၆၆၇။ သေမင်းနယ်မြေ (၂)

322 39 0
                                    

၆၆၇။ သေမင်းနယ်မြေ (၂)

မရှင်းလင်းသော မြူထုထဲမှာ သေမင်းအဆိပ်ငွေ့များ၊ အရာရာကို ဝါးမျိုနိုင်သော နွံဗွက်များသာ ရှိသည် မဟုတ်ပေ။ ကြောက်စရာ သားရဲများလည်း ပုန်းအောင်းနေလေ၏။

ကြမ်းကြုတ်ရက်စက်ပြီး စွမ်းအားကောင်းသော မွန်းစတားများနှင့် ရင်ဆိုင်ရချိန်မှာ မုကွိုင်ဖန်တို့ အုပ်စု လုံးလုံး လက်မှိုင်ချခဲ့ရသည်။ ထို့ကြောင့် ဂျန်ဝုရှီက သတိလက်လွတ် လုံးဝ မပြုရဲပေ။ ဒီစွန့်စားသွားလာရာမှာ လော့မဲ့မဲ့က သူမ၏ လျှို့ဝှက်ကဒ် ဖြစ်သည်။

ရှေ့ဆက်ရမည့် လမ်းကို ထောက်လှမ်းစုံစမ်းရာမှာ လော့မဲ့မဲ့အား အသုံးချဖို့ အကြံပေးချက်ကို ပယ်ချလျက် ဂျန်ဝုရှီက နောက်ထပ် သုံးဆစ်ချိုး သစ်သားတုတ်ကို ထုတ်ယူလိုက်သည်။ သူမ ၎င်းတုတ်များကို ကြိုတင်ပြင်ဆင်လာခဲ့ပြီး ကုန်သွားမှာကို စိုးရိမ်စရာ မလိုအပ်ပေ။

ရေညှိမြေပြင်ကို ထောက်လှမ်း စူးစမ်း၍ သူတို့ ရှေ့ဆက်သွားကြသည်။ ဂျန်ဝုရှီ၏ လက်ထဲရှိ သုံးဆစ်ချိုး တုတ်များ ဆုံးရှုံးသွားသော အရေအတွက် မြင့်တက်လာသည်။ သူတို့ ရှေ့ဆက်သွားသည်နှင့် နွံဗွက်အိုင်များ၏ သိပ်သည်းမှုက ကြောက်စရာကောင်းလောက်အောင် အရေအတွက် မြင့်တက်လာသည်။

တစ်ရက်လုံး လျှောက်လှမ်းသွားပြီးနောက် သူတို့ တစ်ကီလိုမီတာမျှလောက်ပင် ခရီးမပေါက်ချေ။

လမ်းကြောင်းတောက်လျှောက် နွံဗွက်အိုင်များ မရေမတွက်နိုင်အောင် သူတို့ ဖြတ်ကျော်ခဲ့ရသည်။ နွံဗွက်အိုင်များ၏ အစွန်အဖျားများတွင် ဟောင်းနွမ်း စုတ်ပြတ်နေသော ပစ္စည်းပစ္စယများ ပြန့်ကျဲတည်ရှိနေတာကို သူတို့ ရှာတွေ့ကြသည်။ စိမ်းညို့ညို့ ရေညှိများ ဆိုးဆိုးရွားရွား တိုက်စားထားကြသည်။ ပစ္စည်းပစ္စယများက ဓားများ လှံများ တွန့်ကြေစုတ်ပြတ်နေသော အဝတ်အစားများစသည် ဖြစ်သည်။

သူတို့အရင် ဒီအထိ လာ၍ နွံဗွက်အိုင်များ၏ ဆာလောင်မွတ်သိပ်စွာ ဝါးမျိုခံရ၍ သေဆုံးသွားသော လူများကား အရေအတွက် နည်းလှမည် မဟုတ်တာ သိသာထင်ရှားသည်။ ဘေးတစ်ဖက်တစ်ချက်တွင် ဟောင်းနွမ်း ကျိုးပြတ်နေသော ပစ္စည်းများ ပြန့်ကျဲ တည်ရှိနေကြသည်။ ၎င်းပစ္စည်းများကို ရေညှိများ လုံးလုံး ဖုံးလွှမ်းသလောက် ဖြစ်နေသည်။ ၎င်းပစ္စည်းများကား သူတို့ အသက်ရှင်သန်ခဲ့သော ကမ္ဘာတွင် နောက်ဆုံး ချန်ရစ်ခဲ့သော ပစ္စည်းများပင် ဖြစ်ပေ၏။

ပါရမီရှင်သမားတော်(၂)Kde žijí příběhy. Začni objevovat