မနက်ခင်း၏ နေ့အလင်းရောင်သည် ကားမှန်ရှိရာသို့ တဖြည်းဖြည်း ဖြာကျလာနေပြီဖြစ်သည်။ ကျိန်းစက်နေသော မျက်လုံးများကို နေရှင်းခ ကြိုးစားဖွင့်လိုက်ပြီး လက်ချောင်းများကို အချင်းချင်းချိတ်ကာ လက်နှစ်ဖက်ကို ရှေ့ကိုဆန့်တန်းအညောင်းဆန့်ရင်း သန်းဝေလိုက်သည်။ သူ့ ကိုယ်ပေါ်မှ လျှောကျသွားသော ဆွယ်တာကို ပြန်ကောက်လိုက်ချိန်မှာ သတိုးရဲ့ဆွယ်တာမှန်း ချက်ချင်းသတိထားမိလိုက်သည်။
အခုအချိန်ထိ သူ ကားထဲမှာပင် ရှိနေသေးသည်။ ဘေးမှ ကားမောင်းသူထိုင်ခုံမှာတော့ နားနှစ်ဖက်မှာ နားကြပ်ဖြူလေးနှင့် သတိုးအိပ်ပျော်နေသည်။ ကားမှန်ကို ခေါင်းမှီကာ အိပ်ပျော်နေသောကြောင့် နူးညံ့သောဆံပင်များက မျက်နှာတစ်ခြမ်းကို အုပ်ကာ ခပ်ငိုက်ငိုက်ကျနေသည်။ နှုတ်ခမ်းများက မပွင့်တပွင့်။
လက်ထဲမှ ဆွယ်တာကို နှုတ်ခမ်းများထိဆွဲယူရင်း ဆွယ်တာအနားစကို မက်မောစွာ နမ်းရှိုက်မိသည်။ သတိုးသုံးနေကျဖြစ်သော ရေမွှေးနံ့နှင့်ရောသော ကိုယ်သင်းနံ့က သူ့အာရုံအားလုံးကို မနက်ခင်းမှာ မူးဝေသွားစေသည်။ ဆွယ်တာကို သတိုးကိုလှမ်းခြုံပေးချိန် သတိုးလူးလွန့်ကာ မျက်လုံးဖွင့်လာသည်။
"မင်း နိုးပြီလား။"
"မိုးတောင်လင်းနေပြီ။"
သတိုးက မျက်စိတစ်ဖက်သာဖွင့်သေးသည်။ မျက်မှောင်ကြုတ်ကာ ကားမှန်အပြင်ကို တစ်ချက်လှမ်းကြည့်ပြီးမှ သူ့ကိုပြန်လှည့်ကြည့်သည်။
"ဘယ်နှစ်နာရီလဲ။"
"ခြောက်နာရီ။ အိမ်ထဲဝင်ရအောင်။ အေးလာပြီ။"
မနက်ခင်းလေအေးကြောင့် ကားမှန်အပြင်ပိုင်းတွင် ရေမှုန်များ ကပ်ငြိနေသည်။ သတိုးခေါင်းညိတ်ကာ ကားတံခါးကို လှမ်းဖွင့်လိုက်ကာ ကားပေါ်မှဆင်းသွားသည်။ တိမ်ဖြူစုငယ်တစ်ချို့က အပြာနုရောင်ကောင်းကင်ထက်မှာ ရှိနေသလို အိပ်တန်းထလာသော ဆက်ရက်ငှက်ငယ်နှစ်ကောင်သည် မီးတိုင်ဓါတ်ကြိုးပေါ်တွင်နားနေကြသည်။ ဦးခေါင်းတစ်ခုလုံးနှင့် နှုတ်သီးရော အတောင်ပံများပါ မည်းနက်ကာ ဝမ်းဗိုက်သားလေးသာ ဖြူဖွေးနေသော ချစ်စရာအမြီးရှည်ရှည်နှင့် ဆက်ရက်ငယ်နှစ်ကောင်မှာ ကားတံခါးပိတ်သံကြောင့် နားနေရာမှ ပျံသန်းသွားသည်။
