"သားရေ...."
"လာပြီ... မေမေ..."
လှေကားထစ်များကို တစ်ထစ်ကျော်ဆင်းရင်း နေရှင်းခ ဧည့်ခန်းရှိရာသို့ ဆင်းလာခဲ့သည်။
နေရှင်းခ၏အခန်းသည် နှစ်ထပ်အိမ်ကြီး၏အပေါ်ထပ်ရှိ အိပ်ခန်းနှစ်ခန်းအနက်မှ လှေကားနားကပ်နေသော အိပ်ခန်းဖြစ်သည်။
သူ့အခန်းနှင့်ကပ်ရပ်အိပ်ခန်းကတော့ တစ်ခါတစ်ရံ ညအိပ်ညနေလာသော ဧည့်သည်များအတွက် သီးသန့်ဖြစ်ပြီး များသောအားဖြင့် မည်သူမျှရှိမနေ။ ထိုအိပ်ခန်းနှစ်ခုကြားမှ ရေချိုးခန်းအိမ်သာတွဲရက်ရှိကာ အိပ်ခန်းနှစ်ခန်းစလုံးမှ ၀င်ရောက်နိုင်သည်။
နေရှင်းခမိခင်နှင့်အဖွားကတော့ လှေကားမတက်ချင်ဆိုကာ အောက်ထပ်ရှိအိပ်ခန်းနှစ်ခုတွင် တစ်ယောက်တစ်ခန်းစီယူထားကြသည်။
ဧည့်ခန်းအလယ်တွင် ကျွန်းပါကေးနှင့်လိုက်ဖက်အောင်၊ သစ်လုံးအလုံးမပျက်အောင် ပုံဖော်ဖွဲ့ထားသော ကျွန်းသားစားပွဲပုလေး ရှိနေသည်။
အဖြူရောင်သစ်ခွပန်းများ လှပစွာ ပွင့်ဖူးနေသော ပန်းအိုးငယ်တစ်ခုကို စားပွဲပုပေါ်တွင် ကဗျာဆန်စွာချထားသည်။ စိမ်းလွင်သော သစ်ခွရွက်သုံးရွက်မှာ ပန်းခက်အောက်ခြေတွင် ရေပန်းတစ်ခုပမာ ဖြာကျနေသည်။
စားပွဲပုနောက်တွင် သုံးယောက်ထိုင် အဖြူရောင် ဆိုဖာသားရေထိုင်ခုံရှိနေပြီး ထိုဆိုဖာထက်နံရံတွင် လက်ရာမြောက်စွာ ရေးဆွဲထားသော တောအုပ်နောက်ခံ သစ်ဆွဲနေသော ဆင်ကြီးနှင့် ဆင်ထိန်းတို့၏ ပန်းချီကားချပ် ရှိနေသည်။
"လာ သား... ဘယ်သူတွေလာလည်လဲ ကြည့်စမ်းပါဦး...."
စားပွဲငယ်၏ တစ်ဖက်တစ်ချက်တွင်မူ တစ်ယောက်ထိုင် သားရေဆိုဖာခုံနှစ်ခုံရှိနေကာ တစ်ခုံတွင် နေရှင်းခ၏ မိခင်ဖြစ်သူ ဒေါ်မေချို ထိုင်နေသည်။ နှစ်ယောက်ထိုင် ဆိုဖာပေါ်တွင်မူ ဒေါ်မေချိုနှင့် ရွယ်တူဖြစ်ဟန်တူသော အမျိုးသမီးတစ်ဦးနှင့် ကောင်လေးတစ်ယောက်။
ဖြောင့်စင်းသော အနက်ရောင်ဆံပင်များနှင့်ကောင်လေးသည် ပိန်လွန်းလှသည်ကို နေရှင်းခ ချက်ချင်းလိုလို သတိထားမိလိုက်သည်။ ဖြူဖွေးသောအသားအရောင်ကြောင့် ရောဂါသည်တစ်ယောက်လို နုဖတ်နေသည်။ ဒါပေမယ့် မျက်နှာကို နေရှင်းခ မမြင်နိုင်အောင် မိခင်ဖြစ်ဟန်တူသော အဒေါ်ကြီး၏ပခုံးနောက် တိုးဖွက်ထားသည်။
"အန်တီ့ကို သားမှတ်မိလား ရှင်းခ..."
