ရောက်ဖူးပြီးသားဖြစ်သော မြေနီလမ်းတစ်ခု။
ကွင်းပြင်ကျယ်များကြားတွင် လူနေအိမ်ကျိုးတဲကျဲတဲသာရှိသည့် ဆင်းရဲသားရပ်ကွက်ငယ်။
သူ့ ပြိုင်ကားကို မယူဘဲ ရဲလေး၏ ကားကို ထက်ဝေယံ ယူမောင်းလာခဲ့ခြင်းဖြစ်သည်။ အရင်တစ်ခေါက် လာခဲ့စဉ်က သူ့ပြိုင်ကားကို အထူးအဆန်းဝိုင်းကြည့်နေကြသော လူများကြားထဲတွင် မျက်နှာပူသလိုလို ခံစားခဲ့ရဖူးသောကြောင့် ဒီတစ်ခေါက်တော့ ရပ်ကွက်ထဲ မျက်စိမနောက်အောင် ရဲလေး၏ ဖီးယက်ကားဖြင့်သာ လာခဲ့ခြင်းဖြစ်သည်။ ဒါတောင် ကိုယ်ပိုင်ကား အ၀င်၊ အထွက် သိပ်မရှိသော ရပ်ကွက်ငယ်ဖြစ်၍ လှည့်ကြည့်ကြသူများမရှား။
ချိုင့်ခွက်များနှင့်ပြည့်နေသော မြေနီလမ်းဘေးတွင် ကားကို စက်သပ်ရပ်လိုက်သည်။ ပျဉ်ထောင်အိမ်လေးထဲမှာ လူရိပ်မရှိ။
ရဲသွေးငယ် သူ့ထံ ရောက်မလာတော့သည်မှာ နှစ်ပတ်ကျော်၍ သုံးပတ်နီးပါးပင် ရှိတော့မည်ဖြစ်သည်။ အရင်က နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါလောက် ဓါတ်လှေကားရှေ့၊ တိုက်ခန်းရှေ့၊ သူ စားလေ့ရှိသည့် စားသောက်ဆိုင်ရှေ့ များတွင် ပေါ်လာတတ်ကာ စာပေး၊ ကဗျာပေး နှောင့်ယှက်နေခဲ့ဖူးသည်။ အခုနောက်ပေါင်းတော့ စုန်းစုန်းမြှုပ် ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ စိတ်ပူလာသည်။ နေမကောင်းတာလည်းဖြစ်နိုင်သည်။ သူ့ဆီလာစဉ် ဘတ်စ်ကားပေါ်မှ ပြုတ်ကျကာ ဆေးရုံရောက်နေတာလည်း ဖြစ်နိုင်သည်။ သတိုးအတွက် စိတ်ပူရသည့်အပူတွင် နှစ်ထပ်ဆင့်ကာ ရဲသွေးငယ်အတွက်ပါ သူ စိတ်ပူလာရသည်မို့ ဒီနေ့တော့ အိမ်အရောက် လိုက်ချလာခဲ့ခြင်းဖြစ်သည်။
ပျဉ်ထောင်အိမ်လေး၏ တံခါးမှာပွင့်လျက်သားဖြစ်၍ တစ်စုံတစ်ယောက်တော့ ရှိနေရမည်။ အုန်းပင်များ၊ ငှက်ပျောပင်များ၊ ပန်းပင်များနှင့် ပြည့်နေသော ခြံငယ်လေးထဲသို့ သစ်သားပြားခင်းထားသော တံတားကိုဖြတ်ကျော်ကာ ၀င်လာခဲ့သည်။ ခြံထဲမှ ကျောင်းသားများ စာသင်ကြားရာ ခုံတန်းမှာ ဖုန်အပြည့်နှင့်ဖြစ်သည်။
ဝုတ် ၀ုတ်...
စားပွဲရှည်အောက် ခွေအိပ်နေသော ခွေးတစ်ကောင်မှာ ထက်ဝေယံကို တွေ့သည်နှင့် မာန်ဖီကာ ဟောင်တော့သည်။ အကောင်သေးသလောက် အသံအောင်လှသော ထိုခွေးမှာ အရိုးပြိုင်းပြိုင်း၊ နှာတံဖြူနှင့်ဖြစ်သည်။
"ဟာ.. ဒီခွေးတော့.."
သွားချွန်များပေါ်သည်အထိ မာန်ဖီကာ အဆက်မပြတ်ဟောင်နေသော ခွေးကို ထက်ဝေယံ ခဲနှင့်ထုချင်လာသည်။
ခွေးဟောင်သံကြောင့်ထင်သည်။ အိမ်တံခါးပွင့်ကာ ရဲသွေးငယ် မျက်နှာပေါ်လာသည်။ အံ့သြမယုံကြည်နိုင်မှုက အထင်းသား။
"ကိုလေး.."
