အဖြူရောင် ရေလှိုင်းများသည် မြင့်မားသော ကျောက်ဆောင်များထက်မှ အရှိန်ပြင်းစွာ ထိုးဆင်းကျနေသည်။ ထိုရေအလျဉ်ကို ရေတံခွန်အောက်ရှိ စိမ်းပြာရောင် ရေကန်ငယ်က ရင်ဖွင့်ဆီးကြိုနေသည်။ ရေကျသံနှင့်အတူ လွင့်မြူးနေသော ရေမှုန်ရေမွှားများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မိုးမစဲသော နေရပ်တစ်ခုလို စိုထိုင်းစိမ့်အေးနေသည်။
မြင့်မားသော ကျောက်ဆောင်များပေါ်မှ ခုန်ဆင်းလာသော ရေအလျဉ်သည် ရေကန်ငယ်၏ ရင်ခွင်တွင်သာ ရပ်တန့်နားခိုနေသည်တော့မဟုတ်။ ရေကန်ငယ်မှတစ်ဆင့် စမ်းချောင်းကြီးငယ် ပုံစံအမျိုးမျိုးဖြင့် ဒေသဌာနီ နေရာသစ်များသို့ ဆက်လက်ခရီးနှင်နေကြသည်။ ကြည်လင်သော စမ်းချောင်းငယ်အောက်မှ ရေညှိဖုံးနေသော ကျောက်တုံး ကျောက်ခဲငယ်များသည် ရေစီးဒဏ်ကို ကြံ့ကြံ့ခံ အံတုကာ ၎င်းတို့၏ ရပ်တည်မှုနေရာတစ်ခုအတွက် တိုက်ပွဲဝင်နေကြသည်။ စမ်းချောင်းဘေးတစ်ဖက်တစ်ချက်မှ မြက်ပင် ပေါင်းပင်ငယ်များမှာမူ ရေအလျဉ်၏ခေါ်ဆောင်ရာသို့ ယိမ်းလိုက်နွဲ့လိုက်ဖြင့် လိုက်ချင်သလိုလို မလိုက်ချင်သလိုလို မူဟန်ပိုနေကြသည်။
တိမ်ထူသော နေ့တစ်နေ့မှာ ပြိုဆင်းလာသော တိမ်စိုင်ဖြူများနှင့် သဏ္ဌာန်တူသော ရေတံခွန်မှာ တစ်နေရာတည်းမှ အစုလိုက်အပြုံလိုက် စီးဆင်းကျနေသည်တော့မဟုတ်။ ပင်မ ရေတံခွန်ကြီးဘေးမှာ သီးခြားစီးဆင်းလာနေသော ရေတံခွန်ငယ်များလည်း ရှိသည်။ မောင်းမငယ်များနှင့် ဆင်ဆင်တူသော ရေတံခွန်ငယ်များသည် အိန္ဒြေရှိသော မိဖုရားကြီးအသွင် ပင်မရေတံခွန်ကြီးကို ခြံရံအလှဆင်နေကြသလို ရေတံခွန် နောက်ခံ ပန်းချီကားချပ်ဖြစ်သော စိမ်းညို့သော တောတောင်ရှုခင်းများသည်လည်း ငြိမ်းချမ်းစွာ လှပနေကြသည်။
ရေကန်မှတစ်ဆင့် စီးဆင်းလာသော စမ်းချောင်းငယ်ပေါ်တွင် ကန့်လန့်ဖြတ်လဲကျနေသော သစ်ပင် ပင်စည်ကြီးတစ်ခုသည် တံတားတစ်ခုသဖွယ် တည်ရှိနေသည်။ ထိုသစ်လုံးပေါ်တွင် ထက်ဝေယံ ဒူးတစ်ဖက်ထောင်ရင်း ပက်လက်လှန်အိပ်ကာ ရေကန်ထဲမှ သတိုးကို ခေါင်းငဲ့ကြည့်နေသည်။ ဖိနပ်ချွတ်ထားသော ခြေဖျားတစ်ဖက်ကိုမူ အေးစိမ့်သော စမ်းချောင်းထဲ ထိသည်ဆိုရုံ ချထားသည်။ ရေစိုသွားသော အကျီင်္ကို သစ်ကိုင်းတစ်ခုတွင် လှမ်းချိတ်ပြီး အခြောက်ခံထားခြင်းကြောင့် ထက်ဝေယံ၏ ကိုယ်ခန္ဓာအထက်ပိုင်းမှာ ဗလာကျင်းနေသည်။
အချိုးကျလွန်းသည့်ကိုယ်ခန္ဓာ...