မိခင်ဖြစ်သူနှင့် မျက်နှာချင်းဆိုင် ခုံလွတ်တွင်ဝင်ထိုင်ရင်း သူ့ကိုပြုံးကြည့်နေသည့် ချောမောသော အမျိုးသမီးကို နေရှင်းခ လှမ်းကြည့်မိလိုက်သည်။ ရင်းနှီးသောမျက်နှာတစ်ခုဖြစ်နေသော်လည်း ဘယ်နေရာမှာတွေ့ခဲ့သည်ကို သူ မမှတ်မိ။ေ၀၀ါးအားနာစွာ ခေါင်းခါပြရင်း အဒေါ်ကြီးဘေးနားမှ ပိန်လှီသောကောင်လေးကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။
မိခင်ဖြစ်သူ၏ လက်မောင်းနောက်မှာကွယ်နေသော ကောင်လေးသည် မျက်မှန်တစ်ဖက် ပေါ်ရုံလေးသာ သူ့ကိုချောင်းကြည့်လာချိန်တွင်တော့ နေရှင်းခမျက်ခုံးနှစ်ဖက်စလုံး မြင့်တက်သွားခဲ့သည်။
"သတိုး...."
နေရှင်းခ၏ ခေါ်သံနောက်မှာတော့ ဒေါ်ဟေမာရော ဒေါ်မေချိုပါ ပြိုင်တူရယ်လိုက်ကြသည်။
"ကြည့်စမ်းပါဦး.. အစ်မသားက ကျွန်မကိုသာ မမှတ်မိတာ... သတိုးကိုတော့ မှတ်မိတုန်းပဲ..."
"မမှတ်မိဘဲနေမလားဟေမာရယ်.. မွေးကတည်းက သူပဲထိန်းလာခဲ့တာ......"
မိခင်နှစ်ယောက်မှာ ၀မ်းသာအားရ ပြောနေကြသော်လည်း အခုအချိန်အထိ မိခင်ဖြစ်သူလက်နောက်မှ သူ့မျက်နှာကို သတိုးမထုတ်သေး။ နေရှင်းခကို မျက်မှန်များအောက်မှ မျက်လုံးသွယ်များနှင့် ချောင်းကြည့်နေဆဲဖြစ်သည်။
"အန်တီတို့ ရန်ကုန်ပြန်ရောက်နေပြီလား.."
"ဟုတ်တယ် သား.. သိပ်တော့မကြာသေးဘူး..."
"သတိုး... မင်း ငါ့ကိုမမှတ်မိတော့ဘူးလား..."
နေရှင်းခက အပြုံးတစ်ခုနှင့်မေးလိုက်ပေမယ့် သတိုးမဖြေ။ သူ့ကို စူးစိုက်ကြည့်နေသည်မှာ တစ်ခါမှမမြင်ဖူးခဲ့သလို။
"သတိုးကရှက်နေတာ သားရဲ့.. အခုတောင်မလိုက်ချင်ဘူးဆိုလို့ အတင်းဆွဲခေါ်လာရတာ..."
ဒေါ်ဟေမာက နေရှင်းခကို ခပ်ပြုံးပြုံးပြောရင်း သူ့လက်နောက်မှ သတိုးကို ဆွဲထုတ်ရန်ကြိုးစားလာသည်။
ဒါပေမယ့် သတိုးက ခြေသံကြား၍ သဲကျင်းထဲဝင်ပြေးပုန်းသော ပုစွန်လုံးငယ်တစ်ကောင်လို တစ်ကိုယ်လုံးကြုံ့ကာ မိခင်နောက်သို့ တိုးဝင်သွားခဲ့သည်။ နဂိုတည်းကမှ ပိန်သူဖြစ်၍ သိပ်ကြိုးစားစရာမလိုဘဲ တစ်ကိုယ်လုံး ပျောက်ကွယ်သွားမလိုပင် ထင်လိုက်ရသည်။
"ဟေမာတို့ ရန်ကုန်ပြန်ရောက်တာ ဘယ်လောက်ကြာပြီလဲ...."
"သိပ်တော့မကြာသေးပါဘူး.. မမရယ်.. လပိုင်းလောက်ပဲ ရှိသေးတယ်..."
