အနီရောင်ပြိုင်ကားလေးသည် ရန်ကုန်၊ မန္တလေးအဝေးပြေးကားလမ်းမှာ လျှင်မြန်စွာ ပြေးလွှားမောင်းနှင်နေသည်။ တစ်စီးတည်းတော့မဟုတ်။ သူ့နောက်မှာတော့ အပြာရောင် Hyundai ကားတစ်စီး ရှိသည်။ တောက်ပသော နေရောင်သည် စူးရှသော ရောင်ခြည်များဖြင့် လောကတစ်ခွင်လုံးကို လွှမ်းခြုံထားသည်။ လမ်းဘေးတစ်ဖက်တစ်ချက်မှ ချုံပုတ်ငယ်များ၊ မြက်ပင်များမှာ နေရောင်ကို ဒူးထောက်အရှုံးပေးသည့်နှယ် ခြောက်သွေ့နွမ်းခြောက်နေသည်။ လမ်းတစ်လျှောက်တွင် ထီးထီးပေါက်ရောက်နေသော ကွမ်းပင်တစ်ချို့၊ အုန်းပင်တစ်ချို့နှင့် သစ်ပင်ငယ်တစ်ချို့မှလွဲလျှင် အရာရာသည် အထီးကျန်ချင်စရာကောင်းလောက်အောင် ရှင်းလင်းနေသည်။
"ဟိုကောင် နောက်ကကျားလိုက်လို့ ဒီလောက်မြန်မြန်မောင်းနေတာလား။"
နေရှင်းခ နောက်တစ်ကြိမ်ဂီယာမြှင့်ကာ အရှိန်တင်ရင်း မကျေမနပ်ပြောလိုက်သည်။ သူ့ရှေ့မှ ထက်ဝေယံကားကို အမီလိုက်မောင်းရသည်မှာ တကယ်ပင်မလွယ်။ ဒုံးပျံနောက်လိုက်နေရသလားဟု ထင်ရသည်။ ဒီအဝေးပြေးလမ်းမှာ မောင်းချင်တိုင်းမောင်းလို့ရသည်မဟုတ်။ သတ်မှတ်အရှိုန်နှုန်းကိုကျော်ပါက အားလုံးဒုက္ခရောက်သွားနိုင်သည်။ ထက်ဝေယံသည် ဒီအကြောင်းကို သိပုံမရ။ သိလျှင်လည်း နည်းနည်းမှဂရုစိုက်မည့်ပုံမပေါ်။
ကတ္တရာမခင်းထားသော်လည်း နေမင်းအပူရှိန်မှ တံလျှပ်များကို မျက်စိတစ်ဆုံးရှည်လျားသော လမ်းဆုံးတစ်နေရာမှာ တွေ့နေရသည်။ တစ်ခုနှင့်တစ်ခု အကွာအဝေးတူညီစွာ တည်ရှိနေသော ဓါတ်တိုင်များ၊ လမ်းအချို့နေရာများမှ လမ်းလုပ်သားများ၊ ရန်ကုန် မန္တလေး အဝေးပြေးကားတစ်ချို့နှင့် လယ်ကွင်းစိမ်းများသည် အရှိန်ပြင်းပြင်းမောင်းနေသော ကားနှစ်စီးနောက်မှာ ကျန်နေခဲ့သည်။
"သတိုး.. ရဲသွေးငယ်ကို ဖုန်းဆက်စမ်းကွာ။"
"ငယ်လေးကိုလား။"
အခုအချိန်တွင် ရဲသွေးငယ်သည် ထက်ဝေယံနားတွင်ဖြစ်သည်။ ကားမောင်းနေသည့် ထက်ဝေယံကို တိုက်ရိုက် ဖုန်းမဆက်စေချင်၍ ရဲသွေးငယ်ကိုသာ ဆက်ခိုင်းခြင်းဖြစ်သည်။
"ဟိုလမ်းသရဲကို အရှိန်လျှော့မောင်းခိုင်းစမ်းကွာ။ ဒီအတိုင်းဆို ငါတို့နောက်မှာ ပြတ်ကျန်ခဲ့မယ်။"
"ငယ်လေးမှာ ဖုန်းမရှိဘူး ရှင်းရ။"
နေရှင်းခ အံ့သြရပြန်သည်။ ဖုန်းမရှိသည့် တက္ကသိုလ်ကျောင်းသားတစ်ယောက် ရန်ကုန်မှာရှိနိုင်သည်ဟု သူ မထင်ထားခဲ့။
"နည်းပညာတွေကို ဆန့်ကျင်တယ်တဲ့။"
"ဒီကောင်လေးကိုတော့ ပြတိုက်ထဲ ထည့်မှဖြစ်မယ်။"
