အခန်းထဲသို့ လှမ်းဝင်လာသည့် သတိုးကိုတွေ့သည်နှင့် နေရှင်းခ ပြုံးလိုက်သည်။
"မင်း ပြန်လာပြီလား.. ငါက ကြာဦးမယ်ထင်နေတာ..."
"မင်းဖုန်းရတာနဲ့ တစ်ခါတည်း တန်းလာတာ..."
ဟုတ်သည်။ နေရှင်းခ သတိုးကို ဖုန်းဆက်ခေါ်ခဲ့သည်။ သာမာန်ဆိုလျှင် သတိုး ကျောင်းချိန်မှာ သူ ဖုန်းဆက်လေ့မရှိ။ ဒါပေမယ့် ဒီနေ့တော့ ဖုန်းဆက်ကာ တခြားဘယ်နေရာမှ ၀င်မနေဘဲ အိမ်ကို ပြန်လာခဲ့ပါဟု ခေါ်ဖြစ်ခဲ့သည်။
"ဘာဖြစ်လို့လဲ ရှင်းခ.."
သတိုး ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်ပစ်ချရင်း သူရှိရာတစ်ချက်လှမ်းကြည့်သည်။ သတိုး၏ ရှေ့ဆံပင်များက နဖူးတ၀က်ကိုပင် ဖုံးချင်လောက်အောင် ရှည်နေပြီဖြစ်သည်။ လက်မှာပတ်ထားသော နာရီအနက်ကို ချွတ်ပြီး ကုတင်ဘေးမှ စားပွဲပေါ်လှမ်းတင်လိုက်သည်။
"ဒီနေ့ညစာကို အပြင်မှာ သွားစားရအောင် သတိုး..."
"ဘာဖြစ်လို့လဲ.. မင်း မချက်ချင်ရင် ငါ ချက်ပေးမယ်လေ...."
သတိုး တီရှပ်အကျီင်္ကို ခေါင်းမှမချွတ်ပြီး ကုတင်ပေါ်ပစ်တင်သည်။ ဆံပင်များကို ထိုးဖွပြီး ချွေးများဖြင့် စိုနေသော ခေါင်းကို ခါလိုက်သည်။
"တစ်ခါတစ်လေပဲကွာ..ဆိုင်မှာပဲ သွားစားရအောင်.."
"အေးပါ.. ဒါဆိုလည်းပြီးရော.. ခဏတော့ စောင့်ဦး.. ငါ ရေချိုးလိုက်ဦးမယ်.."
သတိုး ရေချိုးခန်းဝင်သွားသည်နှင့် နေရှင်းခ ပိတ်စဖြင့်ပြုလုပ်ထားသော အ၀တ်ဗီရိုငယ်၏ ဇစ်ကိုဖွင့်ကာ သတိုးဝတ်ရန် ရှပ်လက်ပြတ်တစ်ထည်ကို ရွေးထုတ်လိုက်သည်။ ဖြောင့်စင်းနေအောင် သူ မနေ့ကပင် မီးပူတိုက်ထားသော အကျီင်္ဖြစ်သည်။ မီးပူတိုက်စဉ်က သတိထားမိသည့်အတိုင်း အကျီင်္ရင်ဘတ်မှ ကြယ်သီးတစ်လုံးမှာ ပြုတ်တော့မည့်ဆဲဆဲ တည်းတည်းလေးသာ ကျန်တော့သည်။
စားပွဲအံဆွဲထဲမှ အပ်နှင့် အပ်ချည်ကိုထုတ်ကာ ကုတင်ပေါ် နေရှင်းခ ထိုင်လိုက်သည်။ အပ်ပေါက်ထဲသို့ အပ်ချည်တိုးဝင်သွားသည်နှင့် ကတ်ကြေးဖြင့်ကိုက်ကာ အပ်ချည်ကြိုးကို အနားလုံးလိုက်သည်။ နောက်မှ ကြယ်သီးအလယ်ပေါက်ထဲ ငွေရောင်လဲ့နေသော အပ်ကို ထိုးသွင်းလိုက်သည်။ တစ်ချက်၊ နှစ်ချက်။ ကြယ်သီးပေါက်ထဲတွင် ခေါက်တုံ့ခေါက်ပြန် တိုးဝင်နေသော အပ်ကလေးသည် ညီညာသော ချည်ကြိုးခြေရာများကို ထားရစ်ခဲ့နေသည်။
လောကတွင် အလှမျိုးစုံရှိသည်။
သဘာဝအလှ..