"ဒါနဲ့တောင် မမတို့ကို ချက်ချင်းလာမတွေ့ဘူးဟေမာရယ်.. နေနိုင်လိုက်တာ..."
"လာချင်ပါတယ် မမရယ်.. သတိုးအဖေအလုပ်ပြုတ်ရလို့ စိတ်ညစ်ရသလို တခြားတခြားပြဿ နာလေးတွေရှိနေလို့ လာချင်ရဲ့သားနဲ့ကို မလာရတာပါ..."
"သတိုးအဖေ အလုပ်ပြုတ်သွားတယ်.. ဟုတ်လားဟေမာ..."
"ဟုတ်တယ် မမ.. ဟေမာ မမကိုပြောစရာတွေ အများကြီးရှိတယ်..."
ခပ်တိုးတိုး အသံဖြင့်ပြောလာကာ နေရှင်းခနှင့်သတိုးကို လှမ်းကြည့်လာသော ဒေါ်ဟေမာကြောင့် ဒေါ်မေချိုအလိုက်သိစွာ နေရှင်းခကို လှမ်းပြောလာသည်။
"သား.. သတိုးကို ခြံထဲလိုက်ပြလိုက်ပါလား... အိမ်ထဲမှာပျင်းနေမှာပေါ့..."
"လာ သတိုး.. မင်းကြိုက်တဲ့မာလကာသီးတွေ အများကြီးသီးနေတယ်.. စားမလား..."
နေရှင်းခ မတ်တပ်ရပ်ကာ သတိုးကို လက်ကမ်းပေးလာပေမယ့် သတိုးမယူ။ ခေါင်းကိုခပ်သွက်သွက်ခါကာ မိခင်လက်မောင်းကိုသာတိုး၍ ဆုပ်ကိုင်ထားသည်။
သတိုး၏ ဂျစ်ကျကျအမူအရာကို စိတ်ဆိုးဟန်လုံးလုံးမရှိပဲ စိတ်ရှည်စွာပြုံးလိုက်သော နေရှင်းခကိုလှမ်းကြည့်ကာ ဒေါ်ဟေမာပင် ချောလွန်းနိုင်သည့် ကောင်လေးဖြစ်သည်ကို အသိအမှတ်ပြုလိုက်ရသည်။
နေရှင်းခသည် အရွယ်နှင့်မလိုက်အောင် အရပ်မြင့်သည်။ ကိုယ်ခန္ဓာမှာ မြင့်မားသောအရပ်နှင့်လိုက်ကာ ဖွံ့ထွားသည်။ မည်းနက်ထူထဲသော မျဉ်းဖြောင့်တစ်ကြောင်းနှင့်တူသော မျက်ခုံးထူများအောက်မှ မျက်လုံးမှာ ခပ်စင်းစင်းဖြစ်သည်။
ဖြောင့်စင်းသောနှာတံအောက်မှ အညိုရောင်သန်းချင်သော နှုတ်ခမ်းနှင့် ပြောစရာတစ်ခုမှမရှိသော်လည်း ခပ်ညိုညိုအသားအရေကြောင့် ချက်ချင်းကြည့်လျှင် ကြည့်ကောင်းသည်ဟု ထင်ရုံလောက်သာ။
ဒါပေမယ့် နေရှင်းခပြုံးလိုက်လျှင်တော့ ထိုကြည့်ကောင်းသည်ဆိုသည့်အထင်မှ မျက်စိမလွှဲနိုင်လောက်သည်အထိ ဆွဲဆောင်နိုင်လွန်းလှသည်ပဲဖြစ်သည်။
"မမသားက သူ့အဖေအတိုင်းပဲနော်..."
နေရှင်းခ ဖခင်ဖြစ်သူကို ဒေါ်ဟေမာ မတွေ့ဖူးလိုက်။ ဒါပေမယ့် ဓါတ်ပုံများထဲမှ တည်ကြည်သော အကြည့်နှင့် ခိုင်မာသော မျက်လုံးများကို သူမ ကောင်းကောင်းသတိထားမိသည်။
"ဟုတ်တယ် ဟေမာ.. ကြီးလာလေ... သူ့အဖေရုပ်နဲ့ ပိုဆင်လေပဲ..."
"သွားလေ သတိုး.. မင်းအစ်ကိုနောက် လိုက်သွား.."