သဲများတင်လာသည့် အဝါရောင်ကားကြီးကို နေရှင်းခ အရှိန်မြှင့်ကာ ကျော်တက်လိုက်သည်။
"ဒါဆို ဟိုကောင် ဝေယံကိုပဲဆက်တော့ သတိုး။ ဒီကောင်မောင်းနေတဲ့ပုံစံနဲ့ ငါ လိုက်လို့မမီဘူး။ တောင်ငူကျော်ရင် ဘယ်လိုသွားရမလဲ ငါမသိဘူး။"
သံတောင်ကြီးကို နေရှင်းခ မရောက်ဖူးသေးပါ။ နော်ဘူဘောဆုတောင်းတောင်သည် ခရစ်ယာန်များအတွက် သိပ် မစိမ်းလှ။ ကရင်ပြည်နယ်မြောက်ပိုင်းမှ ပသိချောင်းနှင့် တောင်တန်းတောင်မြင့်များ ဝန်းရံနေသည့် သံတောင်ကြီး၊ သံတောင်လေး မြို့မာျး၏ အလှသည် နာမည်ကြီးလှသည်။
နေရှင်းခ စကားဆုံးသည်နှင့် ရှေ့ကားမှ ထက်ဝေယံကို သတိုး ဖုန်းလှမ်းခေါ်လိုက်သည်။ စကားတစ်ခွန်းပင် မပြောရသေး။ ဘယ်အချိန်ကတည်းက အော်ချင်နေမှန်းမသိသော ထက်ဝေယံ အသံက ဖုန်းထဲမှ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"သတိုး.. မင်းရဲ့ညီကို မင်းတို့ကားထဲ ပြန်ခေါ်စမ်း။ မဟုတ်ရင် ငါ ကန်ချမိတော့မယ်။"
"ဖြည်းဖြည်းပြော ကိုလေးရ။ အဖော်ရအောင် ထည့်ပေးထားတာ ဘာကန်ချမှာလဲ။ အေးဆေးနေ။"
သတိုးကိုယ်တိုင် ရဲသွေးငယ်ကို ထက်ဝေယံကားနှင့်လိုက်သွားဖို့ ပြောထားခြင်းဖြစ်သည်။ သူတို့ကားနှင့်အားလုံးသွားလျှင်ရပေမယ့် ထက်ဝေယံက သူ့ကားနှင့်သူ သွားမည်ဆိုကာ ဂျီကျသည်။ ဒီတော့ ခရီးတစ်လျှောက်လုံး အပျင်းပြေစကားပြောရအောင် ရဲသွေးငယ်ကို ထက်ဝေယံ ကားနှင့် ထည့်ပေးခြင်းဖြစ်သည်။
"ဘာအဖော်ရအောင်လဲ။ မင်း ငါ့ကို သွေးတက်ပြီးသေအောင် ဒီကောင်လေးကို ငါ့ကားနဲ့ထည့်ပေးလိုက်တာမဟုတ်လား။"
"ဟား ဟား.. ဟုတ်တယ်။ ဒီနည်းနဲ့မှ ကိုလေးကို အပျောက်ရှင်းလို့ရမှာ။"
နေရှင်းက သတိုးလက်ထဲမှ ဖုန်းကို ဆွဲယူလိုက်ကာ ပါးစပ်နားကပ်ပြောလိုက်သည်။
"ဝေယံ... ဖြည်းဖြည်းမောင်းစမ်း။ ငါ လိုက်လို့မမီဘူး။"
"လူချင်းလဲရအောင် ရှင်းခရာ။ ဒီကောင်လေးနားနေရမှာထက် မင်းနားမှာပဲ ငါ တစ်သက်လုံးနေပါရစေ။"
သနားစရာဖြစ်အောင် အသံကိုလုပ်ပြောနေသော ထက်ဝေယံစကားကို နေရှင်းခ ဂရုမစိုက်နိုင်။
"မင်း ငါပြောနေတာ ကြားလား။ အရှိန်လျှော့။"
"မင်းတို့ကားထဲ ရဲသွေးငယ်ကို ပြန်ခေါ်ရင် ငရဲတွင်းထဲ ခုန်ဆင်းဆိုရင်တောင် ခုန်ဆင်းမယ်။"
ထက်ဝေယံ ဖုန်းကို ပြန်ပစ်ချရင်း သူ့ဘေးမှ ရဲသွေးငယ်ကို မျက်ထောင့်နီဖြင့် ကြည့်သည်။
"ဘာဖြစ်လို့ ဒီလောက် ဒေါသထွက်နေတာလဲ ကိုဝေယံရာ။ မျက်နှာကိုက ထွေးမနိုင် အန်မရဖြစ်နေတဲ့ပုံနဲ့။"
"မင်း..."
