"မလာသေးဘူးလားကွာ။ ဗိုက်ဆာလှပြီ။"
သတိုးမျက်နှာသည် မဲ့နေသည်။ စားပွဲအောက်မှ ဒူးနှစ်ဖက်မှာလည်း ငြိမ်နေသည်မဟုတ်ပါ။ စားသောက်ဆိုင်ထဲမှာ ခပ်တိုးတိုးလွင့်ပျံနေသည့် သီချင်းသံနှင့်အညီ စည်းချက်ညီစွာ လှုပ်ရှားနေသည်။ ထို့အပြင် စားပွဲပေါ်မှာဖုန်းကို ပတ်ချာလည်အောင် လှည့်နေသည်။ နည်းနည်းမှ မငြိမ်သက်သည့် သတိုးကိုကြည့်ရင်း နေရှင်းခ ပြုံးရုံ ပြုံးလိုက်သည်။
"မင်း ဗိုက်ဆာနေရင် မှာထားလိုက်တော့လေ။"
"စောင့်လိုက်ပါ့မယ်ကွာ။ နောက်မကျပါနဲ့လို့ သေချာမှာထားရဲ့သားနဲ့ အခုတောင် ရှစ်နာရီကျော်နေပြီ။ အဲ့ဒီ့ကောင်မလေးတော့ နာချင်နေပြီ။"
"ယမုံက မင်းကို ကြောက်လိမ့်မယ် ထင်နေလို့လား။"
နေရှင်းခ အပြောကြောင့် သတိုး နှာခေါင်းရှုံ့လိုက်ကာ သူ့ရှေ့မှ ရေခွက်ကိုသာ မော့သောက်လိုက်သည်။ ဒီနေ့ သူတို့နှစ်ယောက် ယမုံနှင့် ဆရာရဲသူတို့နှစ်ယောက်နှင့် တွေ့ဆုံရန် ချိန်းထားကြသည်။ သူတို့ ဗဟန်းအိမ်မှ ပြောင်းလာကတည်းက ယမုံနှင့် အဆက်အသွယ် သိပ်မရှိတော့။ တစ်ခါတလေ ဖုန်းဆက်ဖြစ်တာလောက်သာရှိသည်။ နေရှင်းခ ကိုယ်တိုင်က အလုပ်နှင့် မအားလပ်တာကြောင့်လည်းပါသလို ယမုံ့ဘက်က သိပ်မဆက်သွယ်တော့တာကြောင့်လည်းပါသည်။
သူတို့ထိုင်စောင့်နေသည့် စားသောက်ဆိုင်သည် ခမ်းနားကျယ်ဝန်းသော Shopping Mall ကြီးတစ်ခု၏ အောက်ထပ်တစ်နေရာမှာဖြစ်သည်။ ညစာချိန်ဖြစ်သောကြောင့် မှန်လုံကာထားသော စားသောက်ခန်းသည် သုံးဆောင်နေသူများနှင့် ပြည့်နှက်နေသည်။
"ပေါ်တော်မူလာပါပြီဗျာ။"
သတိုး၏အပြောကြောင့် နေရှင်းခ နောက်လှည့်ကြည့်လိုက်သည်။ ယမုံဝင်လာနိုင်ရန် ဆရာရဲသူက စားသောက်ဆိုင်တံခါးကို တွန်းဖွင့်ပေးထားသည်။ လက်ရှည်ရှပ်အကျီင်္အဖြူနှင့် ပုဆိုးကွက်စိပ်အသစ်သည် နဂိုက ခန့်ညားသော ဆရာရဲသူကို ရှိရင်းအသက်ထက် နုနယ်နေစေသည်။ ယမုံကတော့ သူမအကြိုက် ပန်းနုရောင် မြန်မာဝတ်စုံလေးနှင့်ဖြစ်သည်။ မျက်နှာနုနု၊ ကိုယ်လုံးလှလှလေးမှာ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်အောင်။
"ဟိတ် ပပဝတီ.. ငါတို့ဒီမှာ.."
