့။"
ကမာ ထိုစကားကိုကြားသော် ခြေဖျားလက်ဖျားအေးစက်သွားသည်။ ကျူး ဘာလို့အသတ်ခံရ သည်ကို မိမိသိသလိုရှိသွားသည်။

"ဘုရား...ဘုရား... ငါက သေမင်းဖြစ်နေပြီလား။ ငါနဲ့ ပတ်သတ်တဲ့သူတွေကို ကံဆိုးခြင်းတွေပဲ ပေးနိုင်တာလား။"
ကမာ ဘုရားတလိုက်မိသည်။ မင်းကြီးလက်ချက်မှန်းသိလိုက်သည်။ မဖြစ်သင့်ပါ။ မိမိတို့ မနေ့က စကားအတူပြောမိလို့ အသတ်ခံရတာလား။ ဒါဆို မင်းကြီး ငါ့ကို စောင့်ကြည့်နေသေးတာပေါ့။ ဒီမှာ ညအိပ်လို့ အကိုကြီးတို့ကို အပြစ်ပေးတော့မလား ဟုတွေးကာ ကမာ စိတ်ပူပြီး နန်းတော်ထဲအမြန် ဝင်ရန် အကိုကြီးတို့ကို နူတ်မဆက်အားတော့ပေ။
ကမာ ကပျာကယာ လှည့်ထွက်လိုက်စဉ် မနက်စာ သယ်လာသော အိမ်စေနှင့်တိုက်မိကာ ဗန်းထဲမှ စားစရာများ ကျကွဲကုန်သည်။ ကမာ့ကိုယ်ပေါ်တွင်လည်း ဖိတ်စင်သွားသည်။
"သခင်လေး တောင်းပန်ပါတယ်။ သခင်လေး ခွင့်လွှတ်ပါ။"
အစေခံလေးက အထပ်ထပ်တောင်းပန်နေသည်။
တင်တက်ရင်က အသံကြားလို့ထွက်လာသောအခါ လှည့်ထွက်သွားသောကမာကို တွေ့သော် အပြေးအလွှားလိုက်လာသည်။ ကမာကို မှီသောအခါ တင်တက်ရင်မေးလိုက်သည်။
"ညီလေး ကမာ...နေဦး။ မင်းကြီးကို သွားမမေးနဲ့။"

"ဟင့်အင်း ။ ကျွန်တော် ညအိပ်လို့ အကိုကြီးတို့ကို အပြစ်မပေးဖို့ သွားပြောမလို့။"

"အကိုကြီး ခွင့်သွားတောင်းခဲ့ပြီးပြီ။ စိတ်မပူပါနဲ့။"
ကမာ အကိုကြီးရင်ခွင်ထဲ တိုးဝင်ကာ တုန်ယင်စွာပြောလိုက်သည်။

"ကျွန်တော်က သေမင်းဖြစ်နေပြီၤလား အကိုကြီး။ ကျွန်တော့်ကြောင့် ကျူးသေသွားပြီ။"