"Two for Joy တဲ့။ ဒီနေ့တော့ အရမ်းပျော်စရာကောင်းမှာပဲ။"
"မင်း ကလေးပေါက်စလား ရှင်းခ။ ဒါမျိုးတွေ ယုံနေသေးလား။"
သတိုး ခြံတံခါးကို ဆွဲဖွင့်ရင်း ရယ်သံနှင့် ပြောလိုက်ခြင်းဖြစ်သည်။ ခြံထဲဝင်သည်နှင့် သုံးလေးလှမ်းလျှောက်ပြီးလျှင် တစ်ထပ်တိုက်ပုလေး၏ ဆင်ဝင်အောက် ရောက်သည်။ သံပန်းကာထားသော သံတံခါးကို သော့ထည့်ဖွင့်ပြီးမှ ဘေးတစ်ဘက်သို့ တွန်းဖွင့်လိုက်သည်။ နောက်မှ မဟော်ဂနီရောင် သစ်သားတံခါး။ တစ်ခါဝင်လျှင် သော့ပေါင်းသုံးခုဖွင့်ပြီးမှ အထဲရောက်သောကြောင့် သိပ်စိတ်မရှည်ချင်ပေမယ့် သူတို့နေရာသည် လူနေအိမ်မရှိသလောက်ဖြစ်သည်။ အိမ်ရှင်ဖြစ်သူက အပြင်ထွက်လျှင် သော့သုံးခုစလုံး ပိတ်သွားရန် နှစ်ယောက်စလုံးကို အထပ်ထပ်မှာကြားထားခဲ့သည်။
"ငါ ရေသွားချိုးလိုက်ဦးမယ် သတိုး။ မင်း အိပ်ချင်သေးရင် ဆက်အိပ်လေ။"
"မအိပ်ချင်တော့ဘူး။ သွားချိုးပါ။"
ပါးကေးခင်းထားသော်လည်း အိမ်ရှေ့ဧည့်ခန်းတွင် ဘာပရိဘောဂမှ သိပ်မရှိ။ တီဗွီစင်အမည်းရောင်ပေါ်မှ ခပ်သေးသေးတီဗွီတစ်လုံးနှင့် နံရံမှာကပ်ထားသော ပြက္ခဒိန်တစ်ခုသာရှိသည်။ ထိုင်ခုံဆိုဖာပင် သူတို့မဝယ်နိုင်သေး။
"ထမင်းတည်ထားလိုက်ကွာ။ ငါ ထမင်းကြော်ပေးမယ်။ မင်းနောက်တစ်ခေါက် အပြင်ပြန်ထွက်မနေနဲ့တော့။"
နေရှင်းခ ပြောလိုက်ပြီး ရေချိုးခန်းထဲလှမ်းဝင်ကာ တံခါးပိတ်လိုက်သည်။ သူတို့အိမ်အနီးအနားတွင် ဘာဆိုင်မှမရှိ။ တစ်ခုခုစားချင်လျှင်၊ ဝယ်ချင်လျှင် ကားနှင့်သွားမှဖြစ်သည့် နေရာတစ်ခုဖြစ်သည်။ အိပ်ချင်စိတ်မပြေသေးပေမယ့် သတိုး မီးဖိုခန်းဖက်လျှောက်လာခဲ့သည်။ မီးဖိုခန်းဆိုသော်လည်း