ရုပ်ဝတ္တုအလှ..
မွမ်းမံပြင်ဆင်ထားသောအလှ..
ရေချိုးခန်းထဲမှ ထွက်လာသော သတိုးအတွက်တော့ လက်ရှိအချိန်ကာလသည် လှပလွန်းသော အခိုက်အတန့်ဖြစ်သည်။ သူ့အကျီင်္မှ ကြယ်သီးကိုတပ်ပေးနေသော နေရှင်းခ၏ ပုံရိပ်သည် သူ့ဦးနှောက်မှာ တစ်သက်တာအတွက် ပုံထင်ကျန်နေတော့မည်ဆိုတာ သတိုးသိသည်။
"ရှင်းရာ.. ထားလိုက်စမ်းပါ.. ငါ တခြားအကျီင်္ဝတ်သွားလဲ ရတာပဲ.."
"ပြီးပါပြီကွာ.. ငါ မချုပ်ပေးရင် မင်းဘာသာဆို ဘယ်တော့မှ ချုပ်မှာမှမဟုတ်တာ..."
အပ်နှင့် အပ်ချည်ကို နေရှင်းခ စားပွဲအံဆွဲထဲသို့ စနစ်တကျ ပြန်ထည့်ကာ အကျီင်္ကို သတိုးကို ကမ်းပေးလိုက်သည်။ သူ ကိုယ်တိုင်ကတော့ အဆင်သင့်ဖြစ်နေပြီမို့ အကျီင်္လဲစရာမလို။ ရေစိုနေသော သတိုးမျက်နှာကို တစ်ချက်လှမ်းကြည့်ပြီး ပြုံးသည်။
"မင်း မျက်နှာသုတ်ဖို့ကို အပျင်းထူတုန်းပဲလား သတိုး.. ကလေးလည်း မဟုတ်တော့ဘူး.."
သတိုးဆိုသည်မှာ ငယ်စဉ်ကတည်းက မျက်နှာသစ်ပြီးလျှင် ရေကို ဘယ်တော့မှမသုတ်။ ရေချိုးခန်းထဲမှ ဒီအတိုင်း ထွက်လာတတ်သည်။ အကျီင်္လက်မောင်း၊ လက်ဖျံ၊ ခေါင်းအုံးတို့ကို မျက်နှာသုတ်ပုဝါနေရာမှာ အစားမထိုးဘူးဆိုလျှင် ဒီအတိုင်း ခြောက်သွေ့သွားသည်ကိုသာ စောင့်နေတတ်သည်လေ။
နေရှင်းခ ကားကိုမောင်းထွက်လာချိန်သည် မှောင်ရိပ်မသန်းသေး။ လင်းပျပျ ရှိနေသေးသည်။ အလုပ်ဆင်းချိန်၊ အိမ်ပြန်ချိန်မို့ လမ်းသွားလမ်းလာများနှင့် လှုပ်ရှားသက်ဝင်နေသော ညနေခင်းတစ်ခုဖြစ်သည်။
"သင်္ကြန် ရောက်ဖို့ လိုသေးပေမယ့် ငါကတော့ ခရစ်စမတ်ပြီးတာနဲ့ သင်္ကြန်ရောက်တော့မယ်လို့ပဲ ထင်နေတာပဲ.."
နေရှင်းခ ပြောတော့ သတိုး ခေါင်းညိတ်သည်။ ကားလမ်းဘေးကို ငေးကြည့်နေရာမှ သူရှိရာ လှည့်ကြည့်သည်။
"ငါတို့နေခဲ့တဲ့ ၀န်ထမ်းအိမ်ရာက ပိတောက်ပင်ကြီးကို မင်း မှတ်မိသေးလား သတိုး.."
"အင်း.. အဲဒီ့အပင်ကြီးက တကယ်လှတာနော်.. ဗဟန်းအိမ်က ပိတောက်ပင်ထက် သက်တမ်းပိုရင့်မယ်ထင်တယ်... သူက ပွင့်လိုက်ရင်လည်း ပင်လုံးကျွတ်ပဲ.. အရမ်းလှတာ....ယမုံတောင်.."
