တတောက်တောက်ကျနေသော သွေးစက်များသည် ကွန်ကရစ်ကြမ်းပြင်မှာ ထွန်းအိုင်နေသည်။
ညီစို့စို့အနံ့..
အက်ကွဲကွဲရယ်သံ..
ရင်ခေါင်းသံဖြင့် ညည်းညူသံတစ်ချို့..
သွေးစီးကြောင်းများက ထက်ဝေယံ မျက်လုံးများပေါ် ကန့်လန့်ဖြတ် စီးကျနေကာ ကြမ်းပြင်ပေါ်သို့ တစက်စက်ကျနေသည်။ အရိုးထိအောင် နာကျင်မှုများကြောင့် သူ အသံထွက်အော်လိုက်ပေမယ့် အက်ကွဲနေသော အသံများက လည်ချောင်းဝမှာ တစ်ဆို့ပျောက်ကွယ်သွားသည်။ ကိုယ်ခန္ဓာအောက်ပိုင်းမှ နာကျင်မှုသည် ကျောရိုးတစ်လျှောက်စိမ့်တက်ကာ တစ်ကိုယ်လုံးမှ အရိုးအသားများကို တစစီမွမွခြေနေသလို။
ရုန်းကန်ရန်ခွန်အားမရှိတော့...
သူရင်ဘတ်အောက်မှ သစ်သားစားပွဲ၏ အနားများကို လက်များဖြင့် သွေးကြောများထောင်လာသည်အထိ ကုတ်ခြစ်ဆုပ်ကိုင်ထားပြီး လူးလှိမ့်အံကြိတ်နေမိသည်။ စားပွဲမှ သစ်သားစများက လက်ဖဝါးများတွင် စိုက်ဝင်နေပေမယ့် ထိုနာကျင်မှုကို သူ သတိပင်မထားမိ။ ထက်ဝေယံနောက်ဘက်ကျောထံမှ ဝမ်းခေါင်းသံနှင့်တူသော ကျေနပ်သံနောက်မှာတော့ သူ့တစ်ကိုယ်လုံး ကြမ်းပြင်ပေါ်ပုံကျသွားသည်။
"ငါ .ိုးမသား..ေ.ာင့်ခြောက်။ သတိလစ်ဖို့ စဉ်းစားမနေနဲ့။ ငါတို့အားလုံးကို မင်းဧည့်ခံရမယ်။"
နံရိုးကြားကို ပိတ်ကန်လာသော ဖိနပ်ဖျားကြောင့် ထက်ဝေယံတစ်ကိုယ်လုံး မီးကင်ခံလိုက်ရသော ပုစွန်ဆိတ်တစ်ကောင်လို ခေါက်ကွေးသွားသည်။
နာကျင်မှုကြောင့် ပါးစပ်သာဖွင့်နိုင်သည်။
ဘာသံမှ မထွက်လာ။
လည်ချောင်းဝမှာ တစ်ဆို့လာသော အစိုင်အခဲ တစ်ခုကို အန်ထုတ်လိုက်ပြီးမှ သွေးများဖြစ်နေသည်ကို သူ သိလိုက်ရသည်။ ထက်ဝေယံ၏ လက်ပြတ်စွပ်ကျယ်မှာ နီရဲနေသော သွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။ သူစီးထားခဲ့သော စကိတ်မှာလည်း အခန်းထောင့်တစ်နေရာစီတွင် လဲကျနေသည်။
သူတို့ရှိနေရာသည် ရန်ကုန်မြို့စွန်ရှိ ဆောက်လုပ်နေဆဲ တိုက်ခန်းအိမ်ရာတစ်ခုဖြစ်သည်။
"မင်းပဲ .င် ခံချင်နေတာမဟုတ်လား အဆိုတော်ကြီးရာ..... ဟား ဟား ဟား"
"ဟေ့ကောင် ေ.ာင့်ခြောက်.. ထစမ်း။"
ထက်ဝေယံ၏ဗိုက်နှင့် မျက်နှာကို တစ်ယောက်တစ်ချက် ၀ိုင်းကန်နေသော လူငယ်နှစ်ယောက်၏ မျက်လုံးတွင်းများသည် မိစ္ဆာကောင်များလို သွေးကြောများနီနေသည်။
"ဟေ့ကောင်တွေ ..အသက်ထွက်သွားဦးမယ်။"
"ပြီးတော့ ဒီကောင့်အမေရော အဖေရောက အကောင်တွေနော်။ မင်းတို့ ကြည့်လုပ်ဦး။"
