၃၅၅။ “ငါ ရောက်လာပြီပဲ - ၄”
ပြန်လည်မွေးဖွားလာသည့် ယဲ့ရှမှာ အရင်ယဲ့ရှ၏ မှတ်ဉာဏ်များ မရှိချေ။ သူသိတာ တစ်ခုတည်းသာ ရှိသည်။ ဂျန်ဝုယောင်းအား ပြတ်ပြတ်သားသား သစ္စာရှိခြင်းဖြစ်သည်။
ဂျန်ဝုယောင်းက ယဲ့ရှအား အမိန့်ပေးထားသည်။ ဂျန်ဝုရှီအား လျှို့ဝှက်သိုသိပ်စွာ စောင့်ရှောက်ကာကွယ်ပေးရန် ဖြစ်သည်။
“ငါ့ကို တိုက်ခိုက်တဲ့ သူတွေ ဘယ်ကလဲ ဆိုတာ နင် သိလား” ဂျန်ဝုရှီက ဂျန်ဝုယောင်းအား စူးစမ်းသည့် အနေဖြင့် မေးသည်။ သူ အရာရာတိုင်းကို သိနေမှန်း သူမ အမြဲ ခံစားမိသည်။
ဂျန်ဝုယောင်း၏ မျက်နှာက အေးစက်မာကျောသွားသည်။ “အလယ်ဘုံ, မီးမိစ္ဆာနန်းတော်။”
“အလယ်ဘုံလား” ဂျန်ဝုရှီက ပိုမို၍ သိချင်သွားသည်။ “အောက်ဘုံ”စကားလုံးကို သူမ အကြိမ်များစွာ ကြားဖူးသည်။ အခု ဂျန်ဝုယောင်းက “အလယ်ဘုံ”ဟူသော စကားလုံးကို သုံးနှုံးလာသည်။ သည် ကွဲပြားခြားနားသည့် ဘုံများက မည်သည့်အဓိပ္ပါယ်နည်း။
ဂျန်ဝုယောင်းက ဂျန်ဝုရှီ၏ အံ့အားသင့်၍ ရှုပ်ထွေးနေတာကို သတိပြုမိ၍ စိတ်ရှည်စွာ ရှင်းပြသည် “ဒီမိုးကောင်းကင်အောက်မှာ ဘုံသုံးမျိုး ရှိတယ်၊ သူတို့ ပိုင်ဆိုင်တဲ့ စွမ်းအားနဲ့ ပိုင်းခြားထားတယ်၊ အထက်ဘုံ, အလယ်ဘုံ, အောက်ဘုံဆိုပြီးတော့၊ ငါ့အသည်းလေး နေတဲ့ ဘုံက အောက်ဘုံ၊ အသည်းလေးကို တိုက်ခိုက်တဲ့သူတွေက အလယ်ဘုံက လူတွေ၊ ငါ ပြောခဲ့ဖူးတဲ့ ဝိညာဉ်ဝါးမျိုသူဆိုတာကို နင် မှတ်မိသေးလား။”
ဂျန်ဝုရှီက ခေါင်းညိတ်ပြသည်။
“ဝိညာဉ်ဝါးမျိုတဲ့ နည်းစနစ်ကို အောက်ဘုံက လူတွေ မသိကြဘူး၊ အလယ်ဘုံက လူတွေ ဖုံးကွယ်ထားလို့ပဲ၊ သူတို့ရဲ့ လက်စွပ်ဝိညာဉ်တွေကို စွမ်းအားမြှင့်တင်ဖို့ သူတို့က မတူကွဲပြားတဲ့ လက်စွပ်ဝိညာဉ်တွေ, သက်ရောက်မှုကွဲပြားတဲ့ လက်စွပ်ဝိညာဉ်တွေကို ရှာဖွေကြတယ်၊ လက်စွပ်ဝိညာဉ်တွေကြားမှာ, အမြင့်ဆုံးနဲ့ အလိုချင်ကြဆုံး လက်စွပ်ဝိညာဉ်က အပင်အမျိုးအစား လက်စွပ်ဝိညာဉ်ပဲ။” ဂျန်ဝုယောင်းက တွေးတော စဉ်းစားနေသဖြင့် သူ့မျက်လုံးများက ကျဉ်းမြောင်းသွားကြသည်။ သူတို့က သူ့ချစ်သည်းလေးကို မျက်စိကျရဲကြသတဲ့လား.... သူတို့က ဒီအကြွေးအတွက် သူတို့ အသက်တွေ ပေးဆပ်ရင်တောင် မလုံလောက်နိုင်ပေ။
