လီယင်
အခန်း၁၇။ လီခယ့်၏တောင်းဆိုချက်
ခေါင်းလျှော်ရည်သည် ချမ်အန်းမြို့တော်တွင် အင်မတန် လူသိများလာပြီး နန်းတော်အတွင်းမှ မှာယူမှုများလည်း တစတစတက်လာသဖြင့် သေတ္တာလေးရာဟူသော ပမာဏမှာ ယခင်လို မလုံလောက်ပေ။ လုံလောက်သောပမာဏနှင့် အဝေးကြီးပင် လိုသေးသည်။ ဧကရီချန်စွန်းသည်လည်း နန်းတော်၏ မရှိမဖြစ် အသုံးလိုသော စာရင်းတွင် ဤခေါင်းလျှော်ရည်ကိုပါ ထည့်ပေးထားရာ လီယင်လည်း ဝမ်းသာပီတိဖြာနေတော့သည်။
နန်းတော်ကြီးသည် ဈေးကွက်ကောင်းတစ်ခု ဖြစ်ပေသည်။ သို့သော်ငြား အမှန်တကယ် စီးပွားဖြစ်ထွန်းနိုင်မည့် ဈေးကွက်မှာ နန်းတော်ပြင်ပမှ ဈေးကွက်ဖြစ်သည့်အကြောင်းကို လီယင်နားလည်သဘောပေါက်သည်။ ၎င်းအား နန်းတော်ပြင်ပတွင် လီယင်နှင့်တွေ့ဆုံနိုင်ရန် စောင့်ဆိုင်းနေကြသော အနယ်နယ်အရပ်ရပ်မှ ရောက်လာသည့် ကုန်သည်များကို ကြည့်ခြင်းအားဖြင့် သိနိုင်လေသည်။ ၎င်းတို့တွင် ငွေရပေါက် ဘယ်မှာရှိပြီး ဘယ်ကိုသွားရမည်ဆိုသည်ကို သိသည့် ပါးနပ်မှုမျိုး ရှိခြင်းမှာ လီယင်မင်းသားနီးနီးပင်။
ထိုအကြောင်းများကို လီယင်တွေးတောနေစဉ် တံခါးအပြင်ဘက်မှ -
“ ညီတော် ခြောက်၊ ဘာတွေများ လုပ်နေပါသလဲ။ ” ဟူသည့် ရွှင်လန်းတက်ကြွနေသော အသံကို ကြားလိုက်ရပြီးနောက် ခန်းမဆောင်ထဲတွင် လူအချို့ရောက်နေသည်ကိုပါ လီယင် သတိထားမိလိုက်သည်။
“ အစ်ကိုတော်သုံး၊ ဘာအကြောင်းကိစ္စနဲ့များ ရောက်လာရပါသလဲ။ ”
၎င်းအသံကို လီယင်ရင်းနှီးသည်။ လူသေခန္ဓာကိုယ်မှတဆင့် ဤခေတ်သို့ရောက်လာချိန်၌ လီယင် ပထမဆုံးကြားရသော အသံပင်တည်း။
သူ၏ ခေါက်ယပ်တောင်လေးကို ဖွင့်ကာ တဖျတ်ဖျတ်ခတ်ပြီးနောက် လီခယ့်မှ မေးလိုက်သည်။
“ ဘာတုန်း။ မကြိုဆိုတဲ့သဘောလား"
“ မဟုတ်ရပါဘူး အစ်ကိုတော်ရယ်။ အစ်ကိုတော် လာလည်တဲ့အတွက် ညီတော် အလွန်ကို ဝမ်းမြောက်လှပါတယ်။ ”
အမြန်ပြန်ဖြေလိုက်ရလေသည်။
လီခယ့်ဘေးတွင် နယ်လှည့်ခရီးသွားကုန်သည်တစ်ယောက်သဏ္ဌာန် ဝတ်စားဆင်ယင်ထားသော လူဝကြီးတစ်ဦးပါ ပါလာလေသည်။ ၎င်းလူကြီးမှာ တံခါးဝမှ စ,ဝင်လာကတည်းက ခန်းမကြမ်းပြင်တွင် ချထားသော ခေါင်းလျှော်ရည်သေတ္တာများကို စားမတတ်ဝါးမတတ်ဟန်ဖြင့် စိုက်ကြည့်နေလေရာ လီယင်မှာ စိတ်မသက်မသာဖြစ်နေရချေတော့သည်။