အဝင်ပေါက်တွင် ရှိနေသော ဆံပင်တိုတိုနှင့် အရပ်ပုပုလူငယ်နှစ်ယောက်က စိုးရိမ်သလို ပြောလာသည်။ ထိုသူငယ်ချင်းအုပ်စုတွင် အားလုံးသည် LGBT များကို ကြည့်မရအောင် မုန်းတီးသူများဖြစ်သည်။ ဒီညတွင်လည်း ကလပ်တစ်ခုတွင် အပျော်အရက်သောက်ရင်း transgender တစ်ယောက်ကို သွားစရာမှ ရန်ဖြစ်စကားများခဲ့ကြသည်။ ကလပ်လုံခြုံရေးမှ သူတို့အားလုံးကို မောင်းထုတ်ခဲ့ခြင်းကြောင့် ဒေါသဖြင့် ပြန်လာကြချိန် စကိတ်စီးနေသော ထက်ဝေယံကို တွေ့မိကြခြင်းဖြစ်သည်။ မူးယစ်နေကြသည့်အပြင် ဒေါသခံလည်းရှိနေသောကြောင့် အခုရက်ပိုင်း နာမည်ကြီးနေသည့် ထက်ဝေယံကို ပြဿနာရှာ ရန်စရန် ကားရပ်ပြီး ဆင်းလာခဲ့ကြသည်။ ဒါပေမယ့် သူတို့အုပ်စုထဲတွင် သွေးဆိုးသည့် ဟိန်းထက်က ထက်ဝေယံ သတိမေ့သွားသည်အထိ ရိုက်နှက်ရုံနှင့်အားမရဘဲ ဒီနေရာသို့ခေါ်လာခြင်းဖြစ်သည်။
"မင်းတို့ကြောက်ရင် သွားကြ။"
"လာစမ်းကြည့်စမ်းပါ။ အထီးတွေကို .ိုးရတာလဲ မဆိုးဘူးကွ။"
"အေးလေ။ ဒီကောင်က အဆိုတော်ဆိုပြီး ပြိုင်ကားနဲ့ မြို့ပတ်ပြနေတာ။ ဟား ဟား.. တကယ်တော့ .င်ပဲ ခံချင်နေတာ။"
"ဟေ့ကောင်.. .ိုးမသား။ ထစမ်း.. ငါ့အလှည့်မပြီးသေးဘူး။"
မျက်ထောင့်နီနေသော ဟိန်းထက်မှာ ထက်ဝေယံရှေ့ ဒူးထောင်ထိုင်ပြီး သွေးများဖြင့် စိုရွှဲနေသော ဆံပင်များကို ဆွဲမလာသည်။ ထက်ဝေယံ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရတော့။ သူ သိသည်မှာ ဒီအချိန်များသည် သူ့အတွက် နောက်ဆုံးအချိန်များဖြစ်နေပြီဆိုတာကို ဖြစ်သည်။ သူ သေရတော့မည်ကို သေချာမိချိန်မှာ ထက်ဝေယံ ခေါင်းထဲ တိုးဝင်လာသော မျက်နှာတစ်ခုသည် ဖျော့တော့ပေမယ့် ကြည်လင်နေသည်။
ဝမ်းနည်းမှု..
ကြောက်ရွံ့မှု..
ခါးသီးမှု...
မုန်းတီးဒေါသများသည် သူ့လက်ကျန် ခွန်အားများထဲမှ ထိုးထွက်လာသည်။
"ဟေ့.. ဟေ့ကောင်တွေ... လက်နှိပ်ဓါတ်မီးရောင်တွေ့တယ်။ ဒိုးကြရအောင်။"
"ဘယ်ကောင် လာ လာကွာ။ လာတဲ့ကောင် .ိုးပစ်မယ်။"
ဟိန်းထက်သည် ထက်ဝေယံဆံပင်ကို ဆွဲဆောင့်ပစ်ချလိုက်ပြီး ဒူးထောင်ထိုင်နေရာမှ ယိုင်တိယိုင်တိုင် ထလာသည်။
"လာစမ်းပါကွာ။ သွားရအောင်။"
အပေါက်ဝမှ လူငယ်နှစ်ယောက်မှာမူ ပြဿနာကို ထပ်မရှည်စေချင်တော့သောကြောင့် ဟိန်းထက်ကို အတင်းဆွဲကာ ကားပေါ်တင်နေကြသည်။
"ဟိတ်... ဘယ်သူတွေလဲ။"
လက်နှိပ်ဓါတ်မီးဖြင့် ညစောင့်ဦးလေးကြီး အပြေးတပိုင်း ရောက်လာသည့်အချိန်တွင် အားလုံးကားပေါ်တက်ပြေးကာ မောင်းထွက်သွားကြပြီဖြစ်သည်။ အဖြူရောင် လက်နှိပ်ဓါတ်မီးသည့် သွေးအိုင်ထဲမှ ထက်ဝေယံ မျက်နှာပေါ် ကျရောက်လာသည်။
"ဟာ.. ဟေ့.. ဟေ့ကောင်လေး.."
