၇၉၂။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း

Start from the beginning
                                    

လေညင်းကျောင်းတော်သားများ ပြိုင်ဆိုင်ရသည့် တိုက်ပွဲကွင်းပြင်တိုင်းတွင် မယုံကြည်နိုင်လောက်အောင် မုန်တိုင်းထန်သွားသည်။ ဟွာယောင်းနှင့် တခြားလေးယောက်ကို လူတိုင်း အထင်သေးကြသည်။ သို့သော် ရုတ်တရက် လုံးဝ မငြင်းကွယ်နိုင်သော လွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းအားကို သူတို့ ပြသ၍ သူတို့၏ ပြိုင်ဘက်များကို စက္ကန့်ပိုင်းလေးဖြင့် အနိုင်ယူပြသွားကြသည်။

ခြွင်းချက်မရှိ အပြတ်အသတ် အနိုင်ရယူသွားခြင်း ဖြစ်သည်။

တိုက်ပွဲကွင်းပြင်တစ်ခုတည်းမှာသာ ထိုသို့ ဖြစ်ပါက, ကြက်ကန်းဆန်အိုးတိုးဟူ၍ ဆိုလို့ ရသေးသည်။ သို့သော် မတူကွဲပြားသော တိုက်ပွဲကွင်းပြင်ငါးခုစလုံးမှာ ထိုသို့ ဖြစ်သွားသဖြင့် မယုံကြည်နိုင်စရာ ဖြစ်သွားရသည်။ တခြားကျောင်းတော်များက ရုတ်တရက် သွေးရူးသွေးတန်းဖြင့် တုန်လှုပ်ချောက်ချားသွားကြသည်။

လေညင်းကျောင်းတော်က အထွတ်အထိပ် နေရာမှာ ရှိနေတုန်း အခါမှာပင်, ဒီလောက် တွေး၍ပင် မရနိုင်အောင် စွမ်းအားကောင်းသော တပည့်အုပ်စုကို စုစည်းနိုင်စွမ်း မရှိခဲ့ပေ။ လေညင်းကျောင်းတော်မှ ပြိုင်ပွဲဝင် ငါးယောက်စလုံးက အပြာရောင်ဝိညာဉ်စွမ်းအားရှင်များ ဖြစ်ကြသည်။ ခြွင်းချက်ပင် မရှိပေ။

(ဆယ့်ခြောက် ဆယ့်ခွန်နဲ့ အပြာရောင်ဝိညာဉ်စွမ်းအားရှင်တဲ့လား)

(အပြာရောင်ဝိညာဉ်စွမ်းအားရှင်ဆိုတာ ဘယ်လို ရူးသွပ်ချင်စရာ ကောင်းတဲ့ အမျိုးအစားလဲ။)

ဟွာယောင်းတို့က သူတို့၏ ဝိညာဉ်စွမ်းအားများကို ထုတ်ဖော်ပြသလိုက်ချိန်မှာ, တိုက်ပွဲကွင်းပြင်တစ်ခုလုံး လုံးဝ တိတ်ကျသွားခဲ့သည်။ ထို့နောက် သူတို့၏ ပြိုင်ဘက်ကို ကျိုးကြေသွားအောင် နှိမ်နင်းလိုက်ချိန်က မျက်စိတစ်မှိတ်အတွင်းသာ ဖြစ်သည်။ တိုက်ပွဲကွင်းပြင် ငါးခုစလုံးမှာ ထိုသို့ချည်းသာ ဖြစ်သွားကြသည်။ လေညင်းကျောင်းတော်ကို အထင်အမြင်သေးကြသော လူတိုင်း၏ မျက်နှာကို ဖြတ်ရိုက်သွားလေပြီ။

ထိုသို့ ဖြတ်ရိုက်လိုက်သံက ဘုရင့်နေပြည်တော် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

နေ့တစ်ဝက်တည်းဖြင့်ပင် လေညင်းကျောင်းတော်၏ ဂုဏ်သတင်းက ဘုရင့်နေပြည်တော်တစ်ခွင် အပြင်းအထန် ပျံ့နံ့သွားလေ၏။ လေ့ချန်က သူ၏ နန်းဆောင်တွင် ထိုင်နေစဉ်မှာ ၎င်းသတင်းကို လက်ခံရရှိလိုက်သည်နှင့် သူ ကိုင်ထားသော စုတ်တံက နှစ်ပိုင်းကျိုးသွားရသည်။

(ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်နှစ်နဲ့ အပြာရောင်ဝိညာဉ်စွမ်းအားရှင် ငါးယောက်တဲ့လား)

(ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ)

ပြိုင်ပွဲ၏ ပထမနေ့မှာတင် ဟွာယောင်းနှင့် ကျန်လေးယောက်၏ စွမ်းအားက လူတိုင်း ပါးစပ်ဖျားသို့ ရောက်ရှိသွားလေ၏။ ထိုအခိုက်မှာပင် လေညင်းကျောင်းတော်က နောက်တစ်ကြိမ် ကျောင်းတော်များကြားတွင် လူပြော အများဆုံး အဖြစ်သို့ ထိုးတက်သွားလေ၏။

ကျင့်ကြံခြင်း လမ်းစဉ်က ခက်ခဲပင်ပန်းမှန်း လူတိုင်း သိထားကြသည်။ ဆယ့်ခြောက် ဆယ့်ခွန်မျှဖြင့် အပြာရောင်ဝိညာဉ်စွမ်းအားရှင် ဖြစ်လာတာက ခက်ခဲသည်ဟု ပြောစရာပင် မလိုတော့ပေ။ ထိုအသက်အရွယ်မှာ လိမ္မော်ရောင်ဝိညာဉ်စွမ်းအား၏ အထွတ်အထိပ်သို့ ရောက်ရှိသူကိုပင် ပါရမီမြင့်မားသူဟူ၍ လက်ခံကြရသည်။ အဝါရောင်ဝိညာဉ်စွမ်းအားသို့ ထိုအသက်အရွယ်မှာ တိုးတက်သွားပါက ပါရမီရှင်များထဲမှ ပါရမီရှင်ဟူ၍ပင် ဆိုလို့ ရသွားသည်။ ကျောင်းတော်အများကြီးတွင် နဂါးသတ်ကျောင်းတော်, စစ်တံခွန်ကျောင်းတော်များပါ အပါအဝင်, အဝါရောင်ဝိညာဉ်စွမ်းအားသို့ ချိုးဖျက်တက်ရောက်သွားသော တပည့်က တစ်ယောက်တစ်လေပင် မရှိချေ။

သို့သော် အခု ကျဆင်းသွားပြီဟူ၍ သတ်မှတ်ထားသော လေညင်းကျောင်းတော်က အပြာရောင်ဝိညာဉ်စွမ်းအားရှင်ကို ဘာမျှ မဟုတ်သလို ထုတ်ပြလိုက်သည်။ တစ်ယောက်တည်းပင် မကဘဲ ငါးယောက်ကိုပင် ထုတ်ပြခဲ့သည်။

(လိပ်ပြာတိုက်ပွဲကို မည်သို့ ဆက်လက် ကျင်းပရတော့မည်နည်း။)

မကျော်လွှားနိုင်သော ဝိညာဉ်စွမ်းအား အဆင့်များကြောင့် သူတို့က သူတို့ ပြိုင်ပွဲများမှာ လုံးဝ ပြိုင်ဘက်ကင်းသွားကြလေပြီ။ လေညင်းကျောင်းတော်၏ အံ့မခန်း ကြီးကျယ်သော ဂုဏ်သတင်း၏ နောက်တစ်ဖန် တိုးတက်လာခြင်းက လေညင်းကျောင်းတော် နိမ့်ဆင်းကျသွားတာကို မျှော်လင့်စောင့်စားနေကြသူများကို မညှာမတာ ရိုက်ချလိုက်ခြင်းပင် ဖြစ်ပေသည်။

ရုတ်တရက် ပေါ်ပေါက်လာသော အပြာရောင်ဝိညာဉ်စွမ်းအားရှင် ငါးယောက်ကြောင့် ကုန်းမြေတစ်ခွင်ရှိ အင်အားစု အသီးသီးမှ ကင်းထောက်ရန် လျှို့ဝှက် စေလွှတ်ခံထားရသူများလည်း အံ့အားသင့် တုန်လှုပ်သွားကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now