၈၂၉။ တောင်းပန်ပါတယ်, ဒါ ကျုပ် အလှည့်ပါ (၄)

Start from the beginning
                                    

(ဒီကောင်လေးက ရှိလှမှ ဆယ့်ငါးနှစ်ပေါ့။)

(ဒါတောင် အစိမ်းရောင်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသတဲ့လား။)

လေညင်းကျောင်းတော်မှ ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်နှစ်မျှဖြင့် အပြာရောင်ဝိညာဉ်စွမ်းအားရှင်များကြောင့် လိပ်ပြာတိုက်ပွဲ တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့ပြီး ဖြစ်သည်။ အခု ဆယ့်ငါးနှစ်မျှဖြင့် အစိမ်းရောင်ဝိညာဉ်စွမ်းအားရှင်လည်း ပေါ်ထွက်လာပြန်သည်။

အစီအစဉ်ကြေညာသူက အရင်က လေ့ချန်ထံမှ လက်တုံ့ပြန်လာမှာကို ကြောက်ရွံ့မိသဖြင့် ဂျန်ရှီအား ထေ့ငေါ့လှောင်ပြောင်သော စကားများကို မပြောမိသဖြင့် သူ့ကိုယ်သူ ကျေးဇူးတင်မိသွားသည်။ သို့သော် အခု မြင်ရသလောက်တော့, လေ့ချန်က လက်ချောင်းတစ်ချောင်းပင် မြှောက်စရာ လိုမည် မဟုတ်ဘဲ, ဂျန်ရှီကိုယ်တိုင်ပင် သူ့ကို ပိုးကောင်တစ်ကောင်လို ဖျစ်ညှစ်သတ်ပစ်နိုင်လိမ့်မယ်။

အစီအစဉ်ကြေညာသူ၏ အသံက တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ တုန်လှုပ်ချောက်ချားခြင်း မပြေပျောက်သေးသော လူအုပ်ကြီးက ရုတ်တရက် အသိပြန်ဝင်လာကြသည်။ သူတို့က တိုက်ပွဲစင်မြင့်မှ ဖြည်းညင်းစွာ ဆင်းလာသော ဂျန်ဝုရှီကို လိုက်ကြည့်ကြသည်။

ဂျန်ဝုရှီက တိုက်ပွဲစင်မြင့်မှ ဆင်း၍ အကြည့်များစွာ၏ အောက်မှာပင် တည်ငြိမ်စွာ လျှောက်လှမ်း၍ တိုက်ပွဲကွင်းပြင်မှ ထွက်ခွာသွားလေ၏။ အကြည့်များက သူမကျောပြင် ပျောက်ကွယ်သွားသည်အထိ လိုက်ပါသွားကြသည်။ ၎င်းမျက်လုံးများက ဂျန်ဝုရှီ ပျောက်ကွယ်သွားသော ဝင်ပေါက်ကို တုံးတုံးအအဖြင့် ဆက်ကြည့်နေကြတုန်းပင်။

မိနစ်အနည်းငယ်မျှသာ ကြာသည်။ ပုံရိပ်ယောင်လား, အိပ်မက်လားဟူ၍ပင် သူတို့ ထင်ယောင်ထင်မှား ဖြစ်သွားကြသည်။

မည်သူမျှ သတိမပြုမိခင်မှာပင် ဂျန်ဝုရှီ၏ ကန်ချက်တစ်ချက်ကြောင့် လွင့်ထွက်သွားသော ဇောင်းရွှမ်က လူတိုင်း တုန်လှုပ်၍ ငေးမောတွေဝေနေတာကို အခွင့်ကောင်းယူ၍ ဖုတ်ဖက်ခါပြီး တိတ်တဆိတ် လစ်ထွက်သွားလေ၏။