ထက်ဝေယံ ပါးစပ်ကို ပြန်ပိတ်သည်။ ဒီကောင်လေးနှင့် သူ စကားနိုင်အောင် ပြန်မပြောနိုင်။ ထွက်လာကတည်းက ငြင်းခုန်နေသည်မှာ အာပေါက်တော့မည်။ သူ ဘာပဲပြောပြော ပြန်ပြောရန် စကားမရှားသည့် ရဲသွေးငယ်ကို သူ ဘယ်လိုမှ စကားနိုင်အောင် မပြောနိုင်။
"စိတ်မဆိုးပါနဲ့ဗျာ။ အခုနက စကားကို ပြန်ဆက်ရရင် လူဆိုတာ မိခင်သဘာဝကြီးနဲ့ လိုက်လျောညီထွေ နေတတ်ဖို့လိုတယ်။"
ထက်ဝေယံ နေကာမျက်မှန်ကို ခေါင်းပေါ်ပင့်တင်လိုက်ကာ လေပူတစ်ချို့ကို မှုတ်ထုတ်လိုက်သည်။
အဝေးပြေးလမ်းမို့ လေမတိုးအောင် ကားအလုံပိတ်ကာ အဲယားကွန်းကို စိမ့်နေသည်အထိအေးအောင် သူ ဖွင့်ထားသည်။ ဒီအကြောင်းကြောင့် ရန်ကုန်မှ စထွက်လာကတည်းက ရဲသွေးငယ် ပြောနေသည်မှာ အခုအချိန်အထိ ပါးစပ်မပိတ်သေး။
"လူတွေက အေးလာရင် အပူစက်ဖွင့်၊ ပူလာရင် အဲယားကွန်းဖွင့်။ ဒီလို သက်သောင့်သက်သာ နေချင်လို့ ကျွန်တော်တို့ ကမ္ဘာကြီး ပျက်စီးနေတာ။"
ရဲသွေးငယ်က ခေါင်းတခါခါ လည်တခါခါနှင့်။ မသိလျှင် သူပဲ မိခင်လောကကြီးလိုလို။ ဟိုတစ်နေ့က ယောပုဆိုးနှင့် ရှပ်လက်ရှည်ကို ဝတ်ထားသည်။ ပင်နီတိုက်ပုံ ထပ်မဝတ်ထားတာကိုပဲ ကျေးဇူးတင်ရမမည်။ ဘယ်လိုကြည့်ကြည့် အချိုးမပြေ။ လွယ်အိတ်ကိုလည်း သိုင်းပတ်ထားသည်။ ဒီလွယ်အိတ်မှမပါလျှင် ဘယ်မှမသွားဘူးဆိုသည့် ပုံစံမျိုး။
"ဒါဆို မင်း အခုငါတို့သွားမယ့် ခရီးကို လမ်းလျှောက်သွားလေ။ ကားနဲ့သွားရင် ပတ်ဝန်းကျင်ညစ်ညမ်းစေတယ်လို့ မင်း မထင်ဘူးလား။"