“အပင်အမျိုးအစား လက်စွပ်ဝိညာဉ်တွေက အရမ်းအားကောင်းတဲ့ ကိုယ်တိုင်ကုသခြင်း စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်၊ သူတို့ကို ဝါးမျိုလိုက်ရင်, သူတို့ တိုးတက်တဲ့ နှုန်းထားက အရမ်းမြင့်မားပြီး မြန်ဆန်သွားကြတယ်၊ ဒါ့ကြောင့် အပင်အမျိုးအစား လက်စွပ် ဝိညာဉ်တွေက တန်ဖိုးကြီးတဲ့ ပစ်မှတ်တွေ ဖြစ်လာကြတယ်၊ ပြီးတော့လည်း အပင်လက်စွပ်ဝိညာဉ်တွေရဲ့ တည်ရှိမှုက အလွန်အမင်း ရှားပါးတယ်၊ သူတို့ကို ပိုင်ဆိုင်ထားရင်တောင် နိုးထလာတဲ့ အရိပ်အယောင်ကို မပြကြဘူး၊ အပင်လက်စွပ်ဝိညာဉ်ကို ပိုင်ဆိုင်ထားကြပေမဲ့ တချို့က သူတို့ တစ်ဘဝလုံး သတိမပြုမိခဲ့ကြဘူး။ မနိုးထလာကြလို့ပေါ့။”
နန်းတော်ဆယ့်နှစ်ခုမှ လူများ၏ အပင်လက်စွပ်ဝိညာဉ်များအပေါ် ညှာတာမှုကင်းမဲ့ခြင်းကြောင့် အပင်လက်စွပ်ဝိညာဉ် နိုးထလာသူများသည်ပင် သူတို့ လက်စွပ်ဝိညာဉ်များကို လျစ်လျူရှူလိုက်ကြပြီး သူတို့ဘဝအတွက် ကံကောင်းခြင်းများကို ပစ်ပယ်လိုက်ကာ အေးချမ်းသည့် ဘဝမှာသာ နေထိုင်လိုက်ကြတော့သည်။
“နင် အပင်လက်စွပ်ဝိညာဉ်ပိုင်ဆိုင်ထားတာကို မီးမိစ္ဆာနန်းတော်က လူတွေ သတိပြုမိသွားကြပြီ၊ သူတို့ဆီကနေ နင် အခု လွတ်မြောက်ခဲ့ပေမဲ့, သူတို့ နောက်ထပ် လူအများကြီး ထပ်လွှတ်ကြလိမ့်အုံးမယ်၊ ဒီအောက်ဘုံမှာ နင့်ကို ရှာဖွေဖို့ပေါ့။” ဂျန်ဝုယောင်း၏ မျက်လုံးများက မီးကျီးခဲလို တောက်လောင်လာသည်။ သူ့အပြုံးက ရက်စက်မည့်ဟန် ဖြစ်နေသည်။ အပင်လက်စွပ်ဝိညာဉ်၏ ဆွဲဆောင်အားကို သူတို့ တောင့်မခံနိုင်ကြတော့ဘဲ သူတို့က မည်မျှလောက် ပေးဆပ်ရပါစေ, ဂျန်ဝုရှီကို ထောက်လှမ်းကြမည် ဖြစ်သည်။
ဂျန်ဝုရှီက ဂျန်ဝုယောင်းကို ကြည့်လိုက်သည်။ ဂျန်ဝုယောင်း ပြောသမျှကို သူ သဘောပေါက်သည်။ ထိုစွမ်းအားကြီး လူနှစ်ယောက်က တိမ်ထူတောင်ထွတ် များတွင် သူမကို မရအရ သတ်ချင်နေတာက တိုက်ဆိုင်မှုလို့ ဆိုလိုနေခြင်း ဖြစ်သည်။
ယဲ့ရှသာ ကြားဖြတ်ဟန့်တား၍ သူမအတွက် သူ့ကိုယ်သူ မစွန့်လွှတ်ခဲ့လျှင်, သူမ ထိုတောင်တန်းများတွင် အသက်ဆုံးရှုံးနေလောက်ပြီ။