မဲ့သည်လား ပြုံးသည်လား မသဲကွဲသော နှုတ်ခမ်းပါးများ..
ရေတံခွန်အောက်သို့ရောက်အောင် ကြိုးစားသွားနေသော သတိုးကို လှမ်းကြည့်နေသည့် ချစ်ရိပ်နှင့် လွမ်းရိပ်သမ်းသော မျက်လုံးများ..
ယခုအချိန်တွင် ထက်ဝေယံသည် တောတောင်ထဲတွင် ထီးထီးကြီးရှိနေသော ရေတံခွန်ကြီးလို လွမ်းစရာကောင်းနေသည်။ အမြဲတမ်း ရယ်ရယ်မောမောနေတတ်သလို တစ်ခါတစ်ရံ ဒေါသတကြီး ဟိန်းဟောက်နေတတ်သော ထက်ဝေယံကို အခုလိုမျိုး ဝမ်းနည်းတတ်လိမ့်မည်ဟု ရဲသွေးငယ် မထင်ထားခဲ့။
"အား.... ခံရခက်လိုက်တာကွာ။"
နီရဲနေသော မျက်စိထောင့်မှ စိမ့်ထွက်ချင်နေသည့် မျက်ရည်စကို ထက်ဝေယံ လက်ဖမိုးဖြင့် ဖိသုတ်လိုက်သည်။ နောက်မှ သူ ၏ အမူအရာတစ်ခုချင်းစီကို ရဲသွေးငယ် စိုက်ကြည့်နေသည်ကိုတွေ့ကာ တစ်ချက်ရယ်သည်။
"မင်းသိလား ရဲသွေး။ ငါ ရည်းစားတွေအများကြီး ထားဖူးတယ်။"
ရဲသွေးငယ် ခေါင်းညိတ်ရုံ အဖြေပေးသည်။ ထက်ဝေယံ ရေကန်ရှိရာမှ မျက်နှာလွှဲကာ အဆက်မပြတ်စီးဆင်းနေသော စမ်းချောင်းငယ်ကို လှမ်းကြည့်နေသည်။
"ဒါပေမဲ့ ဒီကောင်လေး သတိုးကြောင့်ပဲ ခဏခဏ မျက်ရည်ကျဖူးတယ်။"
ရဲသွေးငယ် ဘာစကားမှ မပြောမိ။ ပြောစရာလိုသည်ဟုလည်းမထင်။ ထက်ဝေယံ သူ့ကို ရင်ဖွင့်လာလိမ့်မည်ဟု မထင်ထား၍ အနည်းငယ် အံ့သြမိတာသာရှိသည်။ သတိုးကို သူ့အစ်ကိုတစ်ယောက်အဖြစ် ရဲသွေးငယ် သိထားခဲ့တာ ကြာခဲ့ပြီဖြစ်သည်။ နှုတ်မဆက်ရဲ၊ မျက်နှာမပြရဲပေမယ့် သတိုးရှိရာ ဘုရားကျောင်းသို့ သူ ဖခင်ဖြစ်သူနှင့်အတူ မကြာခဏ ရောက်ခဲ့ဖူးသည်။ ဘုရားကျောင်းတွင် တနင်္ဂနွေဘုရားဝတ်ပြုချိန်များတွင် စန္ဒရားတီးကာ ပါဝင်သော သတိုးကို ဘယ်သူမှမမြင်အောင် နောက်ဆုံးတန်းထောင့်စွန်းတွင်ထိုင်ရင်း စောင့်ကြည့်ခဲ့ဖူးသည်။
မထင်မှတ်ထားပေမယ့် သတိုး သူ့ကို ညီတစ်ယောက်အဖြစ် စိတ်မခုဘဲ လက်ခံခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခွင့်ရချိန်တွင် သူ စိတ်လှုပ်ရှားရလွန်းသဖြင့် အမှားမှားအယွင်းယွင်းတွေ ဖြစ်ခဲ့သည်။ လက်မှတ်ပျောက်သည်မှစကာ သတိုးကို ဘယ်လိုမျက်နှာချင်းနှုတ်ဆက်ရမည်ကိုပင် မသိခဲ့။ ဒါပေမဲ့ ထက်ဝေယံဆိုသည့် ဒီလူကြီးသည် သူ့ကို ကြားမှ ဝင်ပြီး ကူညီပေးခဲ့သည်။ ဒါကို ရဲသွေးငယ် နှုတ်မှ ဝန်မခံပေမယ့် အမြဲအမှတ်ရနေခဲ့သည်။