ဒေါ်ဟေမာ နောက်တစ်ကြိမ်တိုက်တွန်းပေမယ့် သတိုး နည်းနည်းမှ မလှုပ်။
နေရှင်းခ သတိုးရှေ့လျှောက်သွားကာ ဒူးကွေးထိုင်ချလိုက်သည်။
"ခြံထဲမသွားချင်ရင် ငါ့အခန်းကိုလိုက်ကြည့်ပါလား.. manga စာအုပ်တွေ အများကြီးရှိတယ်..."
စာအုပ်ဆိုသည့်အသံကိုကြားလိုက်သည်နှင့် သတိုး မျက်နှာတစ်ခြမ်းထွက်လာခဲ့သည်။
သတိုးစာမဖတ်တတ်ခင်ကတည်းက ကာတွန်းဂျာနယ်၊ ရွှေသွေးစာစောင်များကို နေရှင်းခဖတ်ပြခဲ့ဖူးသည်။
ဟိုတုန်းကတော့ သူ စာဖတ်ပြတိုင်း ကြမ်းပြင်ပေါ် မှောက်ကာ လက်နှစ်ဖက်ဖြင့် မေးကိုထောက်ကာ သတိုးနားထောင်တတ်သည်။ ငြိမ်ငြိမ်နားထောင်သည်တော့မဟုတ်။ ဒူးကိုကွေးကာ ခြေနှစ်ဖက်ကို ထောင်ပြီးမှ ကက်ကြေးကိုက်ပုံစံ ရှေ့နောက်ယိမ်းကာ နားထောင်ခြင်းမျိုးဖြစ်သည်။ သတိုးနှင့်ပတ်သက်လျှင် ဒီလိုအသေးစိတ်တွေကအစ နေရှင်းခ မှတ်မိနေသေးသည်။
"တခြား ကာတွန်းစာအုပ်တွေ ဂျာနယ်တွေလည်းရှိတယ်.. အများကြီးပဲ ကြည့်မှာလား.."
နောက်တစ်ကြိမ်မေးလာချိန်တွင်တော့ သတိုး ခေါင်းညိတ်လာသည်။
"လာလေ..."
ကမ်းပေးလာသော နေရှင်းခ၏လက်ကို မယုံသလို ခဏစိုက်ကြည့်ပြီးမှ သတိုးဆုပ်ကိုင်လာခဲ့သည်။
ပိန်လှီသောသတိုး၏ လက်ဖ၀ါးငယ်သည် နေရှင်းခလက်ထဲတွင် ပျောက်ကွယ်သွားနိုင်သည်ဟု ထင်ရလောက်အောင် သေးငယ်နေသည်။
"မေမေ မပြန်သေးဘူး မဟုတ်လား..."
သတိုး၏ မေးခွန်းကို ဒေါ်ဟေမာ အပြုံးနှင့် ခေါင်းကိုသွက်သွက်ခါလိုက်သည်။
"မပြန်သေးဘူး သား.. မေမေဒီမှာ မင်းအန်တီနဲ့ စကားပြောစရာတွေ အများကြီးရှိသေးတယ်.."
