အခန်း (၉၃)

3.6K 851 30
                                    

[Unicode]

မျက်နှာချင်းဆိုင်အိမ်မှာ ဘယ်သူနေတာလဲ?

"ဘာပြောတယ်? ချီယန်က ဗဟိုမြို့တော်ကနေ ထွက်သွားပြီ ဟုတ်လား? သူဘယ်ကိုသွားတာလဲ?" အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့်လူက ထိုသတင်းကို ကြားကြားချင်း ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားလျက်။

မျိုးဆက်သစ် စိတ်နယ်လွန်ပညာရှင်အချို့ကို သူတို့တိုက်ခိုက်ခဲ့ချိန်မှစ၍ သက်ဆိုင်ရာ အာဏာပိုင်များက စိတ်နယ်လွန်ပညာရှင်များအပေါ် အထူးကြပ်မတ်ကာကွယ်ထားကြသည်မှာ အနှီဆရာသခင်များအား ရှားပါးရတနာများသဖွယ် တန်ဖိုးထားဆက်ဆံနေသည်ဟု ဆိုလျှင်တောင် လွန်လိမ့်မည်မထင်။ နောက်ဆုံးမှာတော့ သူတို့က မျိုးဆက်သစ် စိတ်နယ်လွန်ပညာရှင်များထဲမှ အလားအလာအကောင်းဆုံးဟု ဆိုနိုင်သော ဆရာသခင်ငယ်လေးတစ်ဦး၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး တိုက်ခိုက်ရန် အစီအစဉ်ဆွဲနေတုန်းမှာပင် ပစ်မှတ်က ထွက်ခွာသွားခဲ့ချေပြီ!

အနှီသူကပဲ ကံကောင်းနေခြင်းလား၊ သူတို့ကံကပဲ သေအောင်ဆိုးဝါးနေခြင်းလားတော့မသိ။

"သူ ဘယ်ကို သွားတာတဲ့လဲ?"

"ကျွန်တော်လည်း မပြောတတ်ဘူး။ သူ ချန်အိမ်တော်ကနေ ထွက်လာပြီး လေဆိပ်ကို တန်းဆင်းသွားတာ။ သူ့ကို အရိပ်ထဲကနေ တိတ်တိတ်လေး လိုက်ပြီးကာကွယ်ပေးနေတဲ့ ကားတွေကလည်း အများကြီးပဲ။ တချို့က အထူးလျှို့ဝှက်အဖွဲ့အစည်းက လူတွေ၊ ကျန်တာက ချန်မိသားစုရဲ့ ကိုယ်ပိုင်သက်တော်စောင့်တွေ။ အဲ့ဒါနဲ့ ကျွန်တော်တို့လူတွေလည်း သူတို့နောက်ကို ဆက်မလိုက်ရဲကြဘူး"

"သေလိုက်ပါတော့လား!" အနောက်တိုင်းဝတ်စုံနှင့်လူက ဆဲရေးလိုက်၏။ "အဲ့ဒီလူက ကြောင်တစ်ကောင်မို့လို့လား?"

သူဟာ ထိုမျှလောက်အထိတောင် ကံကောင်းလွန်းနေသည်ပင်။ သူတို့ တစ်ခုခုလုပ်နိုင်တော့မည့်အခါတိုင်း အဖျက်အမှောင့် အသေးအမွှားလေး တစ်ခုမဟုတ်တစ်ခု ဝင်လာတတ်၏။

သို့သည့်တိုင် ၎င်းအသေးအမွှားလေးကပင်လျှင် သူတို့ကို အချိန်အတော်ကြာ ကြိတ်မနိုင်ခဲမရဖြစ်စေရန် လုံလောက်လို့နေလေပြီ။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now