ကနေ့က ဂျန်ဝုရှီ၏ ပထမဆုံးအကြိမ်အနေဖြင့် တိုက်ပွဲမှာ ပါဝင်လာခြင်း ဖြစ်သည်။ တစ်ကွက်လေး လှုပ်ရှားပြရုံမျှဖြင့် အရင်က ဂျန်ရှီ၏ အစွန်းအထင်း ထင်နေသော နာမည်ပျက်က လုံးလုံးလျားလျား ပျောက်ကွယ်သွားရသည်။

ဂျန်ရှီသာ အဝါရောင်ဝိညာဉ်စွမ်းအား အဆင့်မျှသာ ရှိသေးလျှင်, ဒီလောက်အထိ ဖြစ်လာမည် မဟုတ်ပေ။ လူများလည်း တုန်လှုပ်ချောက်ချားပြီး မယုံကြည်နိုင်သည်အထိ ဖြစ်ပျက်သွားမည် မဟုတ်ပေ။

သို့သော် သူမက အစိမ်းရောင်ဝိညာဉ်စွမ်းအားရှင်ဆိုတာကို ပြသလိုက်သည်နှင့် သူမက ပထမတိုက်ပွဲကွင်းပြင်ရှိ ပြိုင်ဘက်မှန်သမျှကို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိသည်ဟု လူတိုင်း သံသယဝင်နေမည် မဟုတ်တော့ပေ။

ထိုသို့ ပြသလိုက်သဖြင့် လေညင်းကျောင်းတော်က ရှားပါး၍ ထူးခြားသော တခြားမွန်းစတားများကိုလည်း ပြုစုပျိုးထောင်ပေးနေ၏ဟူ၍ ဆိုလို့ ရသွားလေပြီ။ လိပ်ပြာတိုက်ပွဲ တစ်ခုလုံးတွင် ဂျန်ရှီ၏ စွမ်းအားကို စိုးမိုးခြယ်လှယ်နိုင်သူ တစ်ယောက်မျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ဟူ၍ သတ်မှတ်နိုင်သည်။ ထိုမျှလောက် မွန်းစတားဆန်သော စွမ်းအားကို ထိုကောင်လေး ပိုင်ဆိုင်ထားသဖြင့် အိမ်ရှေ့စံက မနှစ်မြို့ဖွယ်ဖြစ်သော ထိုပြစ်မှုများကို ကျူးလွန်စရာ လိုမည်လားဟူ၍ လူတိုင်း ရုတ်တရက် နားမလည်နိုင် ဖြစ်သွားကြသည်။

အစောပိုင်း ပြိုင်ပွဲ မဝင်ဘဲ လက်လွှတ်အရှုံးပေးခဲ့သော ထိုကောင်များ အလွန်ကံကောင်းသွားကြသည်ဟူ၍ပင် သူတို့ တွေးထင်လိုက်ကြသည်။

ဆန္ဒအလျောက် လက်လွှတ်အရှုံးပေးခြင်းက အသက်အငယ်ဆုံးနှင့် ခန္ဓာကိုယ်အသေးဆုံး လူတစ်ယောက်၏ လူတိုင်းရှေ့မှာ အနိုင်ယူခံရပြီး အရှက်ကွဲရသည်ထက် စာလျှင် အနည်းငယ် ပိုအဆင်ပြေသည်။ သူတို့က အနည်းဆုံးတော့ ခံ့ခံ့ညားညား ပုံစံမပျက် တည်ရှိနိုင်သေးသည် မဟုတ်လော။

ကနေ့ ဇောင်းရွှမ်လို တစ်စက္ကန့်အတွင်းမှာ တစ်ချက်လေးမျှဖြင့် အနှိပ်ခံလိုက်ရလျှင် ရှက်ဖွယ်လိလိသာ ဖြစ်ချေသည်။ တခြားအရာကို ထည့်မပြောလျှင် ရှိစေဦး, ထိုသို့ တစ်ချက်တည်းဖြင့် ချေမှုန်းခံလိုက်ရလျှင်ပင် တကယ် ကြောက်မက်ဖွယ်ရာပင် ဖြစ်နေသည် မဟုတ်လော။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now