သတိုး နောက်ထပ်ဘာမှထပ်မပြောတော့။ နေရှင်းခ နောက်မှ လှေကားထစ်များအတိုင်း အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။
နေရှင်းခ၏အခန်းထဲရောက်သည်အထိ နှစ်ယောက်စလုံး စကားတစ်ခွန်းမှ မပြောမိကြ။
လူငယ်ယောက်ျားလေးတစ်ယောက်၏ အခန်းနှင့်မတူဘဲ နေရှင်းခ၏အခန်းသည် သပ်ရပ်သန့်ရှင်းလွန်းနေသည်။ စောင်များအိပ်ရာများမှာ စနစ်တကျခေါက်သိမ်းထားသလို အ၀တ်အစားများမှာလည်း သူ့နေရာနှင့်သူ စနစ်တကျချိတ်ဆွဲထားကာ ကြမ်းပြင်ပေါ်တစ်ခုမှရှိမနေ။
တကယ်တော့ နေရှင်းခ၏အခန်းသန့်ရှင်းမှုကို မည်သည့်အစေခံမှ လုပ်ပေးရသည်မဟုတ်။ မိခင်၏ကြပ်မတ်မှုအောက်တွင် သူ ကိုယ်တိုင် ယခုလိုနေတတ်နေခြင်းဖြစ်သည်။
ဘယ်အိမ်ဖော်ကောင်မလေးကိုမှ နေရှင်းခအခန်းထဲဝင်ခွင့်ကို ဒေါ်မေချိုမပေး။
နေရှင်းခ စကားတစ်ခွန်းမှ နှစ်ခွန်းပြောမိသော အိမ်ဖော်ကောင်မလေးများသည်လည်း သိပ်မကြာခင်မှာပင် အလုပ်ပြုတ်သွားတတ်သည်မို့ အားလုံးက ဒေါ်မေချိုကိုကြောက်ရသလို နေရှင်းခနှင့်လည်း ရင်းရင်းနှီးနှီးမဆက်ဆံရဲကြ။
ကျယ်ဝန်းသော အိမ်ကြီးဖြစ်သော်လည်း အိမ်ဖော်ကောင်မလေးနှင့် ထမင်းချက်အဒေါ်ကြီးအပါအ၀င် ခြံစောင့်ဦးလေးကြီးအားလုံးတို့ကို ခြံထောင့်ရှိအစေခံတန်းလျားတွင်သာ နေစေသည်။
အလုပ်ကိစ္စပြီးပြတ်သည်နှင့် မည်သည့်အစေခံကိုမျှ အိမ်ပေါ်တွင်ရှိမနေစေရဟု အမိန့်ထုတ်ထားသည်အထိ ဒေါ်မေချို တင်းကြပ်ထားသည်။ ရှုပ်ရှုပ်ရှက်ရှက်ဆိုလျှင် မကြိုက်သလို စည်းစနစ်ကြီးသော ဒေါ်မေချို၏ဒဏ်ကို ရောက်လာသမျှ အိမ်ဖော်ကောင်မလေးတွေ မခံနိုင်ကြ။ တစ်ယောက်လာလျှင် တစ်လပင် ခံသည်မရှိသောကြောင့် ရပ်ကွက်ထဲတွင် စိတ်ပြောင်းလွယ်သူများကို 'အပြောင်းအလဲ မြန်လိုက်တာ.. ဒေါ်မေချိုအိမ်က အိမ်ဖော်တွေကျနေတာပဲ' ဟု တင်စားပြောသည်အထိ စကားတွင်နေပြီဖြစ်သည်။
"ထိုင်ဦး သတိုး..."
နေရှင်းခ၏ စာကြည့်စားပွဲရှိ ထိုင်ခုံတွင် သတိုးကို ထိုင်ခိုင်းပြီး အုတ်နံရံကပ်စာအုပ်စင်ရှိ စာအုပ်များကြားတွင် နေရှင်းခ အလုပ်များနေသည်။
နေရှင်းခအခန်း၏ ရေချိုးခန်းနံရံနှင့် ကပ်လျှက်အခြမ်းမှာ တစ်ယောက်အိပ်ကုတင်တစ်လုံးရှိပြီး အခြားနံရံတစ်ခြမ်းတွင်မူ နံရံပြည့် စာအုပ်စင်ကြီးတစ်ခုရှိနေသည်။
ထိုစာအုပ်စင်ကို နေရှင်းခ ယခုအိမ်သို့ရောက်လာပြီးမှ မိခင်ဖြစ်သူကို အတင်းပူဆာလုပ်ခိုင်းထားခြင်းဖြစ်သည်။ နံရံတောက်လျှောက် အကန့်ပေါင်းများစွာ ဖြင့် ဖွဲ့စည်းထားသော စာအုပ်စင်တွင် ကျောင်းစာအုပ်များအပြင် နာမည်ကြီးစာရေးဆရာများ၏ ၀တ္တုစာအုပ်အမျိုးမျိုး၊ ကျန်းမာရေး၊ ပညာရေးစာအုပ်များအပြင် အဖွားပေးထားသော အင်္ဂလိပ်ဂျာနယ်၊ ၀တ္တု များလည်းရှိနေသည်။ နေရှင်းခ အဘိုးအသက်ရှိစဉ်က လတိုင်းပုံမှန်ဖတ်လေ့ရှိသော national geographic စာအုပ်များသည်လည်း စာအုပ်စင်နေရာအတော်များများကို နေရာယူထားသည်။
နေရှင်းခအရပ်မမှီ၍ ခြေဖျားထောက်ကာ ရှာနေရာမှ ခဏအကြာမှာ ကာတွန်းစာအုပ်သုံးလေးအုပ်ကို အမြင့်ဆုံးစာအုပ်စင်နေရာ ဆွဲထုတ်ကာ သတိုးကို ကမ်းပေးလိုက်သည်။
"ဒီစာအုပ်တွေအားလုံးက မင်း ပိုင်တာလား..."