"ဟေ့ကောင်လေး.. မင်း ခွေး မင်းခေါ်စမ်း.. ငါ ကန်မိတော့မယ်.."
"တရုတ်ကြီး.. တော်တော့..."
ရဲသွေးငယ် အသံကိုကြားသည်နှင့် သကောင့်သား ခွေးမှာ ဟောင်သံရပ်သွားသည်။ ပြီးမှ အမြီးတနန့်နန့်နှင့် စားပွဲအောက် ပြန်ဝင်သွားသည်။
ထက်ဝေယံ စိတ်တိုသွားရသည်မှာ ရဲသွေးငယ် စကားနားထောင်သည့် ခွေးကြောင့်မဟုတ်။ တရုတ်ကြီးဟု ခွေးကို အမည်ပေးထားသော ရဲသွေးငယ်ကြောင့်ဖြစ်သည်။ ဒီ တရုတ်ကြီးသည် သူ့ကိုတွေ့စက ရဲသွေးငယ် ခေါ်သည့်နာမည်။ သူ ကောင်းကောင်း မှတ်မိနေသေးသည်။
"မင်း ခွေးကို တခြားနာမည် ပေးစရာမရှိဘူးလား.."
"ကျွန်တော့်ခွေးမဟုတ်ပါဘူး... ဒီလိုပဲ အိမ်မှာ ကပ်နေတာ...."
"ဘာလို့ တရုတ်ကြီး လို့ ခေါ်တာလဲ..."
"ဟီး.."
ရဲသွေးငယ် သွားဖြဲရယ်ပေမယ့် အမှန်အတိုင်း မဖြေရဲ။ နီညိုရောင် ခွေး၏ မွဲခြောက်ခြောက်အမွှေးများသည် ပြိုင်ပွဲနေ့ညက သူ တွေ့ဆုံခဲ့သည့် မီးတောက်လိုရဲရဲနီနေသည့် ထက်ဝေယံ၏ အပြင်အဆင်များကို သတိရစေသည်မို့ အိမ်နားမှ ခွေးမှာ တရုတ်ကြီးဖြစ်သွားရခြင်းဖြစ်သည်။
"မင်းတော့ နာချင်ပြီနဲ့ တူတယ်.."
ဘယ်သူမှ မဖိတ်ခေါ်ရသေးပေမယ့် ထက်ဝေယံ အိမ်ပေါ်တက်သွားသည်။ သိပ်မမြင့်သော သစ်သားတံခါးကြောင့် ခေါင်းငုံ့ဝင်ရသည်။ အိမ်ရှေ့ခန်းမှာ စားပွဲဝိုင်းပုတစ်ခုကို ချထားသည်။ ရဲသွေးငယ် ထမင်းစားလက်စဖြစ်၍ စားပွဲဝိုင်းပုပေါ်တွင် ထမင်းပန်ကန်တစ်ချပ်နှင့် ရေတစ်ခွက်တို့ ရှိနေသည်။
"ကိုလေး ဖေဖေ့ဆီလာတာလား... ကျူရှင်သွားပြတယ်.. မရှိဘူး.."
"မင်းဆီကိုလာတာ.."
"ဗျာ..."
ရဲသွေးငယ် ပါးစပ် ၀ိုင်းသွားသည်။
ဒီလူကြီးက သူ့ကိုလာရှာသည်တဲ့လား။ ကိစ္စတစ်ခုခုကြောင့် သတိုး ခိုင်းလိုက်သည်သာ ဖြစ်မည်ထင်သည်။
"ထမင်းစားနေတာလား.."
"ဟုတ်တယ်.. စားပါဦးလား.."
ပြောပြီးမှ ရဲသွေးငယ် ရယ်ချင်သွားသည်။ သူ စားနေသည်က ထမင်းဖြူကို ငရုတ်သီးနှင့်နယ်ကာ ဆားဖြူးပြီး စားနေခြင်းဖြစ်သည်။ အရံဟင်းဆို၍ သူ့ပန်းကန်ထဲ ပုံထည့်ထားသော ကန်စွန်းရွက်ပြုတ်သာရှိသည်။ လကုန်ရက်မို့ သူတို့မိသားစု ခြံထွက်အသီးအရွက်များနှင့် နှစ်ပါးသွားနေရချိန်။
"အာ.. ဆောရီးဗျာ.. ဒါတွေ ကိုလေး စားနိုင်မှာမဟုတ်ဘူး.. ကျွန်တော် ကော်ဖီဖျော်ပေးမယ်.."