ထက်ဝေယံ နားတွေအူနေပေမယ့် ခြေလှမ်းသံကို ကြားရသည်။ ထို့နောက် သူ့အသိထဲမှာ ဘာဆိုဘာမှမသဲကွဲတော့။
..............................................................
ဆေးရုံ သီးသန့်ခန်းမှ လိုက်ကာ အဖြူလေးသည် အလုံပိတ်ထားသော မှန်ပြတင်းပေါက်တွင် ငြိမ်သက်စွာ တွဲလောင်းကျနေသည်။ အပြာရောင်ဆေးသုတ်ထားသော နံရံကြောင့် တစ်ခန်းလုံးပြာလွင်နေသည်။ ဘီးလေးလုံးတပ်ထားသော အဖြူရောင်ကုတင်ပေါ်တွင် ထက်ဝေယံရှိနေသည်။
တကယ်တော့ ထက်ဝေယံမှန်းပင် မသိနိုင်။
ရုတ်တရက်ကြည့်လိုက်လျှင် ပတ်တီးဖြူများသည် ပခုံးထိလွှမ်းခြုံထားသော စောင်ဖြူနှင့်ရောကာနေသည်။ မျက်စိတစ်ဖက်ပေါ်နေသော ဖြောင့်စင်းသော မျက်တောင်များကြောင့်သာ လူတစ်ယောက်မှန်း သိနိုင်သေးခြင်းဖြစ်သည်။ လက်ဖျံတွင် တပ်ထားသော အပ်ပေါက်မှ တစ်ဖက်တွင် drip ကြိုးချိတ်ထားပြီး အခြားထိပ်တစ်ဖက်တွင်တော့ ပလတ်စတစ်အဖုံးဖြင့် ပိတ်ထားသည်။ လိုအပ်မှသာ ဆရာဝန်နှင့် သူနာပြုများက ဆေးထိုးအပ်မှတစ်ဆင့် ထိုအပ်ပေါက်ကိုအသုံးပြုကာ လက်ဖျံသို့ ဆေးရည်များ ထည့်ပေးရန်ဖြစ်သည်။
အသက်မရှိတော့သလို ငြိမ်သက်နေသော ထက်ဝေယံ၏ ပက်လက်လန်နေသော လက်ဖဝါးသည် ခြစ်ရာများဖြင့် ပွနေသည်။ လက်သည်းများကြားတွင်လည်း သွေးစများရှိနေဆဲဖြစ်သည်။ ဖူးယောင်နေသော နှုတ်ခမ်းမှာလည်း သွေးခြေဥနေသည်။
"ကိုလေး..."