"ဒီရင်ဘတ်ကြီးက အရမ်းနာတာပဲကွာ။"
ထက်ဝေယံ စကားဆုံးသည်နှင့် အား ဆိုပြီး အသံကုန်ခြစ်ကာ ထအော်သည်။ အတွေးလွန်နေသော ရဲသွေးငယ်မှာ စမ်းချောင်းထဲ ပြုတ်ကျတော့မတတ် လန့်သွားရသည်။ တောအုပ်ထဲမှ ငှက်ငယ်များလည်း ဝုန်းခနဲ ထပျံကာ သတိုးနှင့်နေရှင်းခပါ လှည့်ကြည့်သည်။
"မင်းက ဘာကြည့်တာလဲ။ အသည်းကွဲနေလို့ ထအော်တာ။"
ခပ်လှမ်းလှမ်းမှ နေရှင်းခ ရှိရာလှည့်ကြည့်ပြီး ရယ်ကျဲကျဲပြောလိုက်သော ထက်ဝေယံကိုကြည့်ပြီး ရဲသွေးငယ် အံ့သြရသည်။ အခုနလေးတင်မှ မျက်ရည်စကို ဖိသုတ်ခဲ့သည်မှာ သူ မဟုတ်တော့သလို။
ဟန်ဆောင်ကောင်းလိုက်တာဗျာ..
မူလခံစားချက်မှန်သမျှကို အနက်ရှိုင်းဆုံးနေရာသို့ ထည့်ဖွက်ပြီးမှ စနောက်နေသော ဒီလူကြီးကို သနားလာမိသည်။ ထက်ဝေယံသည် အရာရာကို ပေါ့ပျက်ပျက်သာ သဘောထားသည်ဟု ရဲသွေးငယ် ထင်ထားခဲ့သည်မှာ မှားသလား မသိ။ နေရှင်းခ ထက်ဝေယံနားလျှောက်လာသည်ကို မြင်သည်နှင့် ရဲသွေးငယ် သစ်တုံးပေါ်မှ ခုန်ဆင်းကာ သတိုးရှိနေရာ ရေကန်လယ်သို့ ရှောင်ထွက်လာခဲ့သည်။
"နေဦး ဝေယံရာ။ ငါ့ကို သတိုးအဖြေပေးပြီးမှ အသည်းကွဲပါလား။ ဖြူသလား မည်းသလားတောင် ငါ မသိရသေးဘူး။"
"သတိုး အဖြေကို မင်း မသိလို့လား။"
နေရှင်းခ ထက်ဝေယံဘေးတွင် သစ်တုံးကို ကျောပေးကာ မှီရပ်လိုက်သည်။ ဖိနပ်မပါသည့် ခြေထောက်များကို အေးစိမ့်သော စမ်းရေထဲ ခြေချထားပေမယ့် အေးစက်မှုကို သူ မသိ။ ရေညှိပင်ငယ်များ ကပ်နေသော ကျောက်တုံးမည်းများသည် အစိမ်းရောင်ခြုံလွှာကို ခေါင်းမှခြုံလွှမ်းထားသော လုံမပျိုငယ်များနှင့် ဆင်ဆင်တူနေသည်။
"မသိလို့ပေါ့.. ဝေယံရာ။ ငါ တကယ်မသိလို့ပေါ့။"
"မင်းဖွင့်ပြောကတည်းက ဒီကောင်လေး ပျော်လွန်းလို့ ရူးချင်စိတ်တောင် ပေါက်နေမှာ။"
ထက်ဝေယံ ဘောင်းဘီအိတ်ကပ်ထဲမှ စီးကရက်ဗူးကို ဆွဲထုတ်ပြီးမှ ရွှဲရွှဲစိုနေသော စီးကရက်ဗူးခွံကြောင့် ကျစ်ခနဲ စုတ်သတ်လိုက်သည်။ ရေစိုနေသော စီးကရက်တစ်လိပ်ကိုထုတ်ကာ သူ့ဘေးသစ်တုံးပေါ်မှာ ချတင်လိုက်သည်။ နေ့လယ်ခင်း အကျနေမင်း၏ အလင်းရောင်သည် တောက်ပသော်လည်း နွေးထွေးမှုမရှိ။ မနွေးသောနေရောင်သည်လည်း ဒီစီးကရက်စိုလေးကို ခြောက်သွေ့သွားအောင် စွမ်းဆောင်နိုင်မည့်ပုံမရ။ ထက်ဝေယံ၏ နှလုံးသားသည်လည်း ဒီစီးကရက်လိပ်လေးလို မျက်ရည်များနှင့် မွန်းကြပ်စွတ်စိုနေသည်။ အသံတိတ်နေသော နေရှင်းခကြောင့် ထက်ဝေယံ မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလဲ။ မင်းက ငါ ပြောတာကို မယုံလို့လား။"