ကော်ဖီထုတ်တောင် ရှိပါတော့မလား မသိ။ မရှိလျှင်လည်း ဘေးအိမ်မှ သွားတောင်းရန်သာရှိသည်။ ကိုယ့်အိမ်ရောက်လာသည့် ဧည့်သည်ကို ဒီအတိုင်း ဘာမှ မဧည့်ခံဘဲတော့ ရဲသွေးငယ် မနေနိုင်။
"ဇွန်း နောက်တစ်ချောင်းယူခဲ့..."
"ဗျာ..."
"ဇွန်း ယူခဲ့လို့ပြောနေတာ..."
"ဘာဖြစ်လို့လဲ.."
"လျှာရှည်မနေနဲ့.. ခိုင်းတဲ့အတိုင်းလုပ်.."
ရဲသွေးငယ် နားမကြားသလို ငြိမ်နေပြီးမှ မီးဖိုချောင်မှ ဇွန်းတစ်ချောင်းကို ထက်ဝေယံကို သွားယူပေးလိုက်သည်။ ထက်ဝေယံ စားပွဲရှေ့မှာ တင်ပလွေခွေထိုင်သည်။ ဒူးမှာဖြဲထားသော ဘောင်းဘီမို့သာ တော်တော့သည်။ မဟုတ်လျှင် ဂျင်းဘောင်းဘီအကျပ်နှင့် ကြမ်းပြင်မှာထိုင်ဖို့ ဘယ်လိုမှ အဆင်မပြေ။
ငရုတ်သီးရဲနေသော ထမင်းတစ်လုတ်ကို ဇွန်းနှင့်ခပ်ကာ ပါးစပ်ထဲသွင်းလိုက်ချိန် ထက်ဝေယံ နားမှရော၊ နှာခေါင်းမှပါ မီးတောက်ငွေ့တွေ ထွက်လာသည်ထင်ရသည်။ စပ်လိုက်သည်မှ ပူခြစ်နေအောင် စပ်ခြင်းဖြစ်သည်။
"ဟေ့ကောင်လေး.. မင်း ထမင်းကို ငရုတ်သီးနဲ့ နယ်ထားတာလား.. ငရုတ်သီးပန်းကန်ကို ထမင်းဖြူးထားတာလား.."
ရဲသွေးငယ် ရေခွက်ကို မြန်မြန်ကမ်းပေးသည်။ ထက်ဝေယံ ချက်ချင်းမသောက်နိုင်သေး။ လျှာတွဲလောင်းချကာ ယပ်ခပ်နေရသည်။ ပြီးမှ ရေအကုန်မော့သောက်သည်။ တစ်ခွက်နှင့်မလောက်။ နောက်ထပ် တစ်ခွက်ပေးရန် စကားမပြောနိုင်သဖြင့် ခြေဟန် လက်ဟန်နှင့်ပြောရသည်။
ချက်ချင်းလိုလို ထက်ဝေယံ၏ နှာခေါင်းတစ်ခုလုံး ချယ်ရီသီးလို နီရဲလာသည်။ ပါးနှစ်ဖက်မှာလည်း မီးမြှိုက်ခံရသလို ရဲရဲတောက်နေသည်။ လည်ပင်းများပါ နီနေ၍ ဘယ်လောက်တောင် ငရုတ်သီးစပ်နေသည်ကို ခန့်မှန်းကြည့်နိုင်သည်။ နှာရည်ပါကျတော့မည့်ပုံ ရှုံ့ပွနေသော ထက်ဝေယံကိုကြည့်ကာ ရဲသွေးငယ် ဘာလုပ်ရမည်မသိ။
"ထမင်း ထပ်ထည့်..."
"ဗျာ.. ဆက် စားဦးမလို့လား.."
"စားမလို့ပေါ့ကွ.. ငါ ဗိုက်ဆာနေတာ...."
ရဲသွေးငယ် ပန်းကန်ပြားထဲ ထမင်းထပ်ထည့်သည်။ ဖင်ကပ်သာကျန်တော့သည် ဆီလက်ကျန်ကို အစပ်များလျော့မလားဆိုသည့် မျှော်လင့်ချက်ဖြင့် ပန်းကန်ထဲမှောက်ချသည်။ ဆီကြောင်းမျှင်မျှင်လေး စီးကျလာပြီးနောက်မှာတော့ သုံး၊ လေးစက်ထက်ပိုသော ဆီစက်များအပြင် ဘာမှ ထပ်ဆင်းမလာတော့။
ထက်ဝေယံ သူ့လက်ထဲမှ ပန်းကန်ကိုယူကာ စိတ်ရှိလက်ရှိနယ်နေသည်။ ပြီးမှ တစ်လုတ်ထပ်စားသည်။ နောက်ထပ် သုံး၊ လေး လုတ်ဆက်စားနေသော ထက်ဝေယံကို မျက်စိရှေ့မှာရှိနေ၍သာ ရဲသွေးငယ် ယုံရဲခြင်းဖြစ်သည်။
"ရော့.. မင်းလည်းစားလေ..."