နေရှင်းခနှင့်တွေ့ပြီးမှ သတိုး ပထမဆုံးပြောလာသည့် စကားသည် ခပ်အေးအေးဖြစ်သည်။ သူတို့နှစ်ယောက် ယခုပင် ပိတောက်ပင်အောက်မှာ ဆော့ပြီး အိမ်ထဲပြန်ဝင်လာကြသလို နွေးထွေးမှုတစ်မျိုး ရှိနေသည်။
"သတိုး.. ငါ မင်းထက်အသက်သုံးနှစ်ပိုကြီးတယ်လေ.. မင်းနဲ့ငါနဲ့ပြောတုန်းပဲလား..."
"အဲဒါဘာဖြစ်လဲ..."
"မင်း ငရဲကြီးလိမ့်မယ်.."
"ကြီးကြီးကွာ..."
နေရှင်းခ အသံထွက်အောင် ရယ်လိုက်သည်။
သတိုးသည် အရပ်ရှည်လာကာ ပိုပိန်သွားသည်မှလွဲ၍ ဘာမှမပြောင်းလဲသေး။ အရင်က ထူထဲသောမျက်မှန်သည် ခပ်ပါးပါး ခပ်ဝိုင်းဝိုင်းဖြစ်သွားသည်သာရှိသည်။
"အရင်တုန်းကတော့ မင်းကငယ်သေးလို့ ဘာမှမဖြစ်ဘူးလေ.. အခုငါက မင်းထက်အများကြီး အသက်ကြီးတယ်... တခြားသူတွေကြားရင် မင်းကိုရိုင်းတယ်ထင်မှာပေါ့..."
"မထင်ပါဘူး.. မင်းနဲ့ငါနဲ့ ရွယ်တူလို့ပဲထင်မှာ..."
"ရွယ်တူ...."
ဒီတစ်ခါတော့ နေရှင်းခတကယ်ပင် မျက်လုံးပြူးသွားရသည်။
သတိုးနှင့်နေရှင်းခကို ရွယ်တူဟု ဦးနှောက်မကောင်းသူပင် ထင်မှာမဟုတ်သည်မှာ သေချာသည်။ အရပ်ချင်းယှဉ်လျှင် သတိုးသည် နေရှင်းခပခုံးပင်မရောက်သေးသလို ပိန်ပိန်ညှပ်ညှပ်နှင့် လေးတန်းကျောင်းသားပုံပေါက်နေသည်။
ထို့အပြင် ဒေါ်ဟေမာလက်ချက်ဖြင့် ငါးနှစ်သားအရွယ်ကလို အုန်းမုတ်ခွက်ဆံပင်စတိုင်၊ ကလေးမျက်နှာနှင့် သတိုးသည် နေရှင်းခနှင့် ရွယ်တူဟု ကျိန်တွယ်ပြောလျှင်တောင် ယုံမည့်သူမရှိ။
"ထားပါတော့ကွာ... မင်း သဘောပဲ.... မင်း အိမ်ပြောင်းသွားတာ ငါ့ကိုဘာလို့ပြောမသွားတာလဲ..."
သတိုး မျက်မှန်ကိုကျော်ကာ နေရှင်းခကို တစ်ချက်သာလှမ်းကြည့်ပြီး ကာတွန်းစာအုပ်ရှိရာသို့ ခေါင်းပြန်ငုံ့သွားသည်။
ဘာမှမဖြေ။
"အိမ်ပြောင်းရမယ်ဆိုရင်လည်း နည်းနည်းပါးပါး ကြိုပြောသွားတာမဟုတ်ဘူးကွာ.."
"ငါအဲဒီတုန်းက အသက်ငါးနှစ်ပဲရှိသေးတယ်ဆိုတာရော မင်း သတိရရဲ့လား ရှင်းခ..."
