၄၆၆။ "ချစ်စရာကောင်းတာက အားသာချက်-၄"

498 53 0
                                    

၄၆၆။ ချစ်စရာကောင်းတာက အားသာချက်-၄

နောက်တစ်ရက်နှစ်ရက်တွင် ဂျန်ဝုရှီတို့အဖွဲ့အနေဖြင့် တောအုပ်အတွင်းမှာ ရောက်ရာပေါက်ရာ သွားသလို ဖြစ်နေသည်။ သိုလှောင်အိတ်အတွင်းမှာ သိုလှောင်ထားသော ဝိညာဉ်ကျောက်တုံးများလည်း တိုးသထက် တိုးလာကြသည်။ သူတို့က အများအားဖြင့် အဆင့်နိမ့် လိပ်ပြာသားရဲများမှ ဝိညာဉ်ကျောက်တုံးအသေးများကို ရရှိထားကြသည်။ သို့သော်လည်း များပြားလွန်းသော အရေအတွက်က သူတို့အဖွဲ့အတွက် ဖြစ်ထွန်း ပေါက်မြောက်သည်ဟု သတ်မှတ်နိုင်သည်။

သည်ရက်များအတွင်း တချို့အဖွဲ့ငယ်များဖြင့် ရင်ဆိုင်တိုးမိကြသည်။ သို့သော် အများစုက ဌာနခွဲမှ အဖွဲ့များသာ ဖြစ်ကြသည်။ သူတို့က ဂျန်ဝုရှီတို့အဖွဲ့ကို မြင်လျှင် ပုံမှန်အားဖြင့် ကြောက်လန့်သွားကြသည်။

လိပ်ပြာသားရဲအမဲလိုက်ပွဲအတွက် သတ်မှတ်ထားသော စံနှုန်းက အဓိကအားဖြင့် ပွဲပြီးချိန်မှာ တပည့်တိုင်းလက်ထဲရှိ ဝိညာဉ်ကျောက်တုံး အရေအတွက်ကို အခြေခံထားသည်။ ထို့ကြောင့် လိပ်ပြာသားရဲများကို အမဲလိုက်သည့် အပြင်, တချို့ သန်မာတောင့်တင်းသော အဖွဲ့က သူတို့နှင့် ရင်ဆိုင်တွေ့သော တခြားအားနည်းသော အဖွဲ့မှ ဝိညာဉ်ကျောက်တုံး များကို လုယက်တတ်ကြသည်။ ပစ်မှတ်ထားခံရသော အဖွဲ့များက ပုံမှန်အားဖြင့် ဌာနခွဲများမှသာ ဖြစ်သည်။

ဌာနခွဲများမှ တပည့်များ၏ အရည်အချင်းနှင့် စွမ်းအားက မဟာဌာနမှ တပည့်များနှင့် မယှဉ်သာကြချေ။ ထို့ကြောင့် သူတို့က လူများများ စုဖွဲ့၍ အဆင့်နိမ့် လိပ်ပြာသားရဲများကို အမဲလိုက်ကြသဖြင့် သူတို့မှာ ဝိညာဉ်ကျောက်တုံး များစွာ ရှိတတ်ကြသည်။ အဖွဲ့တွင် ပါဝင်သူအားလုံးက ခွဲဝေ ယူကြရသည်။ သို့သော် မဟာဌာနမှ အဖွဲ့များနှင့် ပက်ပင်း တွေ့ကြုံရလျှင် သူတို့ မနည်းစုဆောင်းထားသော ဝိညာဉ်ကျောက်တုံးများက အတင်းအကျပ် လုယူခံကြရသည်ချည်းသာ။

ထို့ကြောင့်ပင် ဌာနခွဲမှ တပည့်များအဖွဲ့က မဟာဌာနမှ တပည့်များအဖွဲ့ကို ကင်းထောက်ပြီး သွားလာကြသည်။ မဟာဌာနမှ အဖွဲ့ကို တွေ့ရရုံဖြင့် သူတို့က အမြန်အဆန် ထွက်ပြေးသွားတတ်ကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now