ဒေါ်စူစီ သားဖြစ်သူကို ဆက်ကြည့်နိုင်ရန် ခွန်အားမရှိတော့။ ကုတင်ကိုကျောပေးကာ အခန်းနံရံတွင် ခေါင်းမှီရင်း ရှိုက်ကြီးတငင် ငိုနေမိသည်။
"ဆရာဝန်တွေက စိုးရိမ်စရာ မရှိတော့ဘူးလို့တော့ ပြောတာပဲ စူစီ။ မငိုပါနဲ့။"
ဦးရန်နိုင်ထွန်း ဒေါ်စူစီ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်အားပေးနေပေမယ့် မိမိကိုယ်တိုင်ပါ မျက်ရည်မကျအောင် မနည်းထိန်းနေရသည်။
"ကိုကို.. ကိုလေး မသေရဘူး။ ကိုလေးသေရင် စူစီပါလိုက်သေမယ်။"
"စူစီရာ.. တော်ပါတော့။ ဆရာဝန်ကြီးက ခဏနေရင် သတိရလာလိမ့်မယ်လို့ ပြောသွားတယ်။ သားပိုစိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့ကွာ။"
ကမ်းပေးလာသော တစ်ရှူးစဖြင့် စူစီ မျက်ရည်များကိုသုတ်လိုက်သည်။ ကုတင်ဘေးမှ အဝိုင်းခုံပုငယ်မှာ ဝင်ထိုင်ရင်း ထက်ဝေယံ၏ လက်ချောင်းငယ်ကို နာကျင်မည်စိုးသည့်အလား ဖွဖွလည်း ထိကိုင်လိုက်သည်။
"ဖြစ်ရလေ ကိုလေးရာ။"
ဒေါ်စူစီ ရင်ထဲမှာ မီးတောက်နေသည်။
"ကိုကိုရော စူစီရော မိဘဖြစ်ဖို့ မတန်ဘူး ကိုကို။ ဒီကလေးကို ငယ်ငယ်ကတည်းက တစ်ယောက်တည်း ပစ်ထားခဲ့ကြတာချည်းပဲ။ တကယ်ဆို ပြဿနာတွေ စလာကတည်းက ကိုလေးအနားမှာ စူစီ ရှိနေပေးသင့်တယ်။"
"ဖြစ်ပြီးမှတော့ ကိုယ့်ကိုကိုယ်အပြစ်တင်မနေပါနဲ့တော့ စူစီရာ။ ကိုတို့အတတ်နိုင်ဆုံး လုပ်နိုင်သလောက် လုပ်ပေးကြတာပေါ့။ အခု ဝေယံ အသက်ရှိနေသေးတာကိုပဲ အကောင်းဘက်က လှည့်တွေးရအောင်။"
အမြဲတမ်း မိတ်ကပ် နှုတ်ခမ်းနီများရှိနေသော ဒေါ်စူစီ့မျက်နှာသည် အခုတော့ မျက်နှာပြောင်နှင့် ငိုထားလွန်းသော မျက်လုံးများကြောင့် ဖောင်းအစ်နေသည်။
"သား.. ကိုလေး..."
လှုပ်ရှားလာသော မျက်ဆန်ကြောင့် ဒေါ်စူစီဝမ်းသာအားရ ခေါ်မိသည်။ ထက်ဝေယံ မျက်လုံးများကတော့ ပွင့်မလာသေး။ နားရွက်တစ်ဖက်အပေါ်မှာ ခေါင်းတခြမ်းကို အပြောင်ရိပ်ထားသည်။ သံတုတ်နှင့်ရိုက်ခံရပြီး ကွဲသွားသောနေရာတွင် ခုနှစ်ချက်တိတိ ချုပ်ထားရခြင်းကြောင့်ဖြစ်သည်။ မျက်ခုံးတစ်ဖက်တွင်လည်း ကန့်လန့်ဖြတ် ဒဏ်ရာတစ်ခုရှိနေသည်။ ထက်ဝေယံ မျက်နှာတွင် မျက်စိတစ်လုံးကိုသာ ကောင်းမွန်စွာ မြင်နေရသည်။
"သား.. သတိရပြီလား။"
မျက်တောင်များကို ကြိုးစား ပုတ်ခတ်ရင်း ထက်ဝေယံ မျက်လုံးများကို ကြိုးစားဖွင့်လာသည်။
ဝေ၀ါးသော အရိပ်များက မသဲကွဲ။
နှုတ်ခမ်းများကို ကြိုးစားဖွင့်ရင်း တစ်စုံတစ်ခုပြောရန် ကြိုးစားပေမယ့် ပါးစပ်ကို လုံးဝဖွင့်မရ။ ကြိုးစားပြီး မျက်စိကို လှည့်ပတ်ကြည့်ကာ သူ ဘယ်ရောက်နေသည်ကို နားလည်အောင်ကြိုးစားပေမယ့် မအောင်မြင်။ မျက်စိထောင့်တစ်နေရာမှ နှင်းဆီပန်းတစ်ပွင့်လိုလို၏ ဖျော့တော့တော့ အရိပ်တစ်ခုကို မြင်လိုက်ရသည်။ အရောင်မှာ မသဲကွဲ။
အဖြူရောင်ဟုတော့ထင်သည်။
ထက်ဝေယံ တွေ့ဖူးသည်။
ဒီလို နှင်းဆီပန်းအဖြူတစ်ပွင့်ကို သူ တစ်နေရာရာမှာ မှတ်မှတ်ရရ တွေ့ဖူးသည်။
"ကိုလေး... ဘယ်လိုနေသေးလဲ။ သား သက်သာရဲ့လား။"
ဒေါ်စူစီ ဘာတွေပြောလို့ပြောနေမှန်းမသိပေမယ့် တတွတ်တွတ်မေးနေမိသည်။ ထက်ဝေယံ၏ မျက်လုံးအတွင်း အဖြူသားများတွင်ပါ သွေးခြေဥသလို နီရဲနေသည့် အကွက်တစ်ခုရှိနေသည်မို့ မရှိုက်မိအောင် မနည်းအားတင်းနေရသည်။
"ကိုထွန်း..."