ထက်ဝေယံ ကမ်းပေးလာသော ထမင်းသည် သူ့အတွက် အရမ်းကို မြိန်လွန်းနေသည်။ တစ်ယောက်လက်မှ တစ်ယောက်လက်ပြောင်းရင်း ခဏအတွင်းမှာပင် ထမင်း နှစ်ပန်းကန် ကုန်သွားသည်။ ငရုတ်သီးနှင့် ကန်စွန်းရွက်ပြုတ်ပင်ဖြစ်ပေမယ့် စားလို့အရမ်းကောင်းနေသည်မှာ ဘာလို့လဲဆိုတာ ရဲသွေးငယ် မတွေးရဲ။
"ကိုလေး ကိစ္စရှိလို့လား.."
ထမင်းစားပွဲကို ပြန်သိမ်းပြီးမှ ရဲသွေးငယ် မေးမိသည်။ ရောက်လာကတည်းက ဘာကိစ္စဆိုသည့် စကားတစ်ခွန်းမှ မစသလို၊ ပြန်ဦးမည့်ပုံလည်းမရသည့် ထက်ဝေယံကို နားမလည်။
"မင်းတို့ ယောက်ျားလေးတွေဟာ ဒီလိုပဲ.. အစတုန်းကသာ သဲကြီးမဲကြီးဖြစ်တာ.. ပြီးရင် အဖျားရှူးသွားကြတာချည်းပဲ..."
ရဲသွေးငယ် မျက်လုံးပြူးကာ ထက်ဝေယံကို စိုက်ကြည့်သည်။ ဘာတွေ ပြောနေတာလဲ။ သူ ကိုယ်တိုင်ကရော ယောက်ျားလေးမဟုတ်လို့လားဆိုသည့်မေးခွန်းက ခေါင်းထဲမှာ ပထမဆုံး တန်းဝင်လာသည်။
"ဘာကို အဖျားရှူးတာလဲဗျ..."
"ကျွတ်.."
ထက်ဝေယံ တိုးတိုး လှမ်းဆဲသည်။ ဒါပေမယ့် ဆက်ပြီး မရှင်းပြချင်၍ စကားလွှဲလိုက်သည်။
"ဘာမှမဟုတ်ဘူး.. ငါ့ဆီမှာ စာအုပ်တွေများနေလို့ မင်းကိုလာပေးတာ.."
"ကိုလေးဆီမှာ စာအုပ်တွေ ရှိတယ်..ဟုတ်လား.."
"ဘာလဲကွ.. မေးတဲ့ပုံကိုက.."
ထက်ဝေယံ သူ့ရှေ့မှကောင်လေးကို လက်သီးနှင့်ရွယ်ပြီးမှ ကားသော့ကို ပစ်ပေးလိုက်သည်။
"စာအုပ်အားလုံး ကားပေါ်မှာ......ကိုယ့်ဘာသာကိုယ် သွားယူချည်.."
ယုံနိုင်စရာပင်မရှိ။
အိတ်လေးအိတ်အပြည့် စာအုပ်များက ကားနောက်ခန်းမှာ ပြည့်နေသည်။ လေးလိုက်သည်မှာလည်း ခါးပင် ကိုင်းသည်အထိ။ စာအုပ်တွေမှာလည်း စုံလှသည်။ ရသစာအုပ်များ၊ ဗဟုသုတစာအုပ်များ အစုံဖြစ်သည်။ ထူးခြားသည်က စာအုပ်များအားလုံး ရဲသွေးငယ် ဖတ်ပြီးသားဖြစ်သည်။ နောက်ထပ် ထူးခြားသည်က သူ သွားဖတ်လေ့ရှိသည့်ဆိုင်မှ စာအုပ်များဖြစ်သည်။ ဈေးနှုန်းခွာထား၊ ဖျက်ထားပေမယ့် အသစ်စက်စက် စာအုပ်များဖြစ်သည်ကို သူ သိသည်။
ရဲသွေးငယ် ကားဘေးမှာပင် ထိုင်ငိုလိုက်ချင်သည်။
ပျော်တာလား၊ ၀မ်းနည်းတာလားမသိ။ ရင်ထဲမှာ လှိုက်တက်လာနေသည်။
စာအုပ်ထုပ်ကြီးကိုပိုက်ကာသာ ငိုလိုက်ချင်သည်။
"အိမ်မှာမဆံ့တော့လို့.."
"အေးပါဗျာ..."
ရဲသွေးငယ် ပြိုင်ငြင်းမနေတော့။ စာအုပ်ထုပ်ကြီးပိုက်ကာ ငိုင်နေသည်။
"အိမ်ထဲကို ယူသွားလေ...."