"ယုံပါတယ်ကွာ။ ဘာပဲဖြစ်ဖြစ် မင်းက သတိုးကို ငါ့ထက် ပိုပြီး နားလည်နိုင်တယ်။ အမှန်အတိုင်းပြောရရင် မင်းကို ငါမနာလိုဖြစ်ရတာ အဲဒါကြောင့်လည်းပါတယ်။"
"မင်းက... ငါ့ကို မနာလိုဖြစ်တယ်။ ဟုတ်လား။"
ထက်ဝေယံ မယုံကြည်နိုင်စွာ မိမိမျက်နှာကို လက်ညိုးထိုးရင်း မေးမိသည်။ နေရှင်းခ ရူးများသွားပြီလားမသိ။ သူ့အမေးကို နေရှင်းခ ခေါင်းညိတ်ဖြေတော့ ထက်ဝေယံ နာကျင်စွာ ရယ်ဖြစ်သည်။
"ရှင်းခရာ.. စင်္ကာပူမှာ မင်း ငါတို့အခန်းကို ရောက်လာပြီးတော့..."
ထက်ဝေယံ အသံတစ်ချို့ ပျောက်ဆုံးသွားပြီးမှ ခေါင်းကို နာနာခါရင်း စကားဆက်သည်။
"ဒီအကြောင်းတွေကို ငါ ပြန်မပြောချင်ဘူး။ ဒါပေမဲ့ မင်းကို သတိုး ဘယ်လောက်ချစ်တယ်ဆိုတာ မင်း သိအောင် ငါ ပြောမှဖြစ်မယ်။ မင်း ငါတို့နှစ်ယောက်ကို အခန်းထဲမှာ တွေ့ပြီးတော့ သတိုး မင်းနောက်ကနေ ပြေးလိုက်လာတာ မင်း မှတ်မိလား။"
နေရှင်းခ လက်သီးများ အလိုလို ဆုပ်မိသွားသည်။ နာကျင်မှုတစ်ခုက ဟိုးအောက်ခြေမှ ရုန်းကန်ထွက်ဖို့ ကြိုးစားနေသည်။ သူ အကြောက်ရဆုံး အတိတ်တစ်ခု၊ ပြန်ပြီး သတိမရချင်လောက်အောင် မမှတ်မိချင်လောက်အောင် နာကျင်ရသော အချိန်တစ်ခု။
"အခန်းရှေ့မှာ ဖန်ကွဲစတွေရှိနေတာတောင် သူ သတိမထားမိဘူး။ ခြေဖဝါးနှစ်ဖက်စလုံး စုတ်ပြတ်သတ်နေအောင် ဒီအတိုင်း လျှောက်သွားတာ။ နောက်ပြီး အခန်းထဲ ပြန်မလာလို့ ငါ လိုက်ရှာတော့ ဓါတ်လှေကားရှေ့မှာ သတိမေ့နေတာ။ မင်းပြောစမ်း။ လူတစ်ယောက်ကို အဲဒီ့လောက်အထိ ချစ်စရာ လိုလို့လား။"
ထက်ဝေယံ၏ စကားသံများသည် ရေကျသံများကြားမှာ ကြောက်စရာကောင်းလောက်အောင် တုန်ခါနေသလို နေရှင်းခ ရှေ့ဆက် နားထောင်ဖို့ ခွန်အားမရှိတော့လောက်အောင် ဒူးတွေ ယိုင်ချင်နေသည်။
နေရှင်းခနှင့် သိပ်မဝေးသော နေရာမှာ သတိုးရှိသည်။ ရဲသွေးငယ်ကို ရေကန်ထဲမှ ရေများဖြင့် လှမ်းပက်ကာ ရယ်နေသော ထိုကောင်လေးကို နေရှင်းခ ချက်ချင်း ပြေးဖက်လိုက်ချင်သည်။ ဘယ်တော့မှ လွတ်မသွားအောင် ရင်ခွင်ထဲထည့် သိမ်းထားချင်သည်။ ဒါဆို သွေးစိမ်းရှင်ရှင် ထွက်တော့မလို နာကျင်နေသော သူ့နှလုံးသားသည် အနည်းငယ် သက်သာရာ ရလိမ့်မည်။