"နိုင်းနိုင်းချိန်ချိန် သုခမိန်တဲ့။ မလိုအပ်တဲ့နေရာတွေမှာ မသုန်းဖြုန်းဖို့ ကျွန်တော် ပြောနေတာ။ ဥပမာဗျာ.. လူတွေက ထစ်ခနဲရှိ အသစ်မှ။ အဝတ်အစား၊ အသုံးအဆောင်ဆိုရင် နည်းနည်းလောက် ဟောင်းတာနဲ့ လွှင့်ပစ်လိုက်ရော။"
"အဲဒါနဲ့ ငါ အဲယားကွန်းဖွင့်တာနဲ့ ဘာမှမဆိုင်ဘူး။"
"ကိုဝေယံရာ.. အခုကျွန်တော်ပြောချင်တာက ကားတစ်စီးထဲနဲ့ သွားလို့ဖြစ်တဲ့ခရီးကို ကိုဝေယံက ကိုယ့်ကားနဲ့မှကိုယ် သွားချင်တယ်လုပ်လို့ ကားနှစ်စီးနဲ့ သွားဖြစ်ရော။ လောင်စာဆိုတာ အဆုံးမရှိ ရှိနေတာမျိုးမဟုတ်ဘူး။ အခုဆို ဖင်ကပ်ကျန်တဲ့ ရေနံတွေကို သဲ့ယူနေကြတာ။ ခက်တယ်ဗျာ။ အသိခေါက်ခက်အဝင်နက်နေလို့ မိကျောင်းမင်း ရေခင်းပြရတာမဟုတ်ဘဲ ကျွဲပါးစောင်းတီး ဖြစ်နေလို့ ပိုရှင်းရခက်နေတာ။"
ထက်ဝေယံ မျက်ထောင့်နီနေရာမှ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရသည်။ စကားပုံ သုံးခုကို ၀ါကျတစ်ကြောင်းထဲမှာ ထည့်သုံးနိုင်သည်မှာ အစွမ်းကတော့မသေး။ ကျွဲပါးစောင်းတီးဆိုတာ ဘာကိုဆိုလိုချင်သည်ကို သူ သိသည်။ မိကျောင်းမင်း ရေခင်းပြဆိုတာကိုတော့ သိပ်မသေချာ။ သိသည့်လူကို ရှင်းပြသလို ဖြစ်တာလား။ မသိသည့်သူကို ရှင်းပြသလိုဖြစ်တာလား မသိ။ မေးဖို့ရန်အတွက် နေရှင်းခ ကလည်း အနားမှာမရှိ။ ရဲသွေးငယ် သူ့ကိုခေါင်းငဲ့ကြည့်သည်။ ပြီးမှ
"မိကျောင်းမင်း ရေခင်းပြတယ်ဆိုတာ ရေမှာနေတဲ့ မိကျောင်းကို ရေအကြောင်း သင်ပေးနေသလို သိပြီးသားသူတစ်ယောက်ကို ပြန်ရှင်းပြနေသလိုဖြစ်တာ။ ကျွဲပါးစောင်းတီးဆိုတာက ဘာမှနားမလည်တဲ့ ကျွဲနားမှာ ဘယ်လောက်ပဲ နားဝင်ချိုအောင် စောင်းတီးတီး အလကားဖြစ်သလို.."