"ကိုလေး ကျွန်တော့်ကို ဒီနားခဏ လိုက်ပို့စမ်းပါ.."
ရဲသွေးငယ် စာအုပ်ထုပ်များကို ကားပေါ်ပြန်တင်ပြီးမှ သူ ကိုယ်တိုင်ပါ ၀င်ထိုင်နေသည်မို့ ထက်ဝေယံ ဆက်မပြောတော့။ ရဲသွေးငယ် ပြသည့်လမ်းအတိုင်း ဟိုချိုး ဒီကွေ့ဖြင့် မူလတန်းကျောင်းလေးတစ်ကျောင်းရှေ့ ကားရပ်ဖြစ်သည်။
ကျောင်းဆင်းခဲ့သည်မှာ ကြာပြီမို့ ကျောင်းကလေးမှာ ဆူညံလှုပ်ရှားမှု မရှိတော့။ ကျောင်းဝန်းထဲမှ နောက်ကျပြန်ဖြစ်သည့် ကလေးတစ်ချို့ ရဲသွေးငယ်ကို ၀မ်းသာအားရ နှုတ်ဆက်နေကြသည်။ မနက်ခင်းမှာ သနပ်ခါးအပြည့်နှင့် လှနေခဲ့မည်ဖြစ်သော ကလေးများ၏ မျက်နှာများသည် အခုတော့ အဆီပြန်နေပြီ။ ဖုန်များ၊ သဲများပေနေသော အဖြူရောင် ကျောင်းစိမ်းဝတ်စုံများမှာလည်း နေပူကျဲတဲအောက် ဆော့ကစားခဲ့သည်များရဲ့ သက်သေ။
"ကိုကြီးငယ် လာတယ်ဟေ့.."
ဝမ်းသာအားရ အော်သံများကြားတွင် ကလေး လေး၊ငါးယောက်လောက် ၀ိုင်းအုံလာကြသည်။ စာကြည့်တိုက်၏ ဦးစီးမှူးအဖြစ် ကိုယ်တိုင် ရာထူးပေး၊ အမည်တပ်ခဲ့သည့် ရဲသွေးငယ်ကို ကောင်းကောင်း သိကျွမ်းနေသူများဖြစ်သည်။ ရဲသွေးငယ်လာလျှင် သူတို့မေးချင်တာများကို မေးလို့ရတော့မည်မို့ မျက်လုံးများက ပြုံးရယ်နေကြသည်။
"ဘာလို့ ချွေးထွက်လာလဲ ကိုကြီး.. ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေချည်းပဲ.."
ညစ်ပတ်နေသော ဦးထုပ်အပြာဆောင်းထားသည့် သွက်လက်ဟန်တူသော လေးတန်းအရွယ် ကျောင်းသားတစ်ယောက်မှ ဦးဆုံးမေးလာခြင်းဖြစ်သည်။ အကျီင်္ဖြူမှ အောက်ကြယ်သီးနှစ်လုံးကို မှားတပ်ထားသောကြောင့် အကျီင်္ အနားစမှာ စောင်းနေသည်။ နှပ်ချေးကြောင်းက အထင်းသား။
"ကိုယ်ထဲက အပူတွေထွက်ပြီး သာမာန် ကိုယ်ခန္ဓာအပူချိန်ကို ပြန်ရောက်အောင်ပေါ့ကွ.. အဲဒါကြောင့် အရမ်းပူတာတို့ လှုပ်လှုပ်ရှားရှား ပြေးတာတို့ လုပ်တိုင်း ချွေးထွက်တာ.."
"ဒါဆို ရှူးရှူးကရော ဘာလို့ ပူတာလဲ... ကိုကြီးငယ်...."
ဘေးနားမှ တခြားကလေးများက ၀ါးခနဲ ထရယ်သည်။ ပြီးတော့ ရှူးရှူးက ပူတယ်ဆိုကာ တစ်ယောက်တစ်ပေါက် ပြောကြ၊ ရယ်ကြပြန်သည်။ ကလေးများကို ခေါင်းခေါက်ချင်လွန်း၍ ထက်ဝေယံ လက်တွေယားလာသည်။ တော်တော်ကဲသည့် ဟာလေးတွေဟု မကျေမနပ် ရေရွတ်သည်။ ဒါပေမယ့် ရဲသွေးငယ်ကတော့ စိတ်ဆိုးပုံမရှိ။ ထိုကျောင်းသားရှေ့ ဒူးထောက်ထိုင်ကာ ပြုံးရုံပြုံးသည်။
"ငါ တို့ရဲ့ ကိုယ်ခန္ဓာအပူချိန် အတိုင်းမို့လို့ မျိုးကြီးရ.. ကိုယ်ခန္ဓာက သာမာန်အပူချိန်ဟာ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ၀န်းကျင်ဆိုတော့ တစ်ခါတစ်လေ အပြင်က အပူချိန်ထက် ပိုပြီး ပူနေတတ်တာပေါ့.."
