အခန်း (၇၃)

5.2K 1.1K 35
                                    

[Unicode]

အရှက်မရှိချက်

ဆရာချန်၏ ဈာပနအခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပပေးခဲ့ကြသည်။ နိုင်ငံအနှံ့မှ ဖုန်းရွှေဆရာသခင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ နာမည်ကြီး အနုပညာရှင်များအပြင် အလွှာပေါင်းစုံက လူတန်းစားအသီးသီးတို့ကလည်း ဂန္ဓမာပန်းအဖြူနှင့် အမွှေးနံ့သာတိုင်တို့ ပူဇော်ရန် စုရုံးရောက်ရှိလာကြလျက်။

ဆရာချန်ထံ၌ သားထောက်သမီးခံဟူ၍လည်း မရှိရှာလေရာ ဈာပနအခမ်းအနားကို အထူးလျှို့ဝှက်အဖွဲ့အစည်းနှင့် မြောက်များလှစွာသော သူ့တပည့်တပန်းများက ကျင်းပပေးခဲ့ခြင်းပင်။ တချို့လူများက ဝမ်းနည်းနေသယောင် ဟန်ဆောင်ကြသော်လည်း ဆရာချန်၏ တပည့်တော်တော်များများကမူ အမှန်တကယ် ပူဆွေးနေကြခြင်းဖြစ်ကာ သူတို့၏ သောကများကို မဖုံးဖိထားနိုင်ဘဲ မျက်နှာထက်မှာပင် ပေါ်လွင်နေခဲ့လေသည်။

ထိုတပည့်များက ဖုန်းရွှေလောကထဲတွင် နာမည်ကျော်ကြားသူများဖြစ်ကာ သူတို့ဆရာ၏ ဂုဏ်သတင်းကိုမှီပြီး သူတို့ဘဝလည်း ကောင်းစားလာကြသူများပင်။ ယခု သူတို့ကို သင်ကြားပေးခဲ့သော ကျောထောက်နောက်ခံ ဆရာကြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ ဝမ်းမနည်းပါဟုဆိုသူက နှလုံးသားမဲ့နေ၍သာ ဖြစ်ပေလိမ့်မည်။

ဖုန်းရွှေလောကထဲတွင် ဆရာချန်ဟာ အလွန်အစွမ်းထက်လှသော်လည်း သူ့တပည့်များကမူ သာမညောင်ည အခြေအနေမျိုးမှာသာရှိပြီး သည်တစ်သက် ဆရာချန်၏ ခြေရာကို နင်းနိုင်ကြလိမ့်မည် မဟုတ်မှန်း လူတိုင်း သိကြပါ၏။ သူတို့အားလုံး ဝမ်းနည်းပက်လက်ဖြစ်နေကြသည်ကို မြင်သည့်အခါ ဈာပနကို တက်ရောက်လာသော ဆရာသခင်များကလည်း အားပေးစကား အနည်းငယ်​မှအပ ဘာထပ်ပြောရမည်မှန်းပင် မသိကြတော့။

ငှက်ငယ်လေးများဟာ တစ်ချိန်ချိန်မှာတော့ အသိုက်ကို စွန့်ခွာရမည်ပင်။ အကယ်၍ ဆရာချန်တစ်ယောက် သက်ရှိထင်ရှားရှိနေသေးသည် ဆိုဦးတော့၊ သူတို့အားလုံးကို ဘဝတစ်လျှောက်လုံး ရင်ဝယ်ထား စောင့်ရှောက်ပေးဖို့ ဖြစ်နိုင်သည်မဟုတ်။ ရှင်သန်ရခြင်း၊ သေဆုံးရခြင်း၊ ကြွယ်ဝမှုနှင့် ဂုဏ်သတင်းတို့ အားလုံးဟာ ကံကြမ္မာ၏ အလိုအတိုင်းသာလျှင် ဖြစ်ပေသည်။ ၎င်းကို သူတို့ နားမလည်သေးသ၍တော့ သူတို့ဟာ ဒုတိယအဆင့် ဆရာသခင်ဘဝထက် ပို၍ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပါချေ။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now