သတိုးက လက်ပြရင်း ခေါ်လိုက်သည်။ ယမုံ့မျက်စောင်းက ဒိုင်းခနဲ။
"ကြာလိုက်တာ။ နင် အလှပြင်နေလို့ မဟုတ်လား မိယမုံ။"
"အဲဒါ ဘာဖြစ်လဲ။"
ယမုံနှင့်သတိုးမှာ စားပွဲမှာ မထိုင်ရသေးခင်ကတည်းက ရန်ဖြစ်နေကြပြီဖြစ်သည်။ နေရှင်းခ အားနာစွာဖြင့် မတ်တတ်ရပ်ကာ ဆရာရဲသူကို ကြိုဆိုလိုက်ရသည်။ ဆရာရဲသူက သူ နားလည်ပါသည်ဆိုသည့် အပြုံးနှင့် နေရှင်းခကို ပြန်လည်နှုတ်ဆက်သည်။ ထို့နောက် ယမုံထိုင်နိုင်ရန် ထိုင်ခုံကို အနည်းငယ်ဆွဲဖယ်ပေးသည်။ ထို့နောက်တွင်မှ ထိုင်ခုံကို စားပွဲနားရောက်အောင် တိုးကပ်ပေးသည်။ တကယ့်ကို လူကြီးလူကောင်းတစ်ဦး၏ အပြုအမူ။
"ယမုံရာ.. နောက်တစ်ခါ နင် မှန်ရှေ့ရောက်ရင် နင့်တစ်ကိုယ်လုံးဟာ အပုပ်ကောင်ကြီးဆိုတာ သတိရစမ်းပါ။ အလှပြင်တယ်ဆိုတာ အပုပ်ကောင်ကို မိတ်ကပ်ဖုံးနေတာ။"
"ခွေးလေး။ နင်ကတော့ နင့်အပုပ်ကောင်ကို မိတ်ကပ်လိမ်းချင်တာတောင် မလိမ်းရဘူးမဟုတ်လား။ နင်ဂေးချင်ရင်လည်း ကောင်းကောင်းဂေး သတိုးလေးရဲ့။ ငါ့ကို မနာလိုဖြစ်မနေနဲ့။"
"ငါက နဂိုချော ယမုံရ။ မိတ်ကပ် မလိုဘူး။"
"ဟုတ်ပ။ ချောလိုက်တာ ဆိုတာ။ ဆပ်ပြာခဲ ဖင်ခုထိုင်ပြီး ရေညှိတွေ အပြားလိုက်ကပ်ထားတဲ့ရုပ်နဲ့။"
ယမုံ့အပြောကို ချေပရန် သတိုး ပါးစပ်အဟ နေရှင်းခ သတိုးလက်ကောက်ဝတ်ကို လှမ်းကိုင်ကာ စကားစကို ဖြတ်လိုက်ရသည်။
"အရင်မှာပြီးမှ ရန်ဆက်ဖြစ် သတိုးရာ။ မင်းပဲ ဗိုက်ဆာတယ်ဆို။"
နေရှင်းခ စကားသံမှာ ရယ်သံရောနေသည်။ မီးနူးကတ်ပြားကို ဖတ်နေသော ဆရာရဲသူမှာလည်း ရယ်ချင်နေဟန်။ သတိုးနှင့်ယမုံသာ တစ်ယောက်ကိုတစ်ယောက် မကျေမနပ် စိုက်ကြည့်နေတာဖြစ်သည်။ ဒါကလည်း ထုံးစံဖြစ်၍ မထူးဆန်းပါ။ အနားမှာ လာရပ်နေသည့် စားပွဲထိုးလေးကို မှာစရာရှိတာ မှာပြီးသည့်နောက် ယမုံနှင့် သတိုးတို့ ရန်ပွဲပြန်မစမီ ပြောစရာရှိတာကို နေရှင်းခ ပြောရသည်။
"ယမုံရော၊ ဆရာပါ လိုက်ခဲ့ပါလားဗျာ။"
"ဟုတ်တယ် ဆရာ။ လိုက်ခဲ့ပါလား။ ကရင်သူလေးတွေ အရမ်းလှတယ်။"