"ကျောင်းမှာ မျိုးကြီး အီးပေါက်တယ်ဗျ.. အဲဒါကရော... လူတွေ ဘာလို့ အီးပေါက်တာလဲဗျ.."
နောက်ကလေးတစ်ယောက်က မျိုးကြီးဆိုသည့်ကလေးကို လက်ညှိုးထိုးကာ မေးပြန်တော့ ကလေးအားလုံး ၀ိုင်း ရယ်ကြပြန်သည်။
"ဒါများကွာ.. လူတိုင်းဖြစ်တာပဲ.. ရှက်စရာမလိုပါဘူး... အစာစားပြီးလို့ ဗိုက်ထဲမှာ အစာချေနေတဲ့အချိန်ဆို ဂက်စ်တွေရှိလာတတ်တယ်.. အဲဒီဂက်စ်တွေ ကိုယ်ထဲက ထွက်လာတာ.."
အီးပေါက်သည်ကိုတောင် စာဖွဲ့ချင်နေသည့် ရဲသွေးငယ်ကိုတော့ ထက်ဝေယံ အရှုံးပေးရမည်။ ကလေးများကတော့ နားလည်လား၊ မလည်လားမသိ။ ကျေနပ်စွာ တစ်ယောက်တစ်ပေါက် အချင်းချင်း နောက်ပြောင်ရင်း ရဲသွေးငယ်ကို နှုတ်ဆက်ကာ ပြေးထွက်သွားကြသည်။ ချွေးထွက်မယ်တွေရော၊ အီးပေါက်မယ်တွေရော စုံနေအောင် ပြောရယ်နေသည့် ကလေးများကို ငေးကြည့်နေသည့် ရဲသွေးငယ် မျက်လုံးများက အေးချမ်းသည်။
"ဒီအရွယ်တွေက ဒီလိုပဲ ကိုလေးရ.. သိချင်ကြတာပေါ့.. လူကြီးတွေက ဖြေရမယ့်အစား ဘာတွေမေးနေတာလဲ.. ကလေးက ကလေးနေရာမနေဘူး ဆိုပြီး ပြန်ဟောက်နေကြတာကိုက မှားနေတာ.."
ရဲသွေးငယ် စကားဆက်လာတော့ ထက်ဝေယံကိုယ်တိုင် ကလေးတွေကို ခေါင်းခေါက်ချင်နေခဲ့တာကိုတော့ ပြောမနေတော့။ စာအုပ်များကို ကူသယ်ကာ ကျောင်းစာကြည့်တိုက်ထဲ ၀င်သွားသော ရဲသွေးငယ်နောက် လိုက်လာခဲ့သည်။
စာကြည့်တိုက်ဆိုသော်လည်း အခန်းထဲတွင် စာအုပ်စင်မရှိ။ စားပွဲတန်းလျားဟောင်း သုံးလေးခု ချထားသည်။ ထိုအပေါ်မှာ ဟောင်းနွမ်းနေသော ကလေးဂျာနယ်တစ်ချို့၊ စာစောင်တစ်ချို့နှင့် မဂ္ဂဇင်းတစ်ချို့သာရှိသည်။ ကလေးပုံပြင်ရုပ်ပြ စာအုပ် သုံးလေးအုပ်ကတော့ အဖုံးများပင် ပြဲစုတ်နေပြီဖြစ်သည်။
"ကျောင်းစာကြည့်တိုက်ဆိုပေမယ့် ရပ်ကွက်ကလူတွေလည်း လာ ငှားတာပဲ ကိုလေးရ.. ကျွန်တော် ဒီနေရာလေးကို စာအုပ်တွေနဲ့ ပြည့်နေစေချင်နေတာ.."
စာအုပ်တွေကို တန်းစီချနေရင်း ပြုံးပျော်နေသော ရဲသွေးငယ်မျက်နှာသည် ဟန်ဆောင်ခြင်းအလျှင်းမရှိ။ တကယ်ပင် ၀မ်းမြောက်နေမှန်း သိသာစေသည်။ ထက်ဝေယံပါ အပျော်လှိုင်းတစ်ချို့ ကူးစက်လာသလို။
"ကလေးတွေကငှားချင်ရင် ဆရာမတွေကို ပြောရတယ်.. အပြင်က ငှားချင်တဲ့လူကတော့ ဒီ ဗလာစာအုပ်မှာ ယူသွားတဲ့နေ့စွဲ စာအုပ်နာမည် လက်မှတ် ထားခဲ့ရုံပဲ.. တစ်ခါငှားရင် တစ်ပတ်အထိ ယူထားလို့ရတယ်.. လာမပို့တဲ့လူရှိရင်တော့ ကျွန်တော်ကိုယ်တိုင် ဒီ စာရင်းစာအုပ်ကိုင်ပြီး လိုက်တောင်းရတာပဲ.. များသောအားဖြင့်တော့ လာပို့ပါတယ်.. ပျောက်တယ်ဆိုတာမရှိပေမယ့် ပျက်တာကတော့ ခဏခဏပဲ.. စာအုပ်တွေကို စည်းကမ်းရှိရှိကိုင်ဖို့ကို ဂရုမစိုက်ကြသေးဘူးဗျ..."