သတိုး ကာတွန်းစာအုပ်မှ ခေါင်းထောင်မလာသေး။ ဒါပေမယ့် စိတ်မရှည်သည့် သတိုးလေသံကြောင့် နေရှင်းခ မပြုံးဘဲမနေနိုင်တော့။
"အေးပါကွာ.. ဒါနဲ့ မင်း မန္တလေးမှာ ပျော်ရဲ့လား.."
သတိုးထံမှ ဘာစကားမှ ထပ်မထွက်လာတော့။
သတိုးသည် ငယ်စဉ်တုန်းက စကားအလွန်များသော ကလေးတစ်ယောက်ဖြစ်သည်။ မျက်နှာလည်းချိုလွန်းကာ သူ့ကိုမြင်လျှင် ပြုံးရယ်တတ်မြဲဖြစ်သည်။ တစ်နေ့နေ့မှာ အခုလို လူကြီးတစ်ယောက်ပုံစံ စကားနည်းသွားလိမ့်မည်ဟု သူ လုံးလုံးမထင်ထားမိခဲ့။
နေရှင်းခ ကုတင်ပေါ်ခုန်တက်ကာ ဘေးတစ်စောင်းမြင်နေရသော သတိုးကို အသည်းယားစွာ စိုက်ကြည့်မိသည်။
သတိုးသူ့ရှေ့မှာ ရှိနေလျှက်နှင့် လွမ်းမိသလို သူ ခံစားနေရသည်။ ဟိုးတုန်းက သူ့အချစ်တော် ၀က်ဝံရုပ်လေး Teddy ကို မထင်မှတ်ဘဲ ပြန်ကောက်ရသလိုမျိုး ကြည်နူးလွမ်းနေမိခြင်းဖြစ်သည်။
သူ ငယ်စဉ်က တန်ဖိုးထား ချစ်ခဲ့သည့် Teddy ၀က်ဝံရုပ်တစ်ရုပ်ရှိခဲ့ဖူးသည်။ မီးခိုးရောင် နူးညံ့သောအမွှေးပွများနှင့် မျက်လုံးဝိုင်းဝိုင်း နားရွက်ကားကား ထိုဝက်ဝံရုပ်လေးကို နေရှင်းခ အသည်းစွဲချစ်ခဲ့ဖူးသည်။ ညအိပ်ချိန်များတွင် ထိုအရုပ်လေးမရှိလျှင် မအိပ်တတ်သလို မူကြိုစတက်စဉ်ကလည်း ကျောပိုးအိတ်ထဲ အမြဲထည့်သွားတတ်ခဲ့သည်။
ထိုအရုပ်လေး ပျောက်သွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
"ရှင်းခ... မင်း ငါ မေးတာမဖြေသေးဘူး.."
"ဟင်.. ဘာလဲ..."
"ဒီစာအုပ်တွေအားလုံး မင်းပိုင်တာလား..."
"သြော်... အေး... ဟုတ်တယ်.. မင်းဖတ်ချင်တာရှိရင် ယူသွားလေ..."
"ပြန်ပေးရမှာလား..."
"ဘာလို့လဲ... အပိုင်လိုချင်လို့လား..."
"မဟုတ်ဘူး... ပြန်ပေးရမှာဆိုရင် မင်းအိမ်ကိုငါနောက်တစ်ခေါက် ပြန်လာလို့ရမှာ..."
နေရှင်းခ ရင်ထဲ နွေးခနဲနေအောင် ကြည်နူးမိသွားသည်။ ရောက်လာကတည်းက အေးစက်စက် ဆက်ဆံနေသော သတိုးကြောင့် သူ့ကို အရင်လို မခင်တော့မှာကို ကြိတ်ပြီး စိုးရိမ်နေမိသည်။
"မင်းပြန်လာချင်ရင် အချိန်မရွေးပြန်လာလို့ရပါတယ်ကွာ.. အကြောင်းပြစရာမလိုပါဘူး... ငါကမင်းတို့ရန်ကုန်ပြန်ရောက်နေမှန်းတောင်မသိလို့... ကြိုသာသိရန်မင်းတို့အိမ်အထိ လိုက်ခေါ်မှာ.."