သတိုး စကားကိုရပ်သည်။ နောက်မှ ရယ်သံတစ်ချို့နှင့် မင်းကို ငါ ဓါတ်ပုံရိုက်ကွင်းက အကြောင်းတွေ မပြောရသေးဘူးဟု ပြောလာသည်။ သတိုးပြောလာသည့် ရိုက်ကွင်းအကြောင်းများကို နေရှင်းခ ကြားတစ်ချက်၊ မကြားတစ်ချက်။
သူ မြင်နေသည်မှာ ပိတောက်ပွင့်များဖြင့် ပက်ကြဲထားသော မြက်ခင်းပြင်။
ထိုမြက်ခင်းပြင်ထက်မှ မျက်မှန်ဝိုင်းလေးဖြင့် ချစ်စရာကောင်လေးတစ်ယောက်။
သူ့လက်မောင်းကို ကိုင်ထားသည်။
နှုတ်ခမ်းများက ပြုံးနေသည်။
"ငါဖြင့် ခေါင်းတွေကို နောက်နေတာပဲ ရှင်း ရာ.. တကယ်ပြောတာ.. ကိုလေးနဲ့တော့ မလွယ်ဘူး.."
"ဟုတ်လား.."
သတိုး၏ နောက်ဆုံးစကားကိုသာ သူ ကြားသည်မို့ ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
စားသောက်ဆိုင်သည် လူ မများလှ။ ထည်ဝါခမ်းနားမှုကတော့ တောက်ပနေသော မီးရောင်များနှင့် ခန့်ညားသော အပြင်အဆင်များကြောင့် သိသာလွန်းလှသည်။ စားသောက်ဆိုင်ထောင့်တွင် စင်မြင့်တစ်ခုရှိပြီး တီးဝိုင်းမှ ငြိမ့်ငြောင်းသော သံစဉ်များ တီးခတ်နေသည်။ သီဆိုဖျော်ဖြေနေသူ ချစ်စရာ အမျိုးသမီးငယ်မှာ အနီရောင်ဝမ်းဆက် ဂါဝန်လေးနှင့် မြူးကြွစွာ သီချင်းဆိုနေသည်။
ထောင့် စားပွဲဝိုင်းတစ်ခုမှာ ထိုင်ပြီးမှ နေရှင်းခ menu ကတ်ကို လှမ်းယူလိုက်သည်။
"မင်းအတွက် ငါပဲ မှာပေးမယ် သတိုး.."
"အေးပါ.. မင်းက ငါ့အကြိုက်ကို ငါ့ထက်ပိုသိတာပဲ.."
သတိုး လက်မောင်းနှစ်ခုကိုချိတ်ကာ ခေါင်းတင်ရင်း ခပ်ပြုံးပြုံးပြောသည်။ သူရှိရာ စူးစိုက်ကြည့်နေသော သတိုး၏ မျက်လုံးများက အဖိုးတန် ကျောက်နှစ်ခုလို တောက်ပြောင်နေသည်။ ပျောက်ထွက်သွားမည်ကို စိုးရိမ်သည့်အလား စိုက်ကြည့်နေသော သတိုးမျက်လုံးများကြောင့် နေရှင်းခ မှာရသည်မှာပင် အမှားမှားအယွင်းယွင်းတွေ ဖြစ်ကုန်သည်။
"မင်း ငါ့ကို မမြင်ဘူးလို့လား သတိုး.."
စားပွဲထိုးကောင်လေး မြင်ကွင်းမှ ပျောက်သည်နှင့် နေရှင်းခ မနေနိုင်စွာ မေးရသည်။
"မင်း အရမ်းချောတယ် ရှင်းရာ.."
သတိုးအဖြေကြောင့် နေရှင်းခ ပြုံးသည်။ သူ ချောသည်တဲ့လား။
"ဒါပဲလား.... တခြား အတွေးတွေရော မ၀င်ဘူးလား..."
"မင်းစကားက ဘာလဲ ရှင်းရ.."