"ငါ သတိုးကို စတွဲတုန်းက မချစ်ခဲ့ဘူး ရှင်းခ။ အနည်းဆုံးတော့ မချစ်ခဲ့ဘူးလို့ ငါ့ကိုယ်ငါ ထင်ခဲ့တယ်။ အေးလေ။ အခုအချိန်မှာ ဒါတွေက အရေးမကြီးတော့ပါဘူး။ ဒါပေမဲ့ သူ ငါ့အနားမှာ ရှိနေခဲ့ချိန်တိုင်းဟာ ငါ့ဘဝမှာ စိတ်အချမ်းသာရဆုံး အချိန်တွေပဲ။ သတိုးကို ချစ်ခဲ့တဲ့အတွက်ရော ချစ်နေဆဲဖြစ်တဲ့အတွက်ရော ငါ နောင်တမရဘူး။ ငါ ဘယ်လောက်ပဲ နာကျင်ရ နာကျင်ရ ငါ သူ့နားမှာ ရှိနေချင်သေးတယ်။ မင်း ငါ့ကို ဒီတစ်ခုတော့ ခွင့်ပြုမှဖြစ်မယ်။"
ထက်ဝေယံ စီးကရက်လိပ်ငယ်ကို မီးညှိယူဖို့ အကြိမ်ကြိမ် ကြိုးစားနေမိသည်။ သူ့လက်ဖျားတွေ တုန်ရင်နေသောကြောင့်လား မခြောက်သွေ့သေးသော စီးကရက်ကြောင့်လားတော့မသိ။ စီးကရက်ငယ်မှာ အချိန်အတော်ကြာသည်အထိ မီးမစွဲနိုင်။ နောက်ဆုံး မီးရောင်သဲ့သဲ့မြင်ရသော်လည်း စိုထိုင်းနေသော စီးကရက်အရသာသည် နှစ်မြို့ဖွယ်မရှိ။ ဒါပေမဲ့ အခုအချိန်မှာ ထက်ဝေယံ အတွက် မရှိမဖြစ် လိုအပ်နေသည်။
"မင်းကိုယ်မင်း အရမ်းအထင်သေးနေပြီ ဝေယံ။ ငါ ခွင့်မပြုလည်း သတိုးက မင်းကို သူ့နားမှာ ရှိနေစေချင်တာ သေချာတယ်။ မင်းဟာ သူ့အတွက် အရေးအကြီးဆုံး လူတစ်ယောက်လေ။ မင်းကို သူ မိသားစုဝင်တစ်ယောက်လို သဘောထားတာ။ သူငယ်ချင်းတစ်ယောက်ဆိုတာထက် ရိုးရိုးခင်မင်ရုံဆိုတာထက် အများကြီးပိုတဲ့ သံယောဇဉ်ရှိနေတာ။"
"ငါသိတယ် ရှင်းခ။ ဒါ့ကြောင့်လည်း ငါ ပိုပြီး ခံရခက်တာ။ အစောကြီးကတည်းက သတိုးကို ငါ အရောင်ဆိုးခဲ့ဖို့ မကောင်းဘူး။"
သက်ပြင်းတစ်ချက်ချရင်း ထက်ဝေယံ နာကျင်စွာ ဝန်ခံဖြစ်သည်။ ကြယ်ရောင်လက်သော ညက စင်္ကာပူရှိ ဟိုတယ်ဝရန်တာမှာ သတိုးပြောခဲ့သော စကားလုံးတိုင်းက သူ့ နှလုံးသားထက်မှာ သံမှိုရိုက်ထားသလို စွဲထင်ကျန်နေသေးသည်။ ဝရန်တာလက်ကိုင်ပေါ်ကို တံတောင်ဆစ်နှစ်ဖက်ဖြင့် ထောက်မှီရပ်နေသော သတိုးပုံရိပ်ကို သူ ဒီတစ်သက် မေ့နိုင်တော့မည်မထင်။ ထိုအချိန်က လေအေးမှာ လွင့်နေသော သတိုး၏ ဆံပင်များကို သူ အရူးအမူး ကိုင်တွယ်ချင်ခဲ့သည်။ လျှပ်စစ်မီးရောင် ဖြာကျနေသော နှုတ်ခမ်းများကို မူးမေ့သွားသည်အထိ သူ နမ်းချင်ခဲ့သည်။
ထိုညသည် ထက်ဝေယံ သတိုးကို အရမ်းချစ်မိနေသည်ကို နားလည်ခဲ့ရသည့် ညတစ်ည..