ခုံပုပေါ်ထိုင်ကာ ချက်ရသော နေရာတစ်ခုဖြစ်သည်။ rice cooker နှင့် electric cooker နှစ်ခုသာ ခုံပုများနှင့်ခံပြီး တင်ထားသည်။ ပန်းကန်ဆေးစင်ပေါ်မှ ပန်းကန်သုံးလေးချပ်နှင့် အိုးခွက်တစ်ချို့သည် မျက်နှာငယ်နေသော မီးဖိုခန်းကို အထောက်အကူမပြုနိုင်။ ဆန်ကိုပင် ဘီစကစ်သံဗုံးထဲထည့်ထားရသည်။ သတိုးသက်ပြင်းတစ်ချက်ချရင်း ဆန်တစ်ဗူးကို အိုးထဲထည့်ဆေးလိုက်သည်။ သူ နေရှင်းခအတွက် စိတ်မကောင်း။ တစ်သက်လုံး ဖန်စားပွဲဝိုင်းတွင် ငွေဇွန်းနှင့် စားခဲ့သူက ဒီလိုမျိုးနေနိုင်ပါ့မလားဟု အမြဲသံသယဝင်နေမိသည်။ ယခုသူတို့ထမင်းဝိုင်းသည် နှစ်ယောက်စာ သစ်သားစားပွဲဝိုင်းပုလေးဖြစ်သည်။
နေရှင်းခ၏ လစာကောင်းသော်လည်း အိမ်ငှားရန်စဘော်ပေးရ၊ အိမ်လခပေးရသည့်အပြင် ကားဝယ်ဖို့ပါ ကုန်ကျခဲ့သည်ဖြစ်သောကြောင့် သူတို့နှစ်ယောက်လက်ထဲတွင် ငွေလက်ကျန် သိပ်မရှိတော့။ စာဖတ်ဝါသနာကြီးလှသော နေရှင်းခအတွက် စာအုပ်စင်တစ်ခုပင်မရှိ။ စာအုပ်သစ်တစ်အုပ်ပင် မဝယ်နိုင်။ သတိုး၏ကိုယ်ပိုင်ငွေဆိုသည်မှာလည်း များများစားစားမရှိ။ အသိမိတ်ဆွေများ၏ မင်္ဂလာဆောင်တွေ၊ မွေးနေ့တွေမှာ သီချင်းလိုက်ဆိုပေးလျှင် ရတတ်သည့် မပြောပလောက်သော ဝင်ငွေသာရှိသည်။ ကျောင်းတစ်ဖက်နှင့်ဖြစ်သောကြောင့် အပြင်အလုပ်လုပ်ရန်မှာလည်း အဆင်မပြေ။
"ဟောဒီက.. ပဲ........................ပြုတ်..."
ပဲပြုတ်သည်အသံကိုကြားသောကြောင့် အတွေးစပြတ်ကာ သတိုးပြုံးမိသွားသည်။ အဆိုတော်ပင် အရှုံးပေးရမည်ဆိုတာ ဒီလိုအသံပင်ဖြစ်သည်။ ပဲဆိုသည့်နေရာကို မဆုံးနိုင်အောင် ဆွဲအော်ပြီးမှ သူပြုတ်ချင်သည့်နေရာ ဖျတ်ခနဲပြုတ်ချတတ်သည့် အော်သံနှင့် မနက်မိုးလင်းလျှင် ပဲပြုတ်သည်အဒေါ်ကြီး ရောက်လာတတ်သည်။ ပန်းကန်တစ်ချပ်ဆွဲကာ အပြင်ထွက်လာခဲ့ပြီးမှ လှမ်းခေါ်လိုက်သည်။
"အဒေါ်.."