သတိုးက ယမုံ့မျက်နှာမည်းမည်းကို မမြင်ချင်ယောင်ဆောင်ကာ ဆရာရဲသူကို ခေါ်နေသည်။ သိပ်မကြာခင်မှာ သူတို့အားလုံး သံတောင်ကြီးကို ခရီးထွက်ဖို့ရှိသည်။ တကယ်တော့ အစပိုင်းမှာ နေရှင်းခနှင့် သတိုးတို့နှစ်ယောက်သာ ခရီးသွားဖြစ်ဖို့ဖြစ်သည်။ ခွင့်ရက်ပေါင်းများစွာကျော်ကာ အလုပ်ဆင်းခဲ့သောကြောင့် နေရှင်းခ၏ ဆရာ ပြန်ရောက်လာသည်နှင့် လေးရက်လောက်နားခွင့်ကို ရှားရှားပါးပါးရလာသည်။ ဒါပေမဲ့ သူတို့ခရီးထွက်မည်ကြားသည်နှင့် ထက်ဝေယံက ခွင့်ပင်မတောင်းဘဲ ဇွတ်အတင်းလိုက်မည်လုပ်သည်။ အားလုံးသွားမည်ဆိုလျှင် သတိုးက ရဲသွေးငယ်ကိုပါ ခေါ်မည်ဟု ဆုံးဖြတ်ကာ နှစ်ယောက်တည်းသွားရမည့် ခရီးစဉ်သည် လေးယောက်ဖြစ်သွားသည်။ အခု ယမုံနှင့် ဆရာရဲသူကိုပါ သူတို့ခေါ်နေကြခြင်းဖြစ်သည်။
"ကျောင်းကိစ္စတွေနဲ့ဆိုတော့ ဆရာတော့ သိပ်မအားဘူး။ ယမုံလိုက်သွားလေ။"
"မလိုက်ပါဘူး။"
ဆရာရဲသူ၏ အပြောကို ယမုံက နှုတ်ခမ်းလေးမဲ့ကာ ဖြေသည်။ သူမရှေ့မှ သတိုးကိုပါ မျက်စောင်းထိုးလိုက်သည်။
"ဒီကောင်လေးနဲ့ ခရီးသွားရမယ့်အစား အခန်းထဲမှာပဲ တစ်နေကုန် ပတ်ပြီး လမ်းလျှောက်ပစ်လိုက်မယ်။"
"အရူးမလေး။ မလိုက်ခဲ့နဲ့။ တစ်သက်လုံး ယောက်ျားမရမယ့်ရုပ်နဲ့။"
"နင်လည်း မရဘူး။ စိတ်ပူမနေနဲ့။"
"ဟား.. ငါက ယောက်ျားယူမှာမှ မဟုတ်တာ။ ဒီမှာ ငါ့မိန်းမ။"
သတိုးက သူ့လက်ကို ဖျတ်ခနဲ ဆွဲမြှောက်ပြောတော့ နေရှင်းခ မျက်နှာ မည်းခနဲ။ တော်ရုံ စတာ၊ နောက်တာကို သူ လက်ခံသည်။ အခုက လူကြီးတစ်ယောက်ဖြစ်သည့် ဆရာရဲသူရှေ့မှာ။ ဆရာရဲသူက ယမုံ့ချစ်သူဆိုပေမယ့် အတန်းပညာမှာရော၊ အသက်အရွယ်မှာပါ သူတို့က လေးစားရမည့်သူတွေ။ အံကြိတ်ပြီး သတိုးကို လှည့်ကြည့်ပေမယ့် သူ့မျက်နှာရိပ် မျက်နှာကဲကို သတိုးက မြင်ပင်မမြင်။ ယမုံက ခွီးခနဲ ရယ်ချသည်။ သတိုးနှင့် ရန်ဖြစ်ဖို့ပင် မေ့သွားသလို။ ဟန်ပါပါနှင့် နေရှင်းခကို လက်ညှိုးထိုးကာ သတိုးကို မေးသည်။
"သြော်.. သူက နင့်မိန်းမလား...ချစ်စရာလေး.."