ထို့အတူ...
သူ ဘယ်တော့မှ သတိုးအချစ်ကို ပိုင်ဆိုင်နိုင်မည်မဟုတ်သည်ကိုပါ သဘောပေါက်ခဲ့ရသည့် ည တစ်ည..
"အဲဒီညက သတိုး ငါ့ကို စကားတွေ အများကြီးပြောခဲ့တယ်။ ငါနဲ့ အတူတူရှိခဲ့တဲ့ အချိန်တိုင်းမှာ စကားနည်းခဲ့ပေမယ့် အဲဒီညကတော့ ထူးထူးဆန်းဆန်း သူ စကားတွေ အများကြီး ပြောခဲ့တယ်။ သူ ဘာတွေပြောခဲ့တယ်ဆိုတာကို မင်း မသိချင်ဘူးလား ရှင်းခ။"
ထက်ဝေယံ နာကျင်စွာ ပြုံးလိုက်သည်။ သူ့ဘေးမှ နေရှင်းခကြောင့် နာကျင်မှုနှင့် မြတ်နိုးမှုကို ဒွန်တွဲခံစားရသည်ဆိုလျှင် မမှား။ သူ ချစ်လွန်းသော ကောင်လေးတစ်ယောက်ကို ပိုင်ဆိုင်တော့မည့် သူ တစ်ယောက်အဖြစ် သူ နာကျင်ရသည်။ ထို့အတူ သူ ချစ်လွန်းသော ကောင်လေးက တန်ဖိုးထားတွယ်တာရလွန်းသည့် သူတစ်ယောက်ဖြစ်၍ သူ အားမကျဘဲ မနေနိုင်။ ထက်ဝေယံ စီးကရက်ကို ထိုးချေ မီးငြိမ်းလိုက်သည်။ တကယ်တော့ စီးကရက်လေးသည် မီးသေနေခဲ့သည်မှာ ကြာခဲ့ပြီ။ ပြာမှုန်စလေးပင်မတွေ့ရသော စီးကရက်ငယ်သည် သူ့ စိတ်ဓါတ်များလို ညှိုးနွမ်းနေသည်။ ဆုတောင်းတိုင်းသာ ပြည့်နိုင်မည်ဆိုလျှင် ထိုညက သတိုးပြောခဲ့သော စကားအားလုံးကို မေ့သွားနိုင်စေဖို့ ထက်ဝေယံ ဆုတောင်းမိမည်။
"သူ လူမှန်းသိကတည်းက သူ့ မျက်စိရှေ့မှာ အရမ်းကို ပြီးပြည့်စုံပြီး အပြစ်ကင်းတဲ့ သူတစ်ယောက်ရှိတယ်တဲ့။ လောကမှာ ဘယ်အရာမှ မပြည့်စုံဘူးဆိုပေမယ့် အဲဒီသူကတော့ သူ့ အတွက် အမြဲတမ်း အထင်ကြီးစရာ၊ လေးစားစရာဖြစ်တဲ့ ပြီးပြည့်စုံမှုတစ်ခုရဲ့ သင်္ကေတပဲတဲ့လေ။ သူ ဘယ်ဘဝရောက်ရောက် ဘာပဲဖြစ်နေဖြစ်နေ ဂရုမစိုက်ပေမယ့် အဲဒီသူကိုတော့ ဘယ်သူ့ကိုမှ အောက်မကြို့စေရသလို ဘယ်တော့မှ ဒုက္ခမရောက်စေရဘူးတဲ့။ ငါ အဲဒီ့စကားတွေကို ဘယ်လိုရင်ဘတ်နဲ့ နားထောင်ခဲ့ရလဲ ဆိုတာ မင်း စဉ်းစားကြည့်စမ်း ရှင်းခ။"
လှိုက်တက်လာသော ဝမ်းနည်းမှုကို အကြိမ်ကြိမ်အခါခါ ပြန်လည်မြိုချရင်း နေရှင်းခ ခေါင်းခါသည်။ ခေါင်းကို နာနာကျင်ကျင် ခါခြင်းဖြစ်သည်။ သူ့တစ်သက်မှာ ဒီလိုမျိုး နာကျင်ရလိမ့်ဦးမည်ဟု မထင်ထားခဲ့။ သတိုးကို ဆုံးရှုံးခဲ့ပြီဟု သိရစဉ်ကထက် ပိုပြီးနာကျင်နေရသည်မှာ အံ့သြဖို့ကောင်းသည်။