"ကောင်လေး.. ဒီနေ့အစောကြီးနိုးနေပါလား။"
မနက်တိုင်း ပဲပြုတ်ဝယ်ဖြစ်လျှင် နေရှင်းခသာ ထွက်ဝယ်တတ်သောကြောင့် ပဲပြုတ်သည်က မေးလိုက်ခြင်းဖြစ်သည်။ ဆံပင်တွေဖြူဖွေးနေသော ခေါင်းပေါ်မှ ပုဆိုးခုရွက်ထားသော ပဲပြုတ်တောင်းကြီးကို သတိုး ကူချပေးလိုက်သည်။ ပဲပြုတ်သည်အဒေါ်ကြီး၏ မည်းနက်သောမျက်နှာမှာ သနပ်ခါးပါးကွက်က ထင်းနေသည်။ နားနှစ်ဖက်က နားပေါက်ဟောင်းလောင်းနှင့် တွဲလောင်းရှည်နေသည်။ ရှေ့သွားနှစ်ချောင်းကလည်း ကျိုးနေသေးသည်။ ဒါပေမဲ့ အဒေါ့်အပြုံးကချိုသည်။
"အရင်လိုပဲလား။"
"ဟုတ်ကဲ့။"
အိပ်ချင်စိတ်မပြေသေးသောကြောင့် ခြံဂိတ်ဝလမ်းဘေးမှာ သတိုး ငုတ်တုတ်ထိုင်ကာ ပန်းကန်ကို ကမ်းပေးလိုက်သည်။ ခေါင်းကိုငုံ့ကာ သန်းဝေလိုက်သည်။ တောင်းထဲတွင် အငွေ့မပြယ်သေးသော ပဲပြုတ်ပူပူကို ၀ါးခြင်းတောင်းထဲမှ ပုဆိုးစခံကာထည့်ထားသည်။ ပဲပြုတ်ပုံပေါ်မှာ စတီးဇွန်းအကြီးတစ်ခု။ ပဲပြုတ်သည်အဒေါ်ကြီးက ထိုဇွန်းကြီးဖြင့် နှစ်ဇွန်းခပ်ယူပြီး ပန်းကန်ထဲထည့်သည်။ မြန်လွန်းသဖြင့် မိနစ်ဝက်ပင်မကြာ။
"မင်းအစ်ကိုရော"
"ရေချိုးနေတယ်။"
"မင်းတို့နှစ်ယောက်ကြောင့် လမ်းထိပ်စတိုးဆိုင်က ကောင်မလေးနဲ့တောင် အဒေါ်စကားများသေးတယ်။ သူက မင်းတို့ကို သူငယ်ချင်းဆိုလို့ကွယ်။ ဒီလောက်ရုပ်ချင်းတူနေတာကို။ ညီအစ်ကိုတွေဆိုတာ အသိသာကြီး။"
စကားခေါ်ကာမေးမှန်းသိပေမယ့် သတိုးပြုံးရုုံပြုံးကာ မဖြေဖြစ်။ ဒီရပ်ကွက်ထဲ ပြောင်းလာပြီးကတည်းက သတိုးနှင့်နေရှင်းခကို လူအများကထင်သလို ပြောကြသည်။ တစ်ချို့က ညီအစ်ကိုထင်ကာ တစ်ချို့က သူငယ်ချင်းထင်သည်။ သူရောနေရှင်းခပါ လိုက်မဖြေရှင်းသောကြောင့် ထင်ချင်သလိုထင်ကာ ပြောချင်သလို ပြောနေကြသည်။
"မင်းအစ်ကိုက အရမ်းခန့်တာပဲတဲ့။ အဲဒီကောင်မလေး လာပြောနေတာ။ ဟွန်း.. အဒေါ်လည်း ကလေးအမေဖြစ်နေလို့သာနော်။"
"ကျွန်တော့်အစ်ကို ငရဲကြီးပါ့မယ် အဒေါ်ရာ။"
ပိုက်ဆံလိပ်ကိုလှမ်းပေးရင်း ပဲပြုတ်တောင်းကို ကူမပေးရန် ပြင်နေစဉ် အဒေါ်ကြီးက ရင်ထုပြောတော့ သတိုး မရယ်ဘဲမနေနိုင်။ ပဲပြုတ်သည်က သတိုးလက်ထဲမှာ ပဲပြုတ်ပန်းကန်ရှိနေသောကြောင့် "နေ နေ ရတယ်" ဟု ဆိုကာ ပဲပြုတ်တောင်းကို မိမိဘာသာ ကျွမ်းကျင်စွာ မတင်ကာ ခေါင်းပေါ်တင် ရွက်လိုက်သည်။ ထို့နောက်မှ ပြောလက်စ စကားကို ပြန်ဆက်သည်။
"ဟယ်.. ဒါမျိုးလေးကို ငရဲပေးရမယ်ဆိုရင် ဆယ်ခါပြန် ပေးပါတယ်အေ။ တစ်ခါက သူပြုံးပြီးနှုတ်ဆက်တာ အဒေါ့်မှာ ပဲပြုတ်တောင်းတောင် ပြန်ယူသွားဖို့မေ့တာ။"
"အဒေါ်မျက်နှာလိုက်တယ်ဗျာ။ ကျွန်တော့်ကိုရှေ့ထားပြီး ဒီကောင့်ကိုပဲ ချီးကျူးနေရလား။"
"ဒါကတော့မတူဘူးလေ။ မင်းက ချောပေမယ့် မိန်းမချော ချောတာ။ မင်းအစ်ကိုက ယောက်ျားချောချောတာ။"
"တော်ပြီဗျာ။ ကျွန်တော် နောက်ကို အဒေါ့်ဆီက ဘာမှမဝယ်တော့ဘူး။"
"ဟဲ ဟဲ.."