စားပွဲရှည်သုံးတန်းစလုံးမှာ ထက်ဝေယံ ယူလာခဲ့သော စာအုပ်များဖြင့် ပြည့်သွားသည်။ နှစ်အုပ်၊ သုံးအုပ်ပင် ထပ်ရသည်အထိ။ နောက်ထပ် စားပွဲတစ်လုံးအပိုရှိရင် တောင်းရမယ်ဟု ပြောနေသော ရဲသွေးငယ်၏ မျက်လုံးများမှ စိတ်လှုပ်ရှားမှုဖြင့် တလက်လက် တောက်ပနေသည်။
အပြန်လမ်းတွင် ထက်ဝေယံ စကားမဆိုမိ။ ရဲသွေးငယ် အိမ်သို့ မောင်းရမည့်အစား လူရှင်းသော ကွင်းပြင်ကျယ်တစ်ချို့ရှိရာသို့ မောင်းနှင်ကာ ကားကို လမ်းဘေးချရပ်ဖြစ်သည်။
"မင်း ဘယ်ပျောက်နေတာလဲ ရဲသွေး.."
"ဗျာ..."
"ဒီရက်ပိုင်းတွေမှာ ဘာလို့ ငါ့ဆီမလာတော့ဘဲ ရှောင်နေတာလဲ.."
အမြဲတမ်း စကားကို ကရားရေလွှတ်ပြောတတ်သည့် ရဲသွေးငယ်ထံမှ အဖြေသံမကြားရ။ ထက်ဝေယံ ကားတံခါးကိုဖွင့်ကာ စီးကရက်တစ်လိပ်ကို မီးညှိဖြစ်သည်။ ညနေစောင်းချိန်မို့ နေရှိန်သည် မပူပြင်းတော့ပေမယ့် လေငြိမ်သော ညနေခင်းမို့ အရာရာသည် တိတ်ဆိတ်ငြိမ်သက်နေသည်။
"ဟိုတစ်နေ့က မာလကာသီးတွေ ထားခဲ့တာ မင်းလား.."
ရဲသွေးငယ် ခေါင်းညိတ်သည်။ သူ့ကိုဘယ်သူမှမမြင်ခင် ယူလာခဲ့သော မာလကာသီးများကို အိမ်ရှေ့မှာထားခဲ့ကာ တိတ်တဆိတ် ပြန်လည်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
"မင်းကို ငါ ပြောပြစရာတွေ အများကြီးရှိတယ် ရဲသွေး.."
ထက်ဝေယံ သက်ပြင်းတစ်ချက်ရှိုက်ကာ စီးကရက်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
ဗွက်များထနေသော ကွင်းပြင်ကျယ်သည် သူတို့ဘေးမှာရှိနေသည်။ မြေနီလမ်းမှ ဖုန်မှုန့်တစ်ချို့က လမ်းဘေးမြက်ပင်၊ ချုံပင်များထက်မှာ တွဲလောင်းခိုနေကြသည်။ နီကျင့်ကျင့် မြေမှုန်များသည် အရာရာကို သူတို့သာ ပိုင်ဆိုင်နေသလို ခြယ်လှယ်နေကြသည်။
"ငါ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောချင်ဘူး.... ဒါပေမယ့် မင်းကိုတော့ ငါ ပြောပြမှဖြစ်လိမ့်မယ်.. ဒီမှာကြည့် ..."
ဆံပင်လိပ်များကိုဖယ်ကာ ထက်ဝေယံ ပြောသည်။ နားရွက်ပေါ်မှာ ထင်းနေသော အမာရွတ်ကြောင်းကို ရဲသွေးငယ် မထင်မှတ်ဘဲ တွေ့ဖြစ်သည်။
"ဒီအမာရွတ်ကြောင့် ငါ နေရှင်းခကိုမုန်းခဲ့တယ်.."
ထက်ဝေယံ စီးကရက်ကို နောက်တစ်ကြိမ် ရှိုက်ဖွာသည်။ နာကျင်လာသော ရင်ခွင်ထဲမှာ အမုန်းတရားတစ်ချို့၊ ဒေါသတစ်ချို့၊ နာကြည်းမှုတစ်ချို့ ရှိနေသည်။
ဟိန်းထက်ဆိုသည့် နာမည်တစ်လုံး...