"မနေ့က မင်းကို သူထိသေးလား။"
"ဟုတ်ကဲ့။ ကျွန်တော့်လက်ကို ဆွဲထားမိတယ်။ ဟင်..."
ကမာ သတိရသွားပြီး အကိုကြီးရင်ခွင်ထဲမှ တိုးထွက်ကာ ပြောလိုက်သည်။
"ကျွန်တော်ပြန်တော့မယ်။ မင်းကြီးစောင့်နေတော့မယ်။"
တင်တက်ရင်သည် ကမာကို ထပ်ပြီး သတိပေးလိုက်သည်။
"မင်းကြီး ကို ဒီအကြောင်း အစမဖော်ပေးနဲ့။ သူ ပိုပြီး ဒေါသထွက်သွားလိမ့်မယ်။ မင်းကြိး ဒီရက်ပိုင်း စိတ်သိပ်မကြည်ဘူး။ ကမာလည်း မင်းကြီးနားမှာ နေပေးလိုက်ဦး။"
အကိုကြီး၏ အမှာစကားကြောင့် ကမာ ဝမ်းနည်းစွာခေါင်းငြိမ့်လိုက်မိသည်။တင်တက်ရင်သည် ကမာ မျက်နှာမကောင်းသည်ကို တွေ့သော် စိတ်မကောင်းသော်လည်း ဘာမှမပြောတော့ပဲ ရထားလုံးပေါ် တင်ပေးလိုက်သည်။ ဝေးသွားသော ရထားလုံးကို ကြည့်ရင်းတင်တက်ရင် လူသတ်ချင်စိတ် ပေါ်လာ ခဲ့သည်။
..................................X...................................X....................................................
တင်တက်ရင်သည် ညီလာခံသို့ထွက်လာသော်လည်း မင်းကြီးနေမကောင်းလို့ ညီလာခံမတက် သဖြင့် တင်တက်ရင် ကမာကို စိတ်ပူသွားသည်။ မိမိညီလေးကို မင်းကြီးတခုခုလုပ်နေလားဟု တွေးကာ မျောက်မီးခဲကိုင်သလို ခံစားနေရသည်။
တင်တက်ရင်သည် လေ့ကျင့်ရေးကွင်းသို့သွားကာ တပ်သားများကို စစ်ဆေးနေလိုက်သည်။ သို့သော် ညက အိပ်ပျော်နေသော ကမာ့ မျက်နှာလေးကို ပြန်မြင်နေသဖြင့် တင်တက်ရင် ဆောင်ကြာမြိုင်သို့ထွက်လာခဲ့သည်။
လှပသော မိန်းကလေး၏အထိအတွေ့က တင်တက်ရင်၏ ရင်ဘတ်ထဲမှ ဝေဒနာကို မငြိမ်းသတ် နိုင်သဖြင့် မိမိကို ဖက်တွယ်ကာ ပွတ်သပ်နေသော မိန်းကလေးကို တွန်းဖယ်ပစ်ကာ ပါလာသော လက်ထောက်ကို လှည့်ကာပြောလိုက်သည်။
"ပြန်မယ်။"
"စစ်သူကြီး သူ့ကိုစိတ်တိုင်းမကျရင် နောက်တယောက်ခေါ်လိုက်ပါ့မယ်"
"မဟုတ်ဘူး။ကျူပ်စိတ်မပါလို့။ မင်းတို့နေရစ်ခဲ့လိုက်။"
တင်တက်ရင်သည် တပည့်ကိုငွေထုပ်ကမ်းပေးကာ ထွက်လာခဲ့သည်။ တပည့်များက ကျန်ရစ်ခဲ့သည်။ တင်တက်ရင်သည် လမ်းတလျှောက်စဉ်းစားရင်းပြန်လာခဲသည်။ အိမ်သို့ရောက်သော် ကမာအိပ်သွား သည့်အိပ်ယာလေးတွင် လှဲအိပ်ကာ ကမာ့အနံ့လေးကို ရှုရင်းအိပ်ပျော်သွားတော့သည်။
ကမာသည် မင်းကြီးမလာခင် အဝတ်လဲထားသည်။ မင်းကြီးကို ကျူးအကြောင်းမေးချင်သော်လည်း အကိုကြီးကသေချာမှာလိုက်သဖြင့် ရင်ဝယ် မချမ်းမြေ့ပေ။ မိမိကြောင့်ကျူးအသတ်ခံရတာဆိုရင် မိမိကို မင်းကြီးမျက်စိဒေါက်ထောက်ကြည့်နေသည်ပေါ့။ ကမာ စိတ်ကျဉ်းကျပ်လာသည်။
"မင်းကြီးကြွချီလာပါပြီ။"
ကမာသည် မင်းကြီးကို အရိုအသေပေးလိုက်သည်။မင်းကြီးက ကမာ့ကိုဆွဲထူကာ ဖက်ထားပြီး
"လွမ်းလိုက်၇တာ ကမာလေးရယ်။ ညက ဘယ်သူနဲ့ အိပ်တာတုန်း။"
ကမာ မင်းကြီးကို မော့ကြည့်လိုက်ကာ မေးလိုက်သည်။
"မင်းကြီး ကျွန်တော်မျိုးက အကိုတွေအိမ်သွားတာပါ။ ဘယ်သူနဲ့မှ မအိပ်ပါဘူး။ ကျွန်တော့် အခန်းမှာ အိပ်ခဲ့တာပါ။"
တေးဟာခန်သည် ကမာ၏ မျက်နှာကြောင့် စိတ်ကိုလျှော့ကာ ချော့လိုက်သည်။

"တောင်းပန်ပါတယ် ကမာလေးရယ်။ ကိုယ်တော် စိတ်မကြည်လို့ပါ။ ညက ကိုယ်တော် မိဖုရားအသစ် ဆီသွားတာ စိတ်တိုင်းမကျခဲ့လို့ ဒေါသထွက်နေမိတာပါ။ ကမာလေးမရှိတော့ ကိုယ်တော့်မှာ ယောင်ချာချာနဲ့ ရူးမလိုဖြစ်နေမိပြီကွယ်။ ညကလည်း တညလုံးမအိပ်ရတော့ ခေါင်းနောက်နေတယ်။"
တေးဟာခန် ကမာကို ချော့လိုက်သည်။ ကမာသည် မင်းကြီးကို ကြည့်ကာမေးလိုက်သည်။
"မင်းကြီၤးကို နှိပ်ပေးမယ် ။ လှဲအိပ်လိုက်ပါ။"
"အင်း။ကိုယ်တော်ကမာလေးရဲ့ အပြုအစုကို တောင့်တနေမိတာ။"
"ကျွန်တော် တညတည်းသွားတာပါ မင်းကြီး။"
တေးဟာခန်သည် ကမာနှိပ်ပေးသည်ကို ခံယူရင်းပြောလိုက်သည်။ ကမာလေးက တညသွားအိပ် သည်နှင့် မိမိအပေါ်ဆက်ဆံ ရေးတမျိုးပြောင်းသွားသည်ဟု ခံစားမိလိုက်သည်။
"ကိုယ်တော်က တညဝေးတာ တနှစ်ဝေးတယ်လို့ထင်တယ် ကမာ။ မင်းရော ကိုယ်တော့်ကို သတိမရ ဘူးလား။"
ကမာ လိမ်ပြောလိုက်ရသည်။
"သတိရပါတယ် မင်းကြီး။"
"ဒါဆိုလာ...."
"ဟာ မင်းကြီး ညီလာခံတက်ရဦးမှာလေ။ မလုပ်ပါနဲ့။ ပြန်လာမှ လာခဲ့ပါ။"
ကမာ မုန်ယိုနေသောမင်းကြီးကို တားလိုက်သည်။သို့သော် မင်းကြီးက ကမာ့အဝတ်များကို အတင်းဆွဲချွတ်ကာ ပုခုံးလေးများကို နမ်းရင်းပြောလိုက်သည်။

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Where stories live. Discover now