ပဲပြုတ်သည် အဒေါ်ကြီးက ပြုံးစိစိဖြင့် ထွက်သွားပြီဖြစ်သည်။ သတိုး ခြံတံခါးဆွဲပိတ်ကာ အိမ်ထဲလှမ်းဝင်လာခဲ့သည်။ နေရှင်းခပင် မီးဖိုခန်းထဲရောက်နေပြီဖြစ်သည်။ သူ့လက်ထဲမှ ပဲပြုတ်ပန်းကန်ကို လှမ်းယူပြီး ဒယ်အိုးထဲမှ ထမင်းကြော်ပေါ် လောင်းထည့်ကာ ဆားဖြူးနေသည်။
"ရှင်းခ.. ငါ့ကိုကြည့်စမ်း။"
ထမင်းကြော်ကို မွှေနေရာမှ နေရှင်းခ သတိုးကိုလှည့်ကြည့်သည်။ သတိုးက နေရှင်းခ မျက်နှာနားကပ်ကာ မေးခြင်းကြောင့် နောက်သို့ခေါင်းတိမ်းကာ ဘာလဲဟူသောပုံစံနှင့် မျက်နှာက မယုံမရဲဖြစ်နေသည်။
"ငါ မိန်းကလေးနဲ့တူလား။"
စက္ကန့်အတန်ကြာအောင် စိုက်ကြည့်ပြီးမှ နေရှင်းခ ဟက်ခနဲရယ်သည်။
"မတူပါဘူး။ ဘာဖြစ်လို့လဲ။"
"ပဲပြုတ်သည်အဒေါ်ကြီးက ငါ့ကိုမိန်းမချော ချောတယ်လို့ပြောသွားတယ်။ မင်းကိုတော့ ယောကျ်ားချောတဲ့။"
"မင်းကအသားဖြူတာကိုး။ ပြီးတော့ ပိန်ကလည်းပိန်သေးတယ်။"
အရေးမကြီးသလို ဖြေရင်း ထမင်းကြော်ပန်းကန်ကို နေရှင်းခ သတိုးကိုကမ်းပေးသည်။ အဝါရောင်ကြက်ဥမျှင်များက ဆီဝေ့နေသော ထမင်းစေ့များကြား ခေါင်းပြူနေသည်။ အနီရောင် ကြက်သွန်မျှင်များမှာလည်း ကြွပ်ရွနေသည်။ ဆီကောင်းကောင်းနှင့် ကြော်ထားသော ထမင်းကြော်နံ့လေးကလည်း သင်းနေသည်။ တစ်ချက်လှမ်းကြည့်လိုက်ရုံနှင့် မစားရမနေနိုင်အောင်။ ထမင်းကြော်ပန်းကန်ကို ဆွဲယူရင်း ဇွန်းနှင့်ခပ်စားလိုက်သည်။ ပဲပြုတ်ထမင်းကြော်ကိုပင် အရသာရှိလွန်းအောင် ကြော်တတ်သော ချစ်သူတစ်ယောက် ရထားသည့်အတွက် သူ ကံကောင်းသည်ဟု မတွေးဘဲမနေနိုင်။ ဒါပေမဲ့ အခုနက စကားကို မကျေလည်နိုင်သေး။
"အသားဖြူတာ ဘာဆိုင်လဲ။"