"မဟုတ်ဘူး.. ဝေယံ.. မဟုတ်ဘူး။ သတိုးမှားနေပြီ။"
ဝမ်းနည်းမှုမှာ ဒေါသစွက်နေသော နေရှင်းခ၏ ခါးခါးသီးသီးအသံသည် အလင်းရောင်ဖျော့လာသော ကောင်းကင်ပြင်အောက်မှာ ပေါ်ထွက်လာသည်။
"သတိုး ငါ့ကို ဒီလို မြင်နေတာကိုက မှားနေတာ။ ငါဟာ လိုအပ်ချက်တွေ၊ အပြစ်အနာဆာတွေနဲ့ လူတစ်ယောက်။ မင်းသိလား။ စင်္ကာပူမှာတုန်းက ငါ မင်းကိုဒေါသထွက်ရတာထက် ငါ့ကိုငါ ပိုပြီး စိတ်ပျက်ခဲ့တာ။ သတိုးကို ခွင့်မလွှတ်နိုင်တာထက် ငါ့ကိုငါ ပိုပြီး ခွင့်မလွှတ်နိုင်ဖြစ်ခဲ့တာ။ သတိုးအတွက် ပြည့်စုံတဲ့ဘဝကို ငါ ဖန်တီးပေးဖို့ ကြိုးစားနေချိန်မှာ သတိုး လိုအပ်နေခဲ့တာဟာ ငါပဲဆိုတာကို ငါ မသိဘူး။ ဝေယံ.. သတိုးကို ငါ တစ်ယောက်တည်း ထား ထားခဲ့တာ။"
နေရှင်းခ သစ်တုံးကို ကျောမှီရင်း ကောင်းကင်ပြာကို မော့ကြည့်လိုက်သည်။ အလင်းရောင်ဖျော့လာသော ကောင်းကင်ပြင်ထက်မှာ တိမ်ကင်းစင်နေသည်။ အဖြူရောင် အရိုင်းငှက်ငယ်တစ်ကောင်မှာ သစ်ကိုင်းထက်မှာ နားနေရာမှ ကောင်းကင်ပြင်ရှိရာ ထိုးတက်ပျံသန်းသွားသည်။ တောင်ပံများကို တဖျတ်ဖျတ်ရိုက်ခတ်ကာ အားယူပျံသန်းပြီးမှ ၎င်း တောင်ပံများကို ဖြန့်ကားပြီး လေစီးကြောင်းအတိုင်း လွင့်မြောပျံသန်းသွားနေသည်။
"ငါ ဟာ သတိုးဆိုတဲ့ကောင်လေးအတွက်ဆိုရင် ဘယ်တော့မှ ပြီးပြည့်စုံတဲ့သူတစ်ယောက် ဖြစ်မှာမဟုတ်ဘူး။ ဒါကို သတိုး သိဖို့ကောင်းတယ်။"
ဒီစကားကိုတော့ နေရှင်းခ ထက်ဝေယံကိုရည်ရွယ်ပြောဆိုခြင်းမဟုတ်။ မိမိတစ်ယောက်တည်းအတွက် ပြောမိခြင်းဖြစ်သည်။ သတိုးအတွက်ဆိုလျှင် နေရှင်းခသည် စည်းမျဉ်းမှန်သမျှကို ချိုးဖောက်မိမှာပဲဖြစ်သည်။ ရန်ဖြစ်ခြင်းကို လုံးလုံးမနှစ်သက် လက်မခံသော သူ သည် သတိုးကြောင့် ကျောင်းတုန်းက မိမိထက်ငယ်သော ကလေးငယ်များကို သွားရောက်ဆူပူကာ ရန်ဖြစ်ခဲ့ဖူးသည်။ ချစ်သူရလျှင် အနမ်းတစ်ခုအတွက်တောင် ခွင့်ပြုချက်ရမှ ရှေ့တိုးမည်ဟု စဉ်းစားရည်ရွယ်ခဲ့ဖူးပေမယ့် သတိုးကို ချစ်မိသည်နှင့် သူ့ခံယူချက်အားလုံးလိုလိုကို မေ့သွားခဲ့သည်။ ထို့အပြင် သူ့ တစ်သက်လုံး မိခင်စိတ်တိုင်းကျ နေခဲ့ပေမယ့် အခုအချိန်မှာ သူ့ မိခင်ဖြစ်စေချင်သလို သတိုးကို မစွန့်လွှတ်နိုင်သည်ကို ကျိန်တွယ်ပြောရဲသည်။