"အင်းလေ။ ငါ လူရွေး မတော်ဘူးလား မိယမုံ။"
"တော်တယ် သတိုး။ အရမ်းတော်တယ်။ ပြောစမ်း။ ဒီကလေးမလေးက အချက်အပြုတ် တော်ရဲ့လား။"
နေရှင်းခကို နှိပ်စက်ရန်အတွက် လွန်ခဲ့သည့် တစ်မိနစ်လောက်က သတိုးနှင့်သတ်နေသည့် ယမုံမှာ အခုတော့ သတိုးဘက်တော်သားဖြစ်သွားသည်။ စိတ်ပျက်လက်ပျက် ခေါင်းခါနေသည့် နေရှင်းခ မျက်နှာကို အရသာခံကာ ကြည့်နေရင်း တခစ်ခစ်ရယ်နေသည်။
"အရမ်းတော်တာ ယမုံ။ သူလေးက ချဉ်ပေါင်ဟင်းချိုကိုတောင် ချိုအောင်ချက်နိုင်တယ်ဗျ။"
"အလျှော်အဖွပ်မှာရော.."
"ဒါလည်းကျွမ်းတာပဲ။ အကျီင်္အမည်းကိုတောင် ဖြူအောင်လျှော်တာ။"
"အိမ်မှုကိစ္စတွေမှာရော.."
"ပြောစရာတောင်မလိုဘူး။ ငါတို့ အိမ်ကိုလာကြည့်။ ဖုန်တစ်မှုန်၊ အမှိုက်တစ်စ မတွေ့စေရဘူး။"
"ဒါဆိုရင်တော့ တစ်ခုပဲ မေးစရာ ကျန်တော့တယ်။"
"ငါကလည်း ဒါပဲဖြေချင်နေတာ ယမုံ.. မေးစမ်း မေးစမ်း.."
"နင်က ဖြေမှာလား။"
"ဖြေမှာပေါ့။ ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းလင်း သိရအောင်ကို ဖြေဦးမှာ။"
"ဟိ..နင့်စိတ်တိုင်းကျ ပြုစုတဲ့နေရာမှာ.."
"မိယမုံ.."
စကားလမ်းကြောင်းက ဘယ်ကို ဦးတည်နေသည်ကို နားလည်လိုက်သည့် နေရှင်းခမှာ ဝင်မတားဘဲ မနေနိုင်တော့။ ဘယ်လိုကောင်မလေးမှန်းလဲမသိ။ ရုပ်ရည်လေးနဲ့မှမလိုက်။ ယမုံ့ကိုတွေ့လျှင် မြန်မာဆန်ဆန် ချစ်စရာကောင်မလေးဟု အထင်ရှိစရာရှိသော်လည်း စကားပြောကြည့်လျှင်တော့ တကယ်လက်လန်ရသည်။ အခု သူမ ချစ်သူရှေ့မှာတောင် မထိန်း။ ခေါင်းလေးငုံ့၊ လက်သည်းလေးကိုက်နေရမည်ဟု နေရှင်းခ မဆိုလိုပါ။ ဒါပေမဲ့ နည်းနည်းလေးတော့ ထိန်းသိမ်းသင့်သည် မဟုတ်ဘူးလား။ ဆရာရဲသူကိုပင် နေရှင်းခ မကြည့်ရဲတော့။ နားလည်သလို အပြုံးနှင့် အသံတိတ်နေပေမယ့် သူ အားနာလွန်းလှပြီဖြစ်သည်။ သူ့ဘေးနားမှ သတိုးကိုတော့ ဇက်ပိုးအုပ်ပစ်လိုက်သည်။
"မင်းတော်တော့ သတိုး။"
"အခုမှ စကားကောင်းနေတာကို ရှင်းရာ.."
