၆၇၅။ ကျောက်တုံးအိမ် (၃)

327 31 0
                                    

၆၇၅။ ကျောက်တုံးအိမ် (၃)

တစ်ခုနှင့် တစ်ခု ချိတ်ဆက်မှုမရှိသော ၎င်း ကောက်နှုတ်ချက် စာသားများက နံရံတစ်ခုလုံး အပြည့်နီးပါး ဖြစ်သည်။ တစ်ချိန်တည်းမှာ ၎င်းစာသားများက အယောင်ဆောင် မဟုတ်ကြဘဲ စာသားပိုင်ရှင်၏ ဖြည်းဖြည်းချင်း ဆုတ်ယုတ်အားနည်းလာပြီး ကူကယ်ရာမဲ့ စိတ်ပျက်အားငယ်ခြင်း သက်သက်ကို ပြောပြထားသည်။

ကျောက်တုံးအိမ်ပိုင်ရှင်က အလယ်ဘုံမှ မဟုတ်တာကြောင့် ဂျန်ဝုရှီ အံ့ဩသွားသည်။ သူ ချန်ထားရစ်သော စာသားများအရ, ကျောက်တုံးအိမ်ပိုင်ရှင်က အောက်ဘုံမှ လူတစ်ယောက် ဖြစ်ပြီး အဆင့်မြင့်မား၍ ဂုဏ်ကျက်သရေ တောက်ပြောင်သော ယောက်ျားတစ်ယောက် ဖြစ်ကြောင်း ပုံဖော်ဖို့ မခက်တော့ပေ။ သူက တိုင်းပြည်အုပ်ချုပ်သူ ရှင်ဘုရင်တစ်ယောက်ပင် ဖြစ်နိုင်သည်။

သို့သော် သူ့ကို နန်းတော်ဆယ့်နှစ်ခုမှ လူများက မျက်စိကျသွားပြီး သူတို့၏ လက်ပါးစေ ဖြစ်လာဖို့နှင့် မိုးကောင်းကင်အဆုံး ချောက်နက်သို့ ဦးဆောင်သွားဖို့ အပေးအယူအနေဖြင့် ခရမ်းရောင်ဝိညာဉ်စွမ်းအားသို့ ရောက်ရှိစေနိုင်သော နည်းလမ်းဖြင့် သူ့ကို ကမ်းလှမ်းခဲ့ကြသည်။

ထိုလူက ဒီနေရာသို့ တစ်ယောက်တည်း လာခဲ့သည် မဟုတ်ပေ။ သူနှင့် အတူ စစ်သည် ရာချီ၍ ခေါ်လာခဲ့သည်။ သို့သော် မိုးကောင်းကင်အဆုံး ‌ချောက်နက်သို့ ရောက်လာပြီးနောက်, သူ့နောက်လိုက်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြပြီး သူတစ်ယောက်တည်းသာ ကံကောင်းထောက်မစွာ အသက်ရှင်သန် ကျန်ရစ်ခဲ့သည်။ သို့သော် မြူထုထဲမှာ သူ့တည်နေရာ ပျောက်ဆုံးသွားခဲ့ပြီး ထွက်ပေါက်ကို သူ ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် သူက ဒီနေရာမှာ တွေ့ရသော ကျောက်တုံးများကို စုစည်းပြီး ရိုးစင်း၍ အကြမ်းထည်ဆန်သော ဒီကျောက်တုံးအိမ်ကို တည်ဆောက်ခဲ့သည်။ ယာယီ အကာအကွယ်အတွက် ဖြစ်သည်။

သို့သော် သူ၏ ယာယီ နေထိုင်ခြင်းက နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့သည်။

ထိုလူ မသေခင် ဒီလောက် ကြီးကျယ်စွာ မီးလောင်တိုက် သွင်းပစ်ဖို့အထိ သူ့စိတ်ဓာတ်များ မည်မျှလောက် ကျဆင်းသွားကြောင်း ဂျန်ဝုရှီ ပုံမဖော်နိုင်တော့ပေ။ သူက သူနှင့် အတူ အရာရာတိုင်းကို ဖျက်ဆီးပစ်လိုခဲ့သည် မဟုတ်လော။ ဒီလောက် စိုထိုင်းနေသော ပတ်ဝန်းကျင်မှာ မီးလောင်ကျွမ်းသွားစေဖို့ ထိုလူ မည်သို့သော နည်းလမ်း အသုံးပြုခဲ့မှန်း သူမ မသိပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now