Vol 4🐉43🐉မိစ္ဆာအော်သံ

96 21 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (43)
မိစ္ဆာအော်သံ

ဝူရှဲ့ "အမ်း"ကနဲ အသံထွက်မိသွားသည်။ ပြန်နားထောင်ကြည့်လေ ထူးဆန်းလေပါပဲ။ အဲဒါက စကားပြောနေတာ မဟုတ်ဘဲ ထူးထူးဆန်းဆန်း ရယ်နေသလို ဖြစ်နေသည်။ လူတိုင်းကလည်း ဒါကို သဘောပေါက်တာကြောင့် အားနင်ကို ဆက်သွယ်နေတာ ရပ်ခိုင်းလိုက်ပြီး တစ်ယောက်ကို တစ်ယောက် အံ့သြစွာ ကြည့်လိုက်ကြသည်။

အဖွဲ့ဆရာဝန်က "ဘာဖြစ်နေတာလဲကွ... ရယ်နေကြတာလား... ငါတို့အသံတွေ ကြားလိုက်ရလို့ အရမ်းပျော်နေတာများလား"

ကျားရှီးက "ခင်ဗျားပျော်နေတဲ့ အချိန်မှာ အဲဒီလိုရယ်နေလား"

အားနင်လည်း စိတ်ရှုပ်ထွေးနေပုံရသည်။ သူက ဖုန်းခေါ်တာကို ရပ်လိုက်ပြီး အတွင်းက အသံတွေ ပိုရှင်းသွားအောင်လုပ်ဖို့ မျှော်လင့်ရင်း အင်တာကွန်ကို ဆက်ညှိနေသည်။

အမှားရှာခြင်းမှာ အကျိုးသက်ရောက်မှု မရှိတဲ့အပြင် အသံက ပိုကျယ်လာသဖြင့် သူတို့ ထပ်နားထောင်ပြီး ပို၍ ရှင်းရှင်းလင်းလင်း ကြားလာရသည်မှာ သာမာန်လူများ ပြုလုပ်နိုင်သော ရယ်သံမျိုး မဟုတ်တော့ပေ။ ၎င်းက အရူးတစ်ယောက် လျှောက်ရယ်နေသလိုပင်။ ဒါပေမဲ့ ဂရုတစိုက် နားထောင်ရင် ရယ်မောသံရဲ့ အနောက်မှာ အလွန်သေးငယ်တဲ့ တခြားအသံတွေ ရှိနေတာကို ခံစားရနိုင်ပါ၏။ ထိုအသံနှစ်ခုက ရောထွေးနေပြီး ဤကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာမြို့ထဲ၌ ထူးဆန်းစွာ ကြားနေရသည်။

ဒီလို ဆိုးသွမ်းတဲ့ လှောင်ပြောင်သံကို ကြားတော့ ဝူရှဲ့ အရမ်း စိတ်မသက်မသာ ဖြစ်လာသည်။ ညစ်ညမ်းသော မျက်နှာထားဖြင့် တောက်လျှောက် လိုက်လာနေသည့် ကျားရှီးလည်း ယခုအခါ ကြောက်ရွံ့နေပြီ။ သူ့မျက်နှာက အလွန်ဖျော့တော့ကာ တံတွေးမျိုချလိုက်သည်။

"ဘာဖြစ်နေတာလဲ... ဒီရယ်သံကြီးက နားထောင်ရခက်လိုက်တာ"

အားနင်သည် စကားမပြောရန် အမူအရာလုပ်ကာ စကားပြောစက်ကို နားရွက်နားကပ်လျက် ခဏနားထောင်ပြီးနောက် ဆိုလာခဲ့သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now