သူ့အတွက်တော့ ငရဲမင်းလိုပင်..
နာကျင်မှုကြားမှ သူ ရဲသွေးငယ်ကို ရှင်းပြဖြစ်သည်။
ညတစ်ည၏ အကြည်းတန်မှုအကြောင်း၊ သတိုးနှင့် ပတ်သက်ရသည့် သူ့ရည်ရွယ်ချက်၊ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည့် ချစ်မိသွားခဲ့သော နှလုံးသားအကြောင်း အားလုံးကို နာကျင်နေသည့်ကြားမှ သူ ပြောဖြစ်သည်။ စကားလုံးများက မသဲမကွဲ၊ စာကြောင်းများက ရှေ့ နောက် မညီ။ ဒါပေမယ့် သူ ရဲသွေးငယ်ကို ရင်ဖွင့်ဖြစ်သည်။
"ငါ မင်းကို ဒါတွေပြောပြနေတာ ငါ ဟာ လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ မင်းကို သိစေချင်လို့...."
ငြိမ်သက်နေသော ရဲသွေးငယ်သည် ဆွံ့အနားမကြား ကောင်လေးတစ်ယောက်လို။ နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။ အရည်လဲ့နေသော မျက်လုံးများက ထက်ဝေယံကိုမကြည့်။
"ငါ သူတို့နှစ်ယောက်အပေါ် မတရားခဲ့ပေမယ့် အခု သတိုးကို နေရှင်းခထားသွားခဲ့လို့ ငါ့အတွက် အခွင့်အရေးရပြီဆိုပြီး ပျော်နေမယ့်သူတော့ မဟုတ်ဘူး ရဲသွေး.."
ထက်ဝေယံ လက်ထဲမှ စီးကရက်တိုမှာ တဖြည်းဖြည်း အားကုန်ခမ်းလာသလို မီးရောင်ဖျော့လာသည်။ ဘယ်ကဘယ်လို ပျံသန်းရောက်ရှိလာမှန်းမသိသော ပျံလွှားငှက်ငယ်များမှာ ညနေဆည်းဆာကောင်းကင်ကို နောက်ခံထားကာ ပျံသန်းအစာရှာနေကြသည်။ မြားအစင်းပေါင်းများစွာ ပစ်လွှတ်ခံရသလို တောင်မြောက်ဝဲယာ ကူးခတ်ကာ ပိုးကောင်လေးများကို ဖမ်းယူနေကြသည်။
"မင်း ယုံမလားတော့မသိဘူး.. နေရှင်းခ ထားသွားခဲ့တာ သတိုးမဟုတ်ဘဲ ငါ ကိုယ်တိုင် ချန်ထားခံရသလို ငါ အခု ခံစားနေရတာ.. သတိုးနဲ့ မျက်နှာချင်းဆိုင်ရတိုင်း ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး စကားပြောရတာ အရမ်းပင်ပန်းတယ်.. သူ ကိုယ်တိုင် ဟန်ဆောင်မြိုသိပ်နေမှန်းသိလို့လည်း ငါ ဒေါသတကြီး ပေါက်ကွဲလိုက်ချင်တယ်.. ငါ အရမ်းခံရခက်နေတာ.. မင်းပါ ငါ့အနားက ပျောက်မသွားစမ်းပါနဲ့ ရဲသွေးရာ.. မင်းရဲ့ ကဗျာတွေကို ငါ ဆက်ဖတ်ချင်သေးတယ်.."
ထက်ဝေယံ စကားဆုံးသည်နှင့် ရဲသွေးငယ် သူ့ကိုလှမ်းဖက်သည်။ လည်ပင်းကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဖက်ခြင်းဖြစ်သည်။ ရှိုက်သံမထွက်ပေမယ့် ဒီကောင်လေး မျက်ရည်ကျနေမှန်း သူ သိသည်။ လက်ထဲမှ မီးမသေသေးသည့် စီးကရက်ကြောင့်လား၊ စူးအောင့်လာနေသော မျက်လုံးများကြောင့်လားတော့မသိ။
သူ့ရင်ခွင်ထဲမှာ မျက်ရည်ကျနေသော ကောင်လေးကို ထက်ဝေယံ ပြန်လည်မပွေ့ဖက်ရဲ။
နောက်ပြီး သူ ရင်ဖွင့်ခဲ့သည်မှာ ရဲသွေးငယ် သူ့ကိုနှစ်သိမ့်လိုက်လေမည်လားဟူသည့် မျှော်လင့်ချက်ပါးပါး ပါခဲ့သည်။ သူက ပြန်လည်နှစ်သိမ့်ပေးဖို့ကို မပြင်ဆင်ထားမိခဲ့။
....................................................
....................................................