သတိုးက နေရှင်းခပြောသမျှကို မကြားတော့သလို သူ့လက်ထဲမှ ရုပ်ပြကာတွန်းကိုသာ တစ်ရွက်ချင်းလှန်ကာ စိတ်ဝင်စားစွာ ကြည့်နေသည်။
နေရှင်းခ မနေနိုင်တော့။
အသည်းယားစွာ သတိုး ခေါင်းကိုဘယ်ညာလှုပ်ခါလိုက်သည်။ နူးညံ့ဖြောင့်စင်းသော ဆံပင်များသည် သူမှတ်မိနေသည့် ငါးနှစ်သားကောင်လေးသတိုး၏ ဆံပင်များအတိုင်းပင် ဖြစ်သည်။ မချွန်ဘဲ လေးထောင့်ကျသောမေးနှင့် သွယ်သောမျက်နှာသည်လည်း ယခင်ကအတိုင်းပင်ဖြစ်သည်။
"သတိုး.. "
"........."
"မင်းအခုနက ငါ့ကိုတကယ်မမှတ်မိဘူးလား..."
"ဘယ်သူက မမှတ်မိဘူးပြောလို့လဲ..."
"မင်း ငါ့ကို မှတ်မိတယ်ပေါ့..."
"အေး..."
"ဒါဆိုဘာလို့ ငါခေါ်တာကို ချက်ချင်းမလိုက်ဘဲ မင်းအမေနားကပ်နေရတာလဲ..."
"မင်းကိုကြည့်မရလို့..."
"ဟောဗျာ...."
နေရှင်းခ မျက်ခုံးနှစ်ဖက်မြင့်တက်သွားသည်။
ပြန်လည်ဆုံတွေ့ချိန် မိနစ်ပိုင်းအတွင်းမှာ သတိုးကြည့်မရလောက်အောင် သူ ဘာလုပ်မိသည်ကို တကယ်ပင်စဉ်းစားလို့မရ။
"ဘာလို့လဲ.... ငါဘာလုပ်မိလို့လဲ..."
သတိုးဒီတစ်ခါတော့ ကာတွန်းစာအုပ်ကို ၀ုန်းခနဲ ပိတ်ကာ သူ့ကိုလှည့်ကြည့်လာသည်။
"မင်းဘာလို့ ဒီလောက်အရပ်ရှည်နေရတာလဲ....ရှင်းခ.. "
"ဘာရယ် သတိုး......"
"ရုပ်ကလဲ လူကြီးရုပ်နဲ့.. ဘယ်သူကမင်းကို ဒီလောက်အကြီးမြန်ခိုင်းလို့လဲ... ငါ မင်းကိုပုပုသေးသေးလေးဖြစ်ပါစေလို့ တစ်ချိန်လုံးဆုတောင်းထားတာ.."
သတိုးတကယ်ပင် စိတ်တိုနေသည်ဆိုတာကိုရဲလာနေသော ပါးနှစ်ဖက်ကြောင့် နေရှင်းခသိသည်။
မရယ်မိအောင် နေရှင်းခ လက်သီးဆုပ်ကာ နှုတ်ခမ်းကို ဖိကပ်ထားပေမယ့် သူ့မျက်လုံးများက ပြုံး စိစိဖြစ်နေမှာ သေချာပါသည်။
"နေရှင်းခ ... မင်း ရယ်စရာ ဘာအကြောင်းမှ မရှိဘူး..."
"အေးပါ..အေးပါကွာ... မရယ်ပါဘူး.. ဘယ်သူက ရယ်နေလို့လဲ...."
ပြုံးနေသော သူ့နှုတ်ခမ်းများကို ဖိထားသည့် လက်သီးဆုပ်ကို နေရှင်းခ မဖယ်ရဲ။
သူနှင့်ရွယ်တူဖြစ်ချင်လွန်းသည့် လူလားမမြောက်သေးသည့်သတိုးသည် နေရှင်းခ မျက်လုံးထဲမှာ ချစ်စရာကောင်းသော ၀က်ဝံပေါက်စလေးတစ်ကောင်နှင့်တူနေသည်။
နေရှင်းခ၏ ၀က်ဝံလေးမှာ မျက်မှန်ဝိုင်းဝိုင်းနှင့် ပိန်ပိန်ရှည်ရှည်လေး ဖြစ်နေသည်သာ ကွာမည်ထင်သည်။