"ဟောဗျာ.. ငါက မင်းဘက်ကလည်း ပြောပေးရသေးတယ်။ ဘာလို့လဲ။ မင်းက မိန်းမချော ချောချင်လို့လား။"
သတိုး ခြေထောက်နဲ့သာ လှမ်းကန်လိုက်သည်။ လူကြီးကို မလေးမစား ဆိုတဲ့ ရယ်သံနဲ့အပြောကို မကြားချင်ယောင်ဆောင်နေလိုက်သည်။
"မင်း ဒီနေ့နားရက်မဟုတ်လား။"
"ဟင့်အင်း.. အလုပ်ရှိတယ်။"
"ဟာ.. မင်းနားရက်မရှိတာ များလှပြီ။"
"ကိုကျော်ထက်က သူ့ မိန်းမ ဆေးရုံလိုက်ပို့ရမှာမို့လို့တဲ့။ မင်း ဘာလုပ်ချင်လို့လဲ။"
တကယ်တော့ နေ့လယ်စာကို နှစ်ယောက်အတူ အပြင်မှာသွားစားရရင် ကောင်းမယ်ဟု သတိုး တွေးမိခဲ့သည်။ သူတို့နှစ်ယောက် တစ်အိမ်တည်းမှာ အတူနေပြီး တွေ့ရချိန်ရော၊ ဆုံရချိန်ပါ မရှိသလောက်ပင်။ နေရှင်းခ၏ နားရက်ကို သူပါရောပြီး စောင့်နေခဲ့တာဖြစ်သည်။
"ဘာဖြစ်လို့လဲ သတိုး။"
"အပြင်မှာ နေ့လယ်စာ သွားစားရင် ကောင်းမလား တွေးမိလို့ပါကွာ။ ဘာမှမဟုတ်ပါဘူး။"
နေရှင်းခ စိတ်မကောင်းဖြစ်သွားဟန်တူသည်။ ချက်ချင်းပင် မျက်နှာပျက်သွားသည်။ ဒါ့ကြောင့် သတိုး မပြောချင်တာဖြစ်သည်။ သူ ဘာပဲပြောပြော သူ့ဆန္ဒတိုင်းကို နေရှင်းခ မရ ရအောင် ဖြည့်ပေးတတ်လွန်းတာကို သိထား၍ ဘာတစ်ခုမှ စကားမစရဲလောက်အောင်ပင်။
"ဘာမှမဖြစ်ပါဘူးကွာ။ ငါက မင်း အားတယ်ထင်လို့ပါ။ ငါ ကိုလေးဆီသွားရဦးမယ်။ သူနဲ့ သီချင်းရေးတာ မပြီးသေးလို့ ဒီနေ့လာဖို့ခေါ်ထားသေးတယ်။"
"ပြိုင်ပွဲမှာဆိုမယ့် သီချင်းအတွက်လား။"
"မဟုတ်ဘူး။ အဲဒါက ငါ ရပြီ။ နောက် သီချင်း ၁၀ ပုဒ်ကိုရွေးပြီး ပြင်စရာရှိတာပြင်နေတာ။ အဆင်သင့်ရှိနေအောင်တဲ့။"
"ဟုတ်လား။ ဘာအတွက်လဲ။"
"ငါလည်းသေချာမသိဘူး။ ပြိုင်ပွဲမှာနိုင်ရင် ရှေ့ဆက်ဖို့ လမ်းပွင့်သွားမှာမို့လို့ ready ဖြစ်အောင်ပြောတာပဲ။"
"....."