“ အရှင့်သား မင်းသားခြောက်ကို လာရောက်တွေ့ဆုံပါတယ်။ ဟောဒီက ညီတော်ကတော့ ချမ်အန်းပြည်နယ်က ကုန်သည်တစ်ဦးပင်ဖြစ်တဲ့ ထုံနျန်သာ ဖြစ်ပါတယ်၊ အရှင့်သား။ ”
လီခယ့်မင်းသား စကားတစ်ခွန်းမှ မဟရသေးခင်မှာပင် ၎င်းလူသည် သူ့ကိုယ်သူ မိတ်ဆက်ချေတော့သည်။
လီယင်လည်း ပြန်လည်နှုတ်ဆက်လိုက်ပြီး လီခယ့် ယခုလို ရုတ်တရက်ရောက်လာရခြင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သလောက်ဖြစ်သွားလေသည်။ မျှော်မှန်းထားသည့်အတိုင်းပင် လီခယ့်သည် လီယင်နှင့် အတန်ကြာ ထွေရာလေးပါးပြောပြီးနောက် လိုရင်းကို စကားစ,လာတော့သည်။
“ ညီတော် ခြောက်၊ မင်းရဲ့ ခေါင်းလျှော်ရည်ဟာ အခုအချိန်မှာ အင်မတန်နာမည်ကျော်ကြားနေပြီး ဝယ်လိုသူတွေ မရေမတွက်နိုင်အောင် ရှိတယ်လို့ ကြားရတယ်။ နန်းတော်အပြင်ဘက်မှာရော မရောင်းချချင်ဘူးလား။ ”
လီခယ့်က ဒဲ့ပင် မေးလိုက်လေသည်။
လီခယ့်၏ အမေးစကားဆုံးသည်နှင့် ထုံနျန်မှာ လီယင်၏ အဖြေကို အင်မတန်စိတ်ဝင်စားနေပုံပေါက်ကာ အသေအချာနားစွင့်နားထောင်နေတော့သည်။
လီယင်ကလည်း -
“ ဘယ်ဟုတ်ပါ့မလဲ၊ အစ်ကိုတော်ရယ် ” ဟု ဖြေလျက် ဘာမှဆက်မပြောသေးပဲ ထုံနျန်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
လီခယ့်လည်း သဘောပေါက်သွားကာ ပြုံးလျက် အသာပထုတ်လိုက်၏။
“ ကဲ မိတ်ဆွေထုံ၊ အပြင်မှာ ခဏလောက် စောင့်ပါဦး။ ကျုပ် ညီတော်လေးကို စကားပြောစရာလေးရှိလို့ဗျာ။ "
ထိုအခါ -
“ မှန်လှပါ၊ အရှင့်သား။ ” ဟု ဆိုကာ ထုံနျန်လည်း စိတ်မပါလက်မပါ ထွက်သွားရချေတော့သည်။
ထုံနျန်ထွက်သွားသည်နှင့် လီယင်က မေးလိုက်သည်။
“ အစ်ကိုတော် သုံး၊ ဘယ်လိုဖြစ်လို့ ဒီလို ကုန်သည်တွေနဲ့ ပတ်သက်နေရတာပါလဲ။ “
လီခယ့်ကလည်း ကြေကွဲသောမျက်နှာဖြင့် သူ့အဖြစ်ကို ရှည်လျားစွာ ရှင်းပြလေသည်။
“ ညီတော်ခြောက်၊ မင်းလည်း သိတဲ့အတိုင်း အစ်ကိုတော်က နာမည်ကျော်ကြားတဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတာကို ကြိုက်တယ်လေ။ အဲ့ဒီတော့ သူတို့နဲ့အတူ လိုက်လံသုံးဖြုန်းစားသောက်ရတာ အင်မတန် ငွေကုန်ကြေးကျများလှတယ်။ ဒါကြောင့် လစဉ်ရတဲ့ အသုံးစရိတ်က အစ်ကိုတော့်အတွက် မလောက်ငှဘူးဖြစ်နေတယ်။ ထုံနျန်ဟာ အဲ့ဒါတွေကိုသိပြီး ငွေကြေးအများကြီးကို