"မင်းတို့နှစ်ယောက်စလုံး ကံကောင်းပါတယ်ကွာ။ ငါပဲ သနားဖို့ကောင်းတာ။"
ထက်ဝေယံနောက်တော့ နေရှင်းခ အပြုံးနှင့် တုန့်ပြန်ဖြစ်သည်။
"ဝေယံ.. မင်းကို ငါ ဒီတစ်ခါပဲ ဒီစကားပြောမယ်။ နောက်ဘယ်တော့မှ ပြောဖြစ်မှာမဟုတ်ဘူး။ အဲဒီတော့ မင်း သေချာနားထောင်။"
စူးစိုက်ကြည့်ကာ ရုပ်တည်နှင့်ပြောလာသော နေရှင်းခကြောင့် ထက်ဝေယံ မျက်စိတစ်ဖက်မှိတ်ကာ လေချွန်လိုက်သည်။
"ရင်တွေခုန်လိုက်တာ။ မြန်မြန်ပြောစမ်းကွာ။"
ထက်ဝေယံနှင့် စကားအကောင်းပြောလို့ရသည်မှာ ငါးမိနစ်ထက် ပိုပုံမရ။
"သတိုးနားမှာ မင်းကို ငါလည်း အမြဲရှိနေစေချင်တယ်။ ငါတို့သုံးယောက်စလုံး တစ်သက်လုံး အမြဲတမ်း ခင်ခင်မင်မင် ရှိနေစေချင်တယ်။"
နေရှင်းခ စကားအဆုံးမှာတော့ ထက်ဝေယံ မျက်နှာမှ အပြုံးပျောက်ကွယ်ကာ အံသြရိပ်သက်သက်သာ ကျန်တော့သည်။ နောက်မှ နေရှင်းခ ပခုံးကို ထက်ဝေယံ သိုင်းဖက်ကာ ကိုင်လှုပ်လိုက်သည်။
"ဒီလိုစကားမျိုးက ခဏခဏ ပြောရမှာကွ။ တစ်ခါပဲမရဘူး။"
"မင်းကို ငါ ရည်းစား စကားပြောနေတာမဟုတ်ဘူး။ မင်းလက်ကြီးကို ဖယ်စမ်းပါကွာ။"
နေရှင်းခ ပခုံးပေါ်မှ ထက်ဝေယံ လက်ကြီးကို တွန်းဖယ်သည်။ ထက်ဝေယံ မဖယ်ပေး။ နေရှင်းခ ပခုံးကို သူ့နားဆွဲယူကာ အသံတိုးတိုးဖြင့် ဆက်ပြောလာသည်။
"နေဦးကွ။ ငါ ပြောဖို့ကျန်သေးတယ်။ သတိုးက ငါနဲ့တုန်းက အရမ်းလိမ္မာတာ။ မင်းနဲ့ကျမှ သူ တစ်ချိန်လုံး ဂျီကျနေတာ။"
"ဘာကို ပြောတာလဲ။"
ထက်ဝေယံ ခေါင်းမော့ကာ ရယ်နေသည်။ မျက်နှာက မချိုမချဉ်။
"မင်း..."
နေရှင်းခ ထက်ဝေယံ ပြောချင်တာကို နားလည်ချိန်မှာ ဒေါသကပါ အလိပ်လိုက်ထွက်သည်။
"ခွင့်လွှတ်ပါ ညီလေးရာ။ မင်းရဲ့ခံရခက်နေတဲ့ မျက်နှာလေးကို ကြည့်ချင်လွန်းလို့။"
တဟားဟားရယ်နေသော ထက်ဝေယံ မျက်နှာကိုကြည့်ရင်း နေရှင်းခပါ မနေနိုင်တော့ဘဲ လိုက်ရယ်ဖြစ်သည်။ ဒီတစ်ခါတော့ ဒီအရူးကို သူ ခွင့်လွှတ်လိုက်တာပဲ ကောင်းမည်။ နောက်ပြီး သူ ပြောမိသည့် စကားအတွက် ချက်ချင်း နောင်တရချင်သည်။ အမြဲတမ်း ခင်ခင်မင်မင် နေကြဖို့ဆိုတာ ဘယ်တော့မှ ဖြစ်နိုင်မှာမဟုတ်။ ထက်ဝေယံသည် သူ့အတွက်တော့ တကယ့် ဂြိုလ်ကောင်။