တော်သေးသည်။ စားပွဲထိုးလေးက အငွေ့တထောင်းထောင်းထနေသည့် ကြေးအိုးနှစ်ပွဲနှင့် သူတို့နားရောက်လာသောကြောင့် စကားစပြတ်သွားသည်။
"ညီလေး။ မိန်းကလေးကို ဦးစားပေးပြီး ချပေးလေ။"
သူ့ရှေ့မှာ ကြေးအိုးပွဲကို ချပေးရန် ပြင်နေသော စားပွဲထိုးလေးကို နေရှင်းခ တားလိုက်သည်။ စားပွဲထိုးလေးက အူကြောင်ကြောင်နှင့် နားမလည်သလို ဖြစ်သွားသည်။
"ကိုယ်တို့ စားပွဲဝိုင်းမှာ ယောက်ျားလေးသုံးယောက်၊ မိန်းကလေးတစ်ယောက် ထိုင်နေတာ ညီလေး။ အစားအစာချပေးရင် မိန်းကလေးကို ဦးစားပေးအရင်ချပြီးမှ ကျန်သူတွေကို ချပေးလေ။"
"ဗျာ.. ဟုတ်.. ဟုတ်ကဲ့။"
စားပွဲထိုးလေးက နေရှင်းခ ရှေ့မှ ကြေးအိုးကို ပြန်ယူရမလိုလို၊ ချထားရမလိုလို တွေဝေနေပြီးမှ ယမုံရှိရာ အရင်သွားချပေးသည်။ ပြီးမှ ကျန်သူများအတွက် ချပေးသည်။ စားပွဲနားမှ ထွက်သွားတာတောင် သိပ်နားမလည်သေးပုံနှင့် သူတို့စားပွဲဝိုင်းကို လှည့်ကြည့်၊ လှည့်ကြည့် လုပ်သွားသည်။
"ရှင်းရာ.. ရိုက်ပေါက်တွေ။"
စားပွဲထိုးလေး ခပ်လှမ်းလှမ်းရောက်သွားတာနှင့် သတိုးကပြောပြီး ရယ်သည်။ နေရှင်းခ မတတ်နိုင်။ အလုပ်ကအလေ့အကျင့်တွေကို သူ အပြင်ထိ ယူလာတတ်သည်။ ကိုယ်တိုင်က အစားအသောက်နှင့် အလုပ်လုပ်သောကြောင့် အခြားစားသောက်ဆိုင်များရောက်၍ ပေါ့လျော့တာမျိုးတွေ့လျှင် စိတ်မထိန်းနိုင်။ အထူးသဖြင့် ဝန်ဆောင်မှုပိုင်းမှာဖြစ်သည်။
"အနောက်တိုင်းယဉ်ကျေးမှုဆိုတာထက် ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်မို့လို့ပါ သတိုးရာ။"
"ဟုတ်တယ်ဗျ။ ကျွန်တော်လည်း သတိထားမိတယ်။ သူများနိုင်ငံတွေမှာ မိန်းကလေးတွေ လမ်းသွားရင် စနောက်တာ၊ အပြောခံရတာမျိုး မရှိသလောက်ရှားတယ်။"
ဆရာရဲသူကပါ ဝင်ထောက်ခံလိုက်သည်။ နေရှင်းခ ခေါင်းညိတ်သည်။
"ဟုတ်တယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုလည်း လမ်းသွားရင် အစအနောက်ခံရဖို့ မပြောနဲ့။ အားလုံးက ဂုဏ်ယူသလိုကြည့်ပြီး ဦးစားပေးနေရာပေးကြတာချည်းပဲ။ ကိုယ်ဝန်ဆောင်ဆိုတာ လူသားတစ်ယောက်ကို ဝမ်းမှာလွယ်ထားတာလေဗျာ။ ဒီ့ထက်ပိုပြီး ဂုဏ်ယူစရာရှိဦးမလား။ ကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့ အိပ်ရာကိစ္စကို အရင်မြင်ပြီး နားမခံသာအောင် စနောက်ပြောဆိုတတ်ကြတာ ရှက်ဖို့ကောင်းတယ်။"
အတိုင်အဖောက်ညီနေကြသည့် ဆရာရဲသူနှင့် နေရှင်းခကြောင့် သတိုးနှင့် ယမုံ အသံတိတ်ကာ ပြုံးစိစိဖြစ်နေကြသည်။ ထိုအချိန်မှာ စားသောက်ဆိုင်အပြင်ဖက်မှာ ခြေကားယား၊ လက်ကားယားနှင့် သူတို့ကို နှုတ်ဆက်နေသည့် ဇော်မိုးတို့ အမွှာနှစ်ယောက်ကို သတိုးမြင်လိုက်ရသည်။
"ဟာ.. ဟိုနှစ်ကောင်.."