"ဒါက ဘာဖြစ်ရတာလဲ ဟေ့ကောင်။"
မျက်နှာပျက်ချင်နေသော နေရှင်းခကိုကြည့်ကာ သတိုးမေးလိုက်သည်။ အဓိပ္ပါယ်မရှိ ထမင်းတွေကို ဇွန်းဖြင့် မွှေလိုက် ချလိုက်လုပ်နေသော်လည်း ပါးစပ်ထဲတစ်လုတ်မှ မထည့်သေး။
"ငါနဲ့သွားဖို့ မင်းစဉ်းစားထားပေမယ့် အခုတော့ ဟိုကောင်နဲ့ပဲ တစ်နေကုန်တော့မယ်။"
"ငါ သွားချင်တယ်များ မင်းထင်လို့လား။ ကိုလေးက သီချင်းပြင်မယ်ဆိုရင် ရစ်သလားမမေးနဲ့။ အခု ငါ သူ့ကို ပတ်ရှောင်နေတာ။"
"အဲလိုတော့မလုပ်နဲ့လေကွာ။ ဒီကောင်က မင်းအပေါ်မှာတော့ တကယ် စေတနာရှိတာ။"
"အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ရှင်းခရာ။ မင်းကတော့။"
ကုန်သွားသော ထမင်းကြော်ပန်းကန်ကို နေရှင်းခ ပန်းကန်အောက်လှမ်းထည့်လိုက်သည်။ နေရှင်းခ ဘာမှမပြော။ သတိုး ပန်းကန်မဆေးချင်တိုင်း ဒီလိုပဲ နေရှင်းခ ပန်းကန်အောက် ထပ်ထည့်ကာ ညစ်နေကြဖြစ်သည်။ နံရံထောင့်မှ ဂစ်တာကို လှမ်းယူပြီး သူရေးထားသည့် သီချင်းတစ်ပုဒ်ကိုတီးရင်း နေရှင်းခ ကျောပြင်ကို စိုက်ကြည့်နေသည်။
နောက်ကျောမှ မြင်ရပေမယ့် နေရှင်းခ၏ပုံစံသည် အရမ်းကို ကျက်သရေရှိလွန်းသည်။ ပခုံးများက ကျယ်ပြန့်ကာ ဆံပင်တိုတိုညှပ်ထားသော လည်တိုင်က ရှင်းနေသည်။ ပန်းကန်ချပ်များကို ဆေးကြောပြီး နေရာတကျပြန်ထားကာ တစ်ဆက်တည်း လျှပ်စစ်မီးဖိုတစ်ဝိုက်မှာ သန့်ရှင်းသွားအောင် ဆီတစ်စက် ထမင်းတစ်စေ့မကျန်အောင် သန့်ရှင်းရေးလုပ်နေသော နေရှင်းခကိုကြည့်ရင်း ပြုံးလိုက်သည်။
"မင်း ဒီလောက်အသန့်ကြိုက်တာ စိတ္တဇရောဂါနဲ့ တူနေပြီ။ ဆရာဝန်ပြကြည့်ဦး ရှင်းရ။"
နေရှင်းခ သတိုးကိုလှည့်ကြည့်ပြီး အံကြိတ်ပြသည်။ ထိုင်နေရာမှထကာ ဆူနေသော ရေနွေးအိုးထဲမှ ရေနွေးပူပူကို လက်ဖက်ခြောက်ထည့်ထားသော မယ်လမင်းခွက်ထဲ လောင်းထည့်လိုက်သည်။
"သီချင်းပါဆိုလေကွာ။"
"မဆိုချင်လို့။"
"ကောင်မလေးတွေရှေ့မှာတော့ မဆိုချင်ဘူးဆိုတာ မရှိဘူးနော် သတိုး။"
"မင်းက နားထောင်ချင်လို့လား။"