နေရှင်းခ သူ့ရှေ့မှ ရေပုလင်းထဲမှ ရေအေးကို ဖန်ခွက်တစ်ခွက်တွင်ထည့်ကာ သတိုးရှေ့သို့ တိုးပေးသည်။ သူ ကိုယ်တိုင်အတွက်လည်း နောက်ဖန်ခွက်အလွတ်ထဲ ရေအပြည့်ထည့်သည်။
"သတိုး.. ဒီ ည ငါ မင်းကို ခွင့်ပြုတယ်...."
သတိုး၏ နှုတ်ခမ်းနားရောက်နေသော ဖန်ခွက်မှာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။ သူ့ကို လှမ်းကြည့်သော မျက်လုံးများထဲမှ လျှံတက်လာသော မျက်ရည်စ တစ်ချို့။ ပြီးမှ ဟက်ခနဲ ရယ်ကာ ဖန်ခွက်တစ်ခုလုံးကုန်အောင် မော့သောက်လိုက်သည်။
"မင်း ဘာတွေ ပြောနေတာလဲ ရှင်း..."
"ဒီည မင်း စိတ်တိုင်းကျ ငါ အားလုံး လိုက်လျောပေးမယ် ပြောတာ.."
သတိုး မျက်စိများကို စက္ကန့်အတန်ကြာအောင် မှိတ်ထားသည်။ ပြီးမှ ရယ်ပြီး မတ်တပ်ထရပ်သည်။
"အေး.. မင်း ပြောတာနော်.. ပြီးမှ ပြန်ပြင်ချင်တယ်ဆို မရဘူး.."
"ဘယ်သွားမလို့လဲ...."
"မင်းမှာတဲ့ထဲမှာ ဘီယာမပါဘူး မဟုတ်လား.. ငါ သွားမှာလိုက်ဦးမယ်.. မင်း ပြောတဲ့အတိုင်းဆို ဒီည ငါ့အတွက်တော့ ပွဲကြီး ပွဲကောင်းပဲ.."
သတိုး လှမ်းထွက်သွားမှ နေရှင်းခ ထိုင်ခုံကို တင်းကြပ်စွာ ဆုပ်ထားသော လက်များကို ဖြေလိုက်သည်။ ကျင်တက်နေသော လက်များက သွေးမလျှောက်တော့သလို ထုံခဲနေသည်။ လှုပ်ရှားနေသော စိတ်များက အစိုးမရ။ တုန်လှုပ်မောဟိုက်နေသော နှလုံးသားက ခံနိုင်ရည်ကုန်ဆုံးနေပြီဆိုတာကို မီးနီပြနေသည်။
သူ ဘယ်လို ရှေ့ဆက်ပြီး ဟန်ဆောင်ရမှာလဲ။
"ဒီသီချင်းကို ကျွန်တော်အချစ်ရဆုံး ချစ်သူအတွက် သီဆိုပါရစေ.."
စကားပြောမိုက်ခွက်ထဲမှ ထွက်ပေါ်လာသော သတိုး၏ အသံကြောင့် စင်မြင့်ပေါ်သို့ နေရှင်းခ တအံ့တသြ လှည့်ကြည့်လိုက်သည်။ တီးဝိုင်းရှိ ကီးဘုတ်တီးသူနေရာမှာ ရောက်ရှိနေရာယူထားသော သတိုး။ မျက်လုံးများက ပြုံးနေသည်။
သေချာနားထောင်နော်...
ပါးစပ်လှုပ်ရုံ အသံမထွက်ဘဲ သတိုး ပြောချင်းဖြစ်သည်။ ဒါပေမယ့် တစ်လုံးစီကို နေရှင်းခ သူ့နားထဲမှာ လာပြောနေသလို ကြားနေရသည်။
John Legend ၏ all of me သီချင်းသံ...
သတိုးအသံနှင့် လိုက်ဖက်လွန်းသလို လှပလွန်းသော သီချင်းတစ်ပုဒ်..
ခံစားချက်အပြည့်နှင့် သီချင်းဆိုနေသော သူ့ရှေ့မှ သတိုး၏ ပုံရိပ်မှလွဲ၍ နေရှင်းခ အရာအားလုံးကို ခေတ္တခဏမျှ မေ့လျော့သွားခဲ့သည်။
.................................................................
..................................................................
"ရှင်း..."