မှန်ချပ်သာကာထားသောကြောင့် စားသောက်ဆိုင်ပြင်ပမှ ဇော်မိုးတို့ကို ကောင်းကောင်းမြင်နေရသည်။ သတိုးက ဆိုင်ထဲဝင်လာခဲ့ဖို့ လက်ယက်ခေါ်သည်။ ဒါပေမဲ့ ဇော်မိုးတို့ ဝင်မလာ။ သတိုးကိုသာ အပြင်ထွက်ခဲ့ဖို့ လက်ဟန်ခြေဟန်ဖြင့် ပြောနေကြသည်။
"ဆရာ ခဏနော်။ ကျွန်တော့်သူငယ်ချင်းတွေ ခေါ်နေလို့။"
"သွား သွား သတိုး။"
သတိုးက ဆရာရဲသူကို ခွင့်တောင်းကာ ဆိုင်အပြင်ဖက်သို့ ထွက်သွားသည်။ ကြေးအိုးပန်းကန်ထဲမှ ကြာဇံဖတ်လေးများကို ယမုံက တူနှင့်ညှပ်ယူကာ အေးသွားအောင် တဖူးဖူးမှုတ်နေသည်။ သတိုးထွက်သွားရာ တစ်ချက်လှည့်ကြည့်ပြီး ပြုံးသည်။
"သတိုးစုတ်.. တော်တော်ပျော်နေပုံရတယ်။ ဒီကောင်လေးကို ဒီလိုပျော်နေတာ မမြင်ရတာ တော်တော်ကြာပြီ။ ရှင်းခနော်။ နင် ငါ့သူငယ်ချင်းကို စိတ်ညစ်ရအောင် မလုပ်နဲ့တော့။"
ယမုံ့အပြုံးက မိခင်တစ်ယောက်လို နွေးထွေးသည်။ သတိုးနှင့် ဘယ်လိုပင် ရန်ဖြစ်၊ ရန်ဖြစ် သတိုးအပေါ် ဘယ်လောက်ချစ်ခင်သည်ကို ဒီစကားတစ်ခွန်းနှင့်ပင် သိသာစေနိုင်သည်။ နေရှင်းခ ပြုံးရင်း ဟင်းချိုရည်ကို ငုံ့သောက်လိုက်သည်။ မတွေ့ရတာ ကြာပြီဖြစ်သော ချစ်သူငယ်ချင်း ယမုံနှင့် ပြန်ဆုံရတာကို သူ ကျေနပ်ရသည်။ ယမုံသည် သူတို့နှစ်ယောက်အတွက် သူငယ်ချင်းဆိုတာထက်ပိုကာ မိသားစုဝင်တစ်ဦးဟုပင် သမုတ်၍ရသည်။ ဘယ်လောက်ကြာကြာ မတွေ့ဘဲ နေကြပါစေ။ ခင်မင်မှုက မပျက်သလို၊ သံယောဇဉ်သည် မလျှော့သွား။ တစ်ယောက်အကြောင်း တစ်ယောက် ပြောပြနေစရာမလို။ ဆက်သွယ်နေစရာမလို။ ဘာတွေပဲဖြစ်ပါစေ၊ ဘယ်အချိန်ပဲဖြစ်ပါစေ။ တစ်ယောက်အတွက် အခြားတစ်ယောက်က မလျှော့သော မေတ္တာများ၊ ချစ်ခင်မှုများ ရှိနေမည်ဆိုတာကို သေချာစေသည့် ခင်မင်မှုမျိုးဖြစ်သည်။
"နင် တကယ် မလိုက်ဘူးလား ယမုံ။"
"မလိုက်တော့ဘူး ရှင်းခ။ အိမ်မှာလည်း သိပ်အဆင်ပြေတာ မဟုတ်ဘူးရယ်။"
ယမုံက သက်ပြင်းတစ်ချက်ချရင်း ခပ်တိုးတိုးဖြေသည်။ ဆရာရဲသူရှိရာ တစ်ချက်ငဲ့ကြည့်ရင်း အားပေးသလို ပြုံးလိုက်ပေမယ့် ဝမ်းနည်းရိပ်တစ်ချို့ကို နေရှင်းခ မြင်လိုက်ရသည်။ ဟုတ်သည်။ ဆရာရဲသူနှင့်ယမုံကို သူမ မိဘတွေက သဘောမတူဆိုတာကို သူ သိထားသည်။ သူတို့နှစ်ယောက် ချစ်သူဖြစ်ကြသည်မှာ ကြာခဲ့ပြီ။ အခုအချိန်အထိ သဘောမတူကြသေးဘူးလားဟု မေးချင်ပေမယ့် ဆရာ့ကို အားနာကာ မမေးဖြစ်တော့။