သတိုး နောက်တစ်ကြော့ intro ပြန်ဝင်ကာ နေရှင်းခကို ပြုံးကြည့်လိုက်သည်။ မျက်နှာမော့ကာ ဘေးတစ်ဖက်ကို ခပ်စောင်းစောင်း လှည့်ပေးချိန် နေရှင်းခ အပြုံးနှင့် သတိုးပါးကို နှုတ်ခမ်းထိရုံနမ်းကာ ဘေးမှာဝင်ထိုင်လိုက်သည်။
သူတို့နှစ်ယောက်ရှေ့မှ အဖြူရောင် မယ်လမင်းခွက်ငယ်မှ အငွေ့တလူလူထွက်နေသည်။ အမည်းရောင် လက်ဖက်ခြောက်ရွက်ငယ်များသည် ပူလောင်သော ရေနွေးမှာ ဝမ်းသာအားရစိမ်ကာ ခွက်အောက်ဆုံးရောက်သည်အထိ အလုအယက် အပြိုင်အဆိုင် ဒိုင်ဗင်ထိုးဆင်းနေကြသည်။
ဂစ်တာသံသည် တစ်အိမ်လုံးကို မနက်ခင်းရနံ့တစ်ခုလို ပျံ့နှံ့ထွက်ပေါ်လာသည်။ သတိုးက အသံကိုဖွင့်မဆို။ နှစ်ယောက်ကြားရုံ ခပ်တိုးတိုးသာဆိုနေသည်။ ဒါပေမဲ့ ရှင်းသော သတိုးအသံက နေရှင်းခ ရင်ထဲ တန်းဝင်လာကာ ကြက်သီးထမိသည်အထိ။ သတိုး၏ အသံသည် တောင်ပေါ်စမ်းချောင်းတစ်စီးလို ကြည်လင်သည်။ အေးချမ်းသည်။ လှိုက်မောဖွယ်ကောင်းသည်။ ဘယ်လောက်ပဲ နားထောင်၊ နားထောင် မရိုးနိုင်သော အသံမျိုး။
နေရှင်းခ ရေနွေးကြမ်းခွက်ကို လက်နှစ်ဖက်နှင့်ကိုင်ကာ နှုတ်ခမ်းတေ့မှုတ်ပြီးမှ တစ်ငုံသောက်လိုက်သည်။ ခါးသက်သောအရသာကို လျှာဖျားမှတစ်ဆင့် နှစ်ခြိုက်ဖွယ်ကောင်းလိုက်အောင် ခံစားလိုက်ရသည်။ ခွက်ငယ်ကို ပြန်ချကာ သတိုးပခုံးပေါ် ခေါင်းမှီတင်ရင်း မျက်စိမှိတ်ကာ စွဲမက်ဖွယ်ကောင်းလွန်းသော သီချင်းသံကို ခံစားနားထောင်နေမိသည်။
"ရှင်း.."
သီချင်းသံပြီးဆုံးသွားမှ သတိုး သူ့ဖက်ကိုလှည့်ကာ လှမ်းခေါ်သည်။ တစ်ခွန်းတည်းနှင့် အသေသတ်နိုင်သည်မှာ သတိုး၏ ဒီလိုအခေါ်အဝေါ်မျိုးဖြစ်သည်။
"ပြိုင်ပွဲနေ့ညနော်..ဟေ့ကောင်။"
သတိုး ဆက်ပြောတော့ အခုနက ပြုံးနေသော နေရှင်းခ မျက်နှာ မဲ့ချင်သွားသည်။ မျက်လုံးများကတော့ မဖွင့်။
"မင်း ခေါင်းထဲမှာ ဒါပဲရှိလား။"
"အေး.. ငါ့ခေါင်းထဲမှာ ဒါပဲရှိတယ်။ ပြီးတော့ အခုမှမဟုတ်ဘူး။ ကြာလှပြီ။"
"လဲသေ သတိုး။"
ရယ်သံသဲ့သဲ့..
ထို့နောက်မှာတော့ သတိုး နေရှင်းခကို ကျောနောက်မှ သိုင်းဖက်ကာ ပခုံးပေါ် မှီတင်ထားဆဲဖြစ်သော နဖူးကို ခပ်ကြာကြာဖိနမ်းလိုက်သည်။