အခန်းဝမှ ခေါ်သံကြောင့် ဒေါ်စူစီ မြွေဟောက်မတစ်ကောင်လို လှည့်ကြည့်လိုက်သည်။ အခန်းဝတွင် ပန်းများတစ်ပွေ့ကြီးနှင့် ရပ်နေသော ဒေါ်မေချိုရှိနေသည်။
ဒေါ်မေချို..
နေရှင်းခ မိခင်...
သူတို့သားအမိနှစ်ယောက်ကို လူ့ငရဲရောက်အောင် ဆွဲပို့နိုင်သည့် မိစ္ဆာသားအမိနှစ်ယောက်...
လှိုက်တက်လာသော ဒေါသများကြောင့် ချက်ချင်းလိုလို ထပြီး ကုတ်ဖဲ့ပစ်ချင်ပေမယ့် အခုမှသတိရလာသော သားဖြစ်သူမျက်နှာကိုထောက်ကာ ဒေါ်စူစီအံကိုသာ တင်းတင်းကြိတ်ထားသည်။
"ကိုကို.. အဲဒီမိန်းမမျက်နှာကို ကျေးဇူးပြုပြီး ကိုလေးမတွေ့ပါစေနဲ့။"
ဦးရန်နိုင်ထွန်း သက်ပြင်းချကာ ဒေါ်မေချိုရှိရာသို့ လျှောက်သွားခဲ့သည်။
"လာ.. မေ.. ကို တို့အပြင်မှာ စကားသွားပြောရအောင်။"
ဒေါ်မေချိုနှင့် ဦးရန်နိုင်ထွန်းတို့ တိတ်ဆိတ်စွာဖြင့် ဆေးရုံကော်ရစ်ဒါတစ်လျှောက် လျှောက်လာခဲ့သည်။
"မေ... မလာသင့်ဘူး။ အခုအချိန်မှာ စူစီ မေတို့သားအမိကို အရမ်းနာကြည်းနေတယ်။"
"မေ သိပါတယ်။ ဒါပေမယ့် စူစီ့ကိုရော ဝေယံကိုရော မေ တောင်းလည်းတောင်းပန်ချင်တယ်။ ရှင်းလည်းရှင်းပြချင်တယ်။ တကယ်ပါ ကိုထွန်း။ ဒီဗွီဒီယိုကိစ္စကို ရှင်းခ ဘာမှမသိပါဘူး။"
"ကိုသိတယ် မေ။ ဒါပေမယ့် စူစီ့ပြောပုံအရဆိုရင် ဗွီဒီယိုက ထက်ဝေယံတစ်ယောက်တည်းကိုပဲ နစ်နာအောင် တမင် အကွက်ချပြီး တင်သလိုဖြစ်နေတယ်။ ပြီးတော့ သူတို့နှစ်ယောက် ရန်ဖြစ်တဲ့ညကလည်း ကာရာအိုကေဆိုင်မှာ လူရှင်းတဲ့အချိန်။ ဘယ်သူရိုက်ပြီး ဘယ်လိုတင်လဲဆိုတာ နားလည်ရခက်နေတဲ့အချိန်ဆိုတော့..."