သတိုး၏ ခေါ်သံ သဲ့သဲ့ကို အိပ်မက်တစ်ခုထဲကလို နေရှင်းခ ကြားနေရသည်။ ဒါပေမယ့် ဒါဟာ အိပ်မက်မဟုတ်။ တကယ့်ဘ၀။ သတိုး၏ ကိုယ်ငွေ့သည် သူ့ကိုယ်ပေါ်မှာရှိနေသည်။ သင်းသင်းမွှေးသော ရေမွှေးနံ့နှင့်ရောသည့် ကိုယ်သင်းနံ့သည် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။
"ငါ ဒီမှာ ရှင်း.. တခြား ဘာမှ မစဉ်းစားပါနဲ့လား..."
သတိုး၏အပြောကို နေရှင်းခ ခေါင်းညိတ်ကာ သူ့အာရုံများကို ပြန်လည်စုစည်းရန် ကြိုးစားမိသည်။ သူ့ကိုယ်ခန္ဓာအနှံ့မှ သတိုး၏ နှုတ်ခမ်းပါးများနှင့် အနမ်းများကိုလည်းကောင်း၊ သတိုး၏ လက်ဖ၀ါးအောက်မှ နွေးရုံနွေးသော ထိတွေ့မှုများကိုလည်းကောင်း သူ ပြန်လည် သတိထားမိချိန် အိပ်မက် ကမ္ဘာတစ်ခုထက်လှသော ကမ္ဘာသစ်တစ်ခုထဲမှာ သူတို့နှစ်ယောက်သာ ရှိသည်။
သက်ငွေ့ပြင်းပြင်း..
နွေးထွေးမှုတစ်ခု..
လှိုက်မောခြင်းများနှင့်အတူ သတိုးခေါ်ဆောင်ရာနောက် သူ ထပ်ကြပ်မခွာ လိုက်ပါလာခဲ့သည်။
"ချစ်တယ် ရှင်းရာ..."
နား နားကပ်ကာ တိုးတိုးလေးပြောသော သတိုးအသံမှာ ငိုသံစွက်နေသည်။
သူ့ နဖူးပြင်ထက်မှာ..
သူ့ ပါးပြင်ပေါ်မှာ..
သူ့လည်တိုင်တွေမှာ...
နေရာတိုင်းမှာ သတိုး၏အနမ်းများရှိနေသည်။
အသက်ရှူသံများ ပြန်လည်တိုးတိတ် ငြိမ်သက်ချိန်မှာ သတိုး၏ ရင်ခွင်ထဲ နေရှင်းခ ခေါင်းတိုးဝင်ကာ သတိုးကို တင်းကြပ်စွာ ဖက်တွယ်ထားမိသည်။
"မင်း ကျေနပ်ရဲ့လား သတိုး..."
သူ့ဆံပင်များနှင့် ထိနေသော သတိုးပါးပြင်၏ ရွေ့လျားမှုတစ်ခုကြောင့် သတိုး ခေါင်းညိတ်သည်ထင်သည်။
စူးအောင့်နေသော ရင်ခွင်ကြောင့် နေရှင်းခ မျက်ရည်စများကို ထိန်းမရတော့။
သတိုး၏ ရင်ခွင်ထဲမှာ အသံတိတ် ငိုနေမိပြီဖြစ်သည်။
"ရှင်း.. မင်း ငါ့ကို စိတ်ဆိုးသွားပြီလား.."
"ဟင့်အင်း.. မဟုတ်ဘူး.. ငါ.. ငါလေ.. အရမ်းနောင်တရနေတာ.. မင်းကို အစောကြီးကတည်းက ခွင့်ပြုခဲ့ရမှာ.. မင်း စိတ်တိုင်းကျ အကြိမ်ပေါင်းများစွာ ငါ လိုက်လျောပေးခဲ့ရမှာ.."
နေရှင်းခ ကူကယ်ရာမဲ့သူတစ်ယောက်လို သူ့ကို ပွေ့ဖက်ထားသော သတိုးကိုသာ အားကိုးတကြီး တိုးဖက်မိသည်။ သတိုး သူ့ဆံပင်များကို ညင်သာစွာ သပ်ပေးသည်။ နောက်မှ ကျောကို ကလေးတစ်ယောက်လို ပွတ်သပ်ပေးလာသည်။
"ငါ အဆင်ပြေမှာပါ ရှင်းရာ... နော်.. မင်း ငါ့အတွက် ဘာမှစိတ်မပူစမ်းပါနဲ့..."