“သူတို့ စွမ်းအားတွေက ခရမ်းရောင်အဆင့်ထက် ကျော်လွန်နေကြတာလား။”
ဂျန်ဝုယောင်းက ဆက်ပြောသည် “ခရမ်းရောင်အဆင့်က အောက်ဘုံက လူတွေ ရောက်နိုင်တဲ့ ထိပ်ဆုံးအဆင့်တစ်ခုသာသာပဲ။”
ဂျန်ဝုရှီ၏ မျက်လုံးများက အေးစက်သွားသည်။ သူမ ထိုလူများ၏ ပစ်မှတ်ထားခံနေရတာက သတင်းဆိုးကြီးတစ်ခုပင် ဖြစ်သည်။
သူတို့သာ ရှိသမျှ အင်အားသုံး၍ သူမကို ရှာဖွေခဲ့လျှင်, သူမကို ရှာဖွေ တွေ့ရှိဖို့ အမြင့်ဆုံးအခြေအနေမှာ ရှိနေသည်။ သူမမှာ အချိန်များစွာ မကျန်ရှိတော့ပေ။ သူမစွမ်းအားကို ဖြစ်နိုင်သမျှ မြန်မြန် တိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။
ထိုနေ့လို အဖြစ်မျိုး နောက်ထပ် ဘယ်တော့မှ မဖြစ်လာစေရ။
“တကယ်လို့ မီးမိစ္ဆာနန်းတော်က လူတွေ မတည်ရှိတော့ဘူးဆိုရင်, အောက်ဘုံမှာ အပင်လက်စွပ်ဝိညာဉ် ပိုင်ဆိုင်ထားတာကို ဘယ်သူမှ သိကြမှာ မဟုတ်တော့ဘူး။” ဂျန်ဝုရှီက ခေါင်းမော့၍ ပြောသည်။ သူမက ချင်းယန်ကလန်ကို အမြစ်ဖြုတ်ခဲ့သည်။ ထိုနည်းတူ သူမက မီးမိစ္ဆာနန်းတော်ကို လုပ်ရလိမ့်မည်။
အပင်လက်စွပ်ဝိညာဉ်က တန်ဖိုးကြီးပြီး ရှားပါးတယ်ဆိုရင်, မီးမိစ္ဆာနန်းတော်မှ ထိုလူနှစ်ယောက်က အောက်ဘုံမှာ အပင်လက်စွပ်ဝိညာဉ် တည်ရှိကြောင်းကို ထုတ်ဖော်မည် မဟုတ်ကြပေ။ မီးမိစ္ဆာနန်းတော်ကို အမြစ်ပြတ် သုတ်သင်လိုက်လျှင်, သူမ လုံခြုံသွားမည် ဖြစ်သည်။
ဂျန်ဝုရှီ ပြောတာကို ကြားရသည့်နောက် ဂျန်ဝုယောင်းက အားပါးတရ ရယ်လေ၏။
မီးမိစ္ဆာနန်းတော်ကို အမြစ်ဖြတ်ပစ်မှာလား၊ သူ့အသည်းလေးက ဖျက်ဆီးပစ်တာကို အတော် နှစ်ခြိုက်နေပုံရသည်။
“မီးမိစ္ဆာနန်းတော်ကို ဖျက်ဆီးပစ်ဖို့ဆိုရင်, အရင်ဆုံး နင်က ခရမ်းရောင်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်အောင် လုပ်ရလိမ့်မယ်၊ အောက်ဘုံက ခရမ်းရောင်ဝိညာဉ်စွမ်းအားကို ချိုးဖျက်တက်ရောက်သွားတဲ့ မည်သူမဆို, အဲနောက် အလယ်ဘုံကို ဝင်လို့ ရသွားပြီ။”
“ခရမ်းရောင်ဝိညာဉ်စွမ်းအားလား” ဂျန်ဝုရှီက မေးသည်။ သူမ မျက်လုံးများ ကျဉ်းမြောင်းလို့သွားသည်။ မီးမိစ္ဆာနန်းတော်အား သူမ၏ လက်တုံ့ပြန်ခြင်းက နောက်ကျတာနှင့် စောတာသာ ကွာလိမ့်မည်။