"ဟေ့ကောင်.. တော်တော့။"
ထက်ဝေယံ အော်တော့ ရဲသွေးငယ် ပုခုံးတွန့်သည်။
"ကိုဝေယံ နားမလည်မှန်းသိလို့ ကျွန်တော်ရှင်းပြတာ။ မသိလျှင်မေး.. မစင်လျှင်ဆေးတဲ့။ အဲဒါရော ရှင်းပြရမလား။"
"ကျေးဇူးအများကြီး တင်ပါတယ်။ တော်ပါတော့။"
ထက်ဝေယံ ကားထဲမှ သီချင်းသံကို အသံထပ်ချဲ့သည်။ အနည်းဆုံး ဒီကောင်လေးအသံကို ဖုံးလျှင်တော်ပြီ။ ဒါပေမဲ့ ရဲသွေးငယ်က အရှုံးပေးမည့်ပုံမရှိ။ သီချင်းသံဖုံးအောင် အသံကိုမြှင့်ကာ ဆက်ပြောသည်။
"အခုဖြစ်နေတာက ကျွန်တော်တို့လူသားတွေဟာ မိခင်သဘာဝကြီးကို ကလန်ကဆန်လုပ်ရမှ စားဝင်အိပ်ပျော်နေကြတာ။ လူ့အလို နတ်မလိုက်နိုင်ဘူးဆိုတဲ့ စကားဟာ တကယ်မှန်တယ်။ မည်းတဲ့လူက ဖြူချင်တယ်။ ဖြူတဲ့လူက မည်းချင်တယ်။ ကိုဝေယံ သိလား။ အနောက်တိုင်းသူတွေဟာ အသားညိုမှ လှတယ်ထယ်တာ။ သူတို့ရဲ့ ဖြူနေတဲ့ အသားအရောင်တွေကို ညိုစေချင်လွန်းလို့ နေပူထဲမှာ ပက်လက်လှန်လိုက် မှောက်ရက်လှဲလိုက်နဲ့ နေရောင်ခံကြတာ။ ကျွန်တော်တို့ အာရှသူတွေကျတော့ အသားဖြူချင်လွန်းလို့ အသားဖြူတယ်ဆိုတဲ့ ကရမ်တွေလိမ်း.."
"မင်း တစ်ခုခု မစားချင်ဘူးလား။"
ထက်ဝေယံ ရှပ်အကျီင်္အိတ်ကပ်ထဲမှ ချော့ကလက်တောင့်ကို ထုတ်ယူကာ ရဲသွေးငယ်ကို ကမ်းပေးသည်။ ရဲသွေးငယ်က မယုံကြည်သလို လှမ်းကြည့်နေပြီးမှ ယူလိုက်သည်။ တကယ်တော့ ထက်ဝေယံ ရဲသွေးငယ်ကို စေတနာရှိ၍မဟုတ်။ ရဲသွေးငယ် ပါးစပ်ပိတ်သွားရန် ဉာဏ်ဆင်ကာ ပေးလိုက်ခြင်းဖြစ်သည်။ အနည်းဆုံး တစ်ခုခု ၀ါးနေလျှင် စကားဆက်မပြောတော့ဘဲ ရပ်သွားနိုင်သည်။ ချော့ကလက်ကုန်လျှင် ပီကေ ကျွေးရမည်။ အာခေါင်မှာကပ်ပြီး ပါးစပ်ဖွင့်မရတော့သည့် ပီကေမျိုးရှိလျှင် ပိုကောင်းမည်။
ရဲသွေးငယ်က ချော့ကလက်တောင့်ကို ပတ်ချာလည်အောင် လှည့်ပတ်ကစားနေပြီးမှ ရွှေရောင်စက္ကူကို ခွာသည်။ ချက်ချင်းမစားသေး။
"နွားနို့ပါလား။"
"ဟင့်အင်း.."
တကယ်တမ်း ပါလား မပါလားဆိုတာ ထက်ဝေယံမသိ။ နွားနို့ပါလျှင် မစားဘူးပြောမည်စိုး၍သာ မပါဟု ပြောလိုက်ခြင်းဖြစ်သည်။ ဖြစ်နိုင်လျှင်တော့ ချော့ကလက်တောင့်ကြားမှာ ပိုးဟပ်သေတစ်ကောင်လောက် ပါသွားစေချင်သည်မှာ သူ့ဆန္ဒဖြစ်သည်။
"စားလေ။"
"အေးပါဗျာ။ စားမှာပါ။ ဒါနဲ့.. အရသာ လျှာက သိတယ်ဆိုပေမယ့် အစားမတော်တစ်လုတ် အသွားမတော်တစ်လှမ်းဆိုတဲ့ စကားပုံကိုလည်း မမေ့ထားသင့်ဘူးဗျ။"
ဘုရား ကယ်ပါ...
ထက်ဝေယံ ဘုရားတရားကို မေ့ထားသည်မှာ ကြာပြီဖြစ်သည်။ ဒီကောင်လေးနှင့်တွေ့မှ ပြန်တမိခြင်းဖြစ်သည်။ အခုအချိန်မှာ ဘုရားကိုမှ မတလျှင်လည်း ဘာဆက်လုပ်ရမှန်း သူ မသိတော့။
ခလုတ်ထိမှအမိတ ဆိုတာမျိုး။