သတိုး အသံတွေ ကွဲအက်နေသည်။
အဆင်ပြေမှာပါတဲ့လား သတိုး..
မင်း သိနေခဲ့တာလား..
ငါ မင်းကို အမြဲတမ်းအတွက် နှုတ်ဆက်နေတယ်ဆိုတာကို မင်း သိနေတာလား သတိုး..
နေရှင်းခ ရှိုက်သံတွေ ထိန်းမရချင်တော့။ ကျောတစ်ခုလုံး တသိမ့်သိမ့်တုန်အောင် သူ ငိုနေမိသည်။
"အိပ်ပါတော့ ရှင်းလေးရာ.. ငါ တောင်းပန်ပါတယ်.. ငါ့ကိုချစ်ရင် ဘာမှ မစဉ်းစားပါနဲ့တော့လား.."
အနှစ်သက်ဆုံး ကစားစရာတစ်ခု ပျောက်ဆုံးသွားသည့် ကလေးတစ်ယောက်ကို ချော့နေသလို သတိုး သူ့ကို ချော့သိပ်နေသည်။ ခပ်မှန်မှန်ပွတ်သပ်ပေးနေသော သတိုး၏ လက်ဖ၀ါးမှ အနွေးဓါတ်ကို ကြိုးစားအာရုံပြုရင်း တစ်စစီဆုတ်ဖြဲခံနေရသော နှလုံးသားမှ နာကျင်မှုကို လျစ်လျူရှုဖို့ ကြိုးစားနေရသည်။
အချိန်တွေ ဘယ်လောက်ကြာခဲ့ပြီမသိ။
ခပ်သဲ့သဲ့ ရောင်ခြည်တစ်ချို့ ပြတင်းတံခါးမှ တိုးဝင်လာခဲ့ပြီဖြစ်သည်။
ရင်ခွင်နွေးတစ်ခုကို သူ နှုတ်ဆက်ရတော့မည်။
နေရှင်းခ သတိုးရင်ခွင်ထဲမှ ထကာ အိပ်ပျော်နေသော သတိုးမျက်နှာကို နောက်ဆုံးအကြိမ် စူးနစ်စွာ စိုက်ကြည့်မိသည်။ စင်းနေသော မျက်တောင်များ၊ ခပ်ဟဟနှုတ်ခမ်းများနှင့် ငြိမ်းချမ်းစွာအိပ်ပျော်နေသော သတိုးကို သူ အမြဲတမ်းအတွက် နှုတ်ဆက်ရတော့မည်ဖြစ်သည်။
အိပ်ချင်ယောင်ဆောင်သူကို နှိုးရခက်သည်တဲ့။
သတိုး အိပ်ချင်ယောင်ဆောင်နေတာ...
သူ သိတာပေါ့...
မျက်ရည်များနှင့် စိုနေသော မျက်တောင်စင်းများအောက်က မျက်လုံးအိမ်ဟာ ငြိမ်သက်နေတာမှ မဟုတ်တာ။
သူ ထွက်သွားရ လွယ်ကူအောင် အိပ်ချင်ယောင်ဆောင်ပေးနေသည့် ကောင်လေးကို နေရှင်းခ ကိုင်လှုပ်ပစ်ချင်သည်။ စိတ်ရှိလက်ရှိ အော်ပစ်လိုက်ချင်သည်။
တားလိုက်ပါလား သတိုးရာ..
ငါ့ကို မသွားပါနဲ့လို့ မင်း တားလိုက်စမ်းပါလား..
နောက်ဆုံးအနမ်းတစ်ခုကို နေရှင်းခ မပေးရက်နိုင်။ ကျိုးပဲ့နေသော နှလုံးသား အပိုင်းအစတွေကို သတိုးနှင့်အတူ ထားရစ်ရင်း ရင်ခွင်ငွေ့များဖြင့် နွေးထွေးသောအခန်းငယ်ကို သူ ကျောခိုင်း ထွက်ခွာလာခဲ့သည်။
...................................................
...................................................