"မေ့ကိုယုံပါ ကိုထွန်းရယ်။ နေရှင်းခ ဒါမျိုးအောက်တန်းကျတဲ့အလုပ်ကို လုံးဝ မလုပ်ပါဘူး။ မေဟာ မုဆိုးမပေမယ့် နေရှင်းခကို လူ့ကျင့်သိက္ခာတွေ နားလည်အောင်တော့ သွန်သင်ခဲ့ပါတယ်။"
ဦးရန်နိုင်ထွန်း သက်ပြင်းချကာ ဒေါ်မေချို့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
"ထားလိုက်ပါတော့ မေ။ အခုအချိန်မှာ ဒီကိစ္စကို မစဉ်းစားပါနဲ့တော့။ ကိုယ်နဲ့စူစီ စိတ်ဆင်းရဲရတာနဲ့ပင် လုံလောက်နေပါပြီ။ မေပါထပ်ပြီး စိတ်မကောင်းဖြစ်မနေပါနဲ့။ တဖြည်းဖြည်းမှ စူစီ့ကိုရော ဝေယံကိုပါ နားလည်အောင် ကို ရှင်းပြပါ့မယ်။"
ဒေါ်မေချို လက်ထဲမှ ပန်းစည်းကို ဦးရန်နိုင်ထွန်းကို ကမ်းပေးလိုက်သည်။
"ကိုထွန်းကို မေ အားကိုးပါတယ်။ စူစီ နားလည်အောင် ရှင်းပြပေးပါ။ အခု နောက်လလောက်ဆို ရှင်းခလည်း တောင်ကြီးက ပြန်လာတော့မယ်။ သူ စင်္ကာပူသွားဖို့ကိစ္စက စူစီဆက်ကူညီမှ ဖြစ်မှာမို့ပါ။ မေ အားကိုးပါရစေ။"
ပန်းစည်းကို လှမ်းယူနေသော ဦးရန်နိုင်ထွန်းလက်များ လေထဲတွင် ရပ်တန့်သွားသည်။
"မေ ဒီနေ့လာတာ ဝေယံအတွက်လား.. ရှင်းခ အတွက်လား မေ။"
ဒေါ်မေချို မျက်နှာတစ်ခုလုံး နီရဲသွားသည်။
"မေ အရမ်း အတ္တကြီးတယ်လို့မထင်ဘူးလား။ ကို မေ့ကိုချစ်ပေမယ့် ကြောက်မိတာဟာ မေ့ရဲ့အတ္တတွေကြောင့်ပဲ။ ဝေယံ့ကို အခုလေးတင်ပဲ ကိုယ်တို့ သေတွင်းထဲကဆွဲထုတ်လာတာ။ အခုအချိန်မှာ မေ စဉ်းစားနေတာ မေ့သားတစ်ယောက်အတွက်ပဲလား။"
"မ..မဟုတ်ပါဘူး ကိုထွန်းရယ်။ အဲလိုမဟုတ်ပါဘူး။"
ဒေါ်မေချို ကြောက်လန့်တကြား ငြင်းလာချိန်မှာ ဦးရန်နိုင်ထွန်း နာကြည်းစွာ တစ်ချက်ရယ်လိုက်သည်။
"အင်းပေါ့လေ။ မေက ရှင်းခ အမေပဲ။ ကိုယ့်သားအတွက်ကိုပဲ စဉ်းစားတာ သဘာဝကျပါတယ်။ စိတ်မပူပါနဲ့ မေ။ ကို ကတော့ ဘက်မလိုက်ပါဘူး။ နှစ်ယောက်စလုံးအတွက် ကို အတတ်နိုင်ဆုံး လုပ်ပေးသွားမှာပါ။"
ဦးရန်နိုင်ထွန်း ဆေးရုံနံရံကို မောပန်းစွာ ကျောမှီရပ်လိုက်သည်။ သူ့ရှေ့မှ သူနာပြုဆရာမလေးတစ်ယောက် အပြေးတစ်ပိုင်းနှင့် ဖြတ်သန်းသွားသည်။ လှမ်းမြင်နေရသော ဆေးရုံခန်းမဆောင်လည်တွင်တော့ ထိုင်စောင့်နေသော လူနာများ၊ လူနာစောင့်များနှင့်ပြည့်နေသည်။ ဦးရန်နိုင်ထွန်း နောက်ဆုံးစကားများကို ဒေါ်မေချို့မျက်လုံးများထဲ စူးစိုက်ကြည့်ရင်း တစ်လုံးချင်းပြောလာခဲ့သည်။
"မေ မေ့ချင်ယောင် ဆောင်နေပေမယ့် ကို ဟာ ထက်ဝေယံအဖေဟုတ်သလို ရှင်းခရဲ့အဖေပဲလေ။"