"ငါ အန်တီနဲ့တွေ့ခဲ့သေးတယ် ရှင်းခ။"
ယမုံဆက်ပြောသော စကားကြောင့် စကားဝိုင်းသည် တိတ်ဆိတ်သည်ထက် ပိုုပြီးတိတ်ဆိတ်သွားသည်။ နေရှင်းခ လက်ထဲမှဇွန်းကို ပြန်ချကာ ယမုံ့ကို မော့ကြည့်သည်။
"မေမေ နေကောင်းရဲ့လား ယမုံ။"
"အင်း။ ကောင်းပါတယ်။"
ယမုံက သတိုးရှိရာသို့ လှမ်းကြည့်လိုက်သည်။ စားသောက်ဆိုင်အပြင်တွင် ဇော်မိုးတို့နှင့် စကားပြောနေသော သတိုးသည် ရယ်မောနေသည်။ ဇော်မိုးက သတိုးပခုံးကို ဖက်ထားသည်။
"သတိုးကို အန်တီ အရမ်းစိတ်နာနေတယ် ရှင်းခ။ နင့်ကိုတော့ အပြစ်မတင်ဘူး။"
နေရှင်းခ လေပူတစ်ချို့ကို မှုတ်ထုတ်လိုက်သည်။ ဒေါ်မေချိုသည် သူနှင့်သတိုး ကိစ္စမှာ သတိုးကိုသာ တစ်ဖက်သက် အပြစ်တင်လိမ့်မည်ဆိုတာကို သူ ကောင်းကောင်း နားလည်သည်။ သူ့ကိုတော့ အပြစ်လုံးလုံးမမြင်ဘဲ သတိုးကိုသာ ပြောမပြနိုင်လောက်အောင် မုန်းတီးနေမှာကိုလည်း တွေးမိသည်။
"သတိုးနဲ့ အန်တီနဲ့ မတွေ့စေနဲ့နော် ရှင်းခ။ နင်တို့ဘယ်လောက်ပဲ တောင်းပန် တောင်းပန် အန်တီ ခွင့်လွှတ်မှာ မဟုတ်ဘူး။ သူက စိတ်အရမ်းမာတာ။ နင်လည်းသိပါတယ်။"
နေရှင်းခ ခေါင်းညိတ်ဖြစ်သည်။ သူ့ ရင်ထဲမှအပူသည် သောက်လိုက်မိသည့် ဟင်းချိုရည်ကြောင့် မဟုတ်တာ သေချာသည်။ မေမေသည် သူနှင့်သတိုးကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်သလို သတိုးကိုလည်း သူ့ချစ်သူအဖြစ် ဘယ်တော့မှ လက်ခံမှာမဟုတ်။ နောက်ပြီး အဖွားက သတိုးကို ဗဟန်းကအိမ်ကြီးကို အမွေပေးခဲ့သောကြောင့် ပိုဆိုးသွားသည်။ ဒါ့ကြောင့်လည်း သူတို့ ဒေါ်မေချိုနားမှာ ဆက်နေရန် မဖြစ်နိုင်တော့ဘဲ မြို့သစ်မှာ အိမ်ငှားဖြစ်ခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ တစ်ဖက်မှ စဉ်းစားကြည့်တော့ မိခင်ဖြစ်သူကို သူ တစ်ယောက်တည်း ထားခဲ့သလို ဖြစ်နေသည်။ အဖွားလည်းမရှိတော့။ သူကလည်း အနီးမှာ မရှိတော့။ မိခင်တစ်ယောက်တည်း ဘယ်လိုရုန်းကန်နေရမလဲဆိုတာကို တွေးမိတာနှင့် ဝမ်းနည်းသလို နာကျင်ရသည်။ ရင်ထဲမှ အပူကို ငြိမ်းသတ်နိုင်ရန် ဖန်ခွက်ထဲမှရေခဲရေကို နေရှင်းခ မော့သောက်လိုက်သည်။
"ငါ မရှိတော့တာနဲ့ မင်းတို့တွေ အသုဘပို့တဲ့ ရုပ်တွေဖြစ်ကုန်တာပဲလား။ ဟား.."