နှစ်တိုင်းပေးလိမ့်မယ်လို့ ဘယ်သူကထင်မလဲ။ အခုလတ်တလော အဲ့ဒီခေါင်းလျှော်ရည်သတင်းကို သူဘယ်ကကြားလာမှန်းမသိပေမယ့် မင်းနဲ့ဆုံပေးဖို့ ခဏခဏနားပူနားဆာလုပ်နေတယ်ကွာ။ တခြားလူတွေဆီကပဲ ငွေကိုယူဖို့ကျပြန်တော့လည်း သူတို့ဟာ အပေးအကမ်းတွန့်တိုကြတယ် ညီတော်ရေ။ ဒါကြောင့် အခုလို ညီတော့်ဆီ ခေါ်လာရတာပဲ။ ”
ကျမ်းကွမ်အုပ်ချုပ်မှုကာလမတိုင်မီက ကုန်သည်မျိုးရိုးမှာ အလွန်ပင် အဆင့်နိမ့်ခဲ့လေသည်။ အရှင်မင်းကြီး လီရှစ်မင် နန်းတက်လာပြီးနောက် ကုန်သည်များ၏ မျိူးရိုးအဆင့်အတန်းကို မြှင့်တင်ပေးခဲ့သော်လည်း ရှေးရိုးစွဲအယူအဆများသည်ကား ခဏလေးအတွင်း မပြောင်းနိုင်သေးပေ။
ထို့ကြောင့် ကုန်သည်များသည်လည်း တော်ဝင်မျိုးနွယ်ပုဂ္ဂိုလ်များထဲမှ ကျောထောက်နောက်ခံကောင်းကောင်းရှာကာ ၎င်းတို့ကိုတစ်ဖန် ငွေအင်အား ပြန်လည်ထောက်ပံ့ကြရပေသည်။ ဤသည်မှာ ဤခေတ်တွင် သာမန်ကိစ္စလိုပင် ဖြစ်လေသည်။ ထို့ကြောင့် တော်ဝင်မျိုးနွယ်တို့မှာ နန်းတွင်းကပေးသော လစဉ်အသုံးစရိတ်နှင့် မလောက်ငှသော်လည်း စိတ်တိုင်းကျ သုံးဖြုန်းပျော်ပါးနိုင်ကြခြင်းပင် ဖြစ်ပေသည်။
ဆိုရလျှင် လီခယ့်မှာ သူ၏အစ်ကိုအရင်းဖြစ်သည့်အပြင် လီယင်ကိုယ်တိုင်လည်း နန်းတော်ပြင်ပသို့ ဈေးကွက်ချဲ့ထွင်ရန် ကြံစည်ထားပြီးကလည်း ဖြစ်ပြန်သည်။ လီယင်သည် အိမ်တော်အတွင်းမှ အထိုင်ဖြန့်ဖြူးသူသာဖြစ်ချင်ပြီး ပြင်ပတွင် လှည့်လည်ကာ လိုက်လံရောင်းချရမည့်အလုပ်ကိုလည်း မလုပ်ချင်သည်နှင့် ရေကန်အသင့် ကြာအတင့်ဖြစ်သွားကာ လီခယ့်တောင်းဆို၍သာ လုပ်ပေးရသည့်ဟန် လုပ်လိုက်ပါက မဆိုးလှဟု ကိုယ့်ဘာသာတွေးမိလေသည်။
ထို့ကြောင့် ခေတ္တမျှစဉ်းစားပြီးသည်နှင့် ပြောလိုက်၏။
“ ကောင်းပါပြီ၊ အစ်ကိုတော်။ အစ်ကိုတော်ရဲ့ သဘောထားကို နားလည်ပါပြီ။ သူ့ကို ကုန်သွယ်ရောင်းဝယ်ခွင့် ပေးလိုက်ပါ့မယ်။ ”
“ အခုလို နားလည်ပေးတဲ့အတွက် ကျေးဇူးပါပဲ၊ ညီတော် ခြောက်။ ”
လီခယ့်ခမျာ ချွေးများပင် ပြန်နေလေသည်။ ယခင်က လီယင်သာဆို ဤကဲ့သို့ အကူအညီပေးမည်မဟုတ်ပေ။ ထို့ကြောင့်လည်း စံအိမ်တော်ကို မလာခင်ကတည်းက လွန်စွာ စိတ်ပူခဲ့ရပေသည်။ လီယင့်ဘက်မှ ယခုလောက် မြန်မြန် သဘောတူမည်ဟု လီခယ့်လုံးဝထင်မထားခဲ့ပေ။