သတိုးက နေရှင်းခဘေးမှာ ဝုန်းခနဲ ဝင်ထိုင်ရင်း ပြောသည်။ သူတို့ပြောနေခဲ့သည်များကို ကြားလိုက်သည့်ပုံမရှိ။ နေရှင်းခ ကြိုးစားပြုံးရင်း ခေါင်းကိုငုံ့ကာ နောက်ထပ်ဟင်းချိုတစ်ဇွန်းကိုသာ ခပ်သောက်လိုက်ရသည်။
"ယမုံမ.. နင် ငါ့ ရှင်းလေးကို အနိုင်ကျင့်နေတာလား။"
သတိုးက စကားဆုံးသည်နှင့် ကလေးတစ်ယောက်ကို စနေသလို နေရှင်းခ ခေါင်းမှ ဆံပင်များကို ဆွဲဖွသည်။ နေရှင်းခ ပြုံးလိုက်သည်။ ရှုပ်ပွသွားသော ဆံပင်များကို ပြန်သပ်ရင်း သတိုးကို လှည့်ကြည့်လိုက်သည်။
"မင်းပဲ ငါ့ကို အနိုင်ကျင့်တာ သတိုး။ ဘယ်သူမှ အနိုင်မကျင့်ဘူး။"
"ဒါကတော့ ဝဋ်ကြွေးလို့ပဲ မှတ်လိုက် ရှင်းရ။"
သတိုး ရယ်လျှင် အရမ်းချစ်စရာကောင်းသည်။ လက်သွားသော မျက်လုံးကြည်များမှ ညှို့ဓါတ်သည် အားပြင်းသည့် လျှပ်စီးကြောင်းများလို သူ့နှလုံးသားကို တုန်ခါသွားစေသည်။
"စားဦး သတိုး။ အေးသွားမယ်။"
သတိုးရှေ့မှ ကြေးအိုးပန်းကန်ကို နေရှင်းခ တစ်ချက်လှမ်းကြည့်ရင်းပြောလိုက်သည်။ ဘေးမှာချထားသော တူ ကိုထုပ်ထားသည့် စက္ကူထုပ်ကိုဖြေကာ အနားထိပ်ကပ်ထားသည့် တူနှစ်ချောင်းကို ဖြုတ်လိုက်ပြီး သတိုးကို ကမ်းပေးလိုက်သည်။ သတိုးက တူကိုလှမ်းယူရင်း ကြာဇံဖတ်များကို တစ်ချက်မွှေလိုက်သည်။ ထို့နောက်မှ ငုံးဥပြုတ်ကို တူနှင့်ညှပ်ယူကာ သူ့ ပန်းကန်ထဲ သတိုးထည့်ပေးသည်။
"ဒါလည်း အနိုင်ကျင့်တာပဲ မဟုတ်လား.. ရှင်း.."
မျက်စိတစ်ဖက်မှိတ်ပြပြီး အပြုံးနှင့်ပြောလိုက်သော သတိုးကို နေရှင်းခ ငေးကြည့်မိသွားသည်။