၇၃၀။ ရှစ်ခု‌မြောက် ရိုက်ချက် (၁၁)

Start from the beginning
                                    

နင်ရူက ထိုအခိုက်တွင် သူမည်မျှလောက်ပင် ငြင်းဆိုသည် ဖြစ်စေ, အရာထင်တော့မည် မဟုတ်ကြောင်း သဘောပေါက်သွားသည်။

ဖန်ဂျင်၏ ဘေးတွင် ဖန်ဇို ရှိသည်။ ဖန်ဇိုရှိနေသရွေ့ သက်သေရှိနေမည် ဖြစ်ပြီး ဖန်ဂျင်၏ မူလဇာစ်မြစ်ကို ခိုင်မာစေလိမ့်မည်။ သူ ငြင်းခုံနေသရွေ့ အတုအယောင်အမျှသာ မြင်သွားလိမ့်မည်။

နင်ရူ လက်သီးကျစ်ကျစ် ဆုပ်လိုက်သည်။ သူ့ဘဝက ဒီမှာတင် မကြာခင် ပြီးဆုံးသွားတော့မည့် ကံကြမ္မာကို သူ လက်မခံနိုင် ဖြစ်သွားသည်။ သူက ဒီကိစ္စရပ်များကို ပြီးစေဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။ သူက လေညင်းကျောင်းတော်သားများကို မိုးကောင်းကင်အဆုံး ချောက်နက်သို့ အောင်မြင်စွာ ခေါ်ဆောင်သွားဖို့သာ လိုတော့သည်။ ထိုကိစ္စပြီးလျှင် ဂုယင်က သူ့အား နှောင့်ယှက်တော့မည် မဟုတ်ပေ။ သူက လေညင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးအနေဖြင့် ဆက်လက် နေနိုင်မည် ဖြစ်သည်။

ခရီးစဉ်အတွင်းမှာ လေညင်းကျောင်းတော်သားများ, ဆရာများ အားလုံး အသက်ဆုံးရှုံးသွားခဲ့လျှင်တောင်, ဌာနခွဲမှ တပည့်များကို တဖြည်းဖြည်း ပြန်လည် စုဆောင်း၍ နှစ်အနည်းငယ်အတွင်းမှာ ပြန်လည် ထူထောင်၍ ကျောင်းတော်ကို မူလအတိုင်း အဆင့်အတန်း မြင့်မားစေနိုင် ဖြစ်သည်။ သူက လေညင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးဟူ၍ လူများ အားကျအထင်ကြီးစရာ ဖြစ်လာလိမ့်မည်။

၎င်းအဆင့်အတန်းနှင့် ရာထူးကို သူ့တစ်ဘဝလုံး မျှော်လင့်တမ်းတခဲ့ရသည်။ အခု သူ့မျက်စိရှေ့သို့ ရောက်ရှိနေလေပြီ။ အမိအရ ဆုပ်ကိုင်မိဖို့ လက်တစ်ကမ်းသာ လိုတော့သည်။ သို့သော် ဆယ်ကျော်သက်အရွယ် ကောင်လေးနှစ်ယောက်ကြောင့် ၎င်းအရာက ပျက်စီးမလို ဖြစ်လာရသည်။ သူ့စီမံကိန်း, သူ့အိပ်မက်မှန်သမျှ ဖရိုဖရဲ ပျက်စီးရတော့မည်။

နင်ရူ သူတို့ကို မည်သို့ မမုန်းတီးဘဲ နေမည်နည်း။

သို့သော် အခု သူ့မှာ ပြန်လှည့်စရာ လမ်းကြောင်း မရှိတော့ပေ။ သို့သော်လည်း....

နင်ရူက အတွေးများနေသော ဂုယင်သို့ လှည့်ကြည့်၍ အငြိုးသိုသော မျက်လုံးများဖြင့် စူးစိုက် ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် ကြမ်းကြုတ်ရက်စက်မည့် အလင်းရောင်က ရုတ်တရက် တဖျပ်ဖျပ် လင်းလက်လာသည်။

(ဖန်ဂျင်က သူ့ပြစ်မှုကို ရှင်းလင်းနိုင်တော့ရော ဘာဖြစ်လဲ၊ လူတိုင်းရှေ့မှာ သူ၏ မိစ္ဆာဆန်သော ရည်ရွယ်ချက်များ ပေါ်‌ပေါက်သွားတော့ရော ဘာဖြစ်လဲ။)

(လေညင်းကျောင်းတော်ရှိ လူများက ကြာရှည် အသက်ရှင်တော့မည် မဟုတ်ပေ။ သူတို့ မိုးကောင်းကင်အဆုံး ချောက်နက်သို့ ရောက်ချိန်မှာ သူတို့ ချောက်နက်ထဲမှာ နည်းပေါင်းစုံဖြင့် သေဆုံးသွားကြလိမ့်မည်။ ကနေ့ ဒီမှာ ဖြစ်ပျက်ခဲ့သမျှကို မည်သူမျှ သိနိုင်ကြတော့မည် မဟုတ်ပေ။)

ဂုယင်, မင်း ဒီလူတွေကို ချောက်နက်ထဲ ဆင်းစေလိုသေးလားနင်ရူက အသံနှိမ့်၍ မေးသည်။

ဂုယင်က ရထားလုံးထဲမှာ ဂျန်ရှီ ရှိ မရှိ သေချာအောင် ကြိုးစားသုံးသပ်နေသည်။ ထိုချိန်မှာ နင်ရူ၏ စကားကို သူ ရုတ်တရက် ကြားလိုက်သည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်၍ မေးသည် ဘာလဲ၊ ခင်ဗျား ပြန် ရုတ်သိမ်းမလို့လား။

နင်ရူက ရယ်မောလျက် ပြောသည် ငါ့စကားကို ပြန်မရုတ်သိမ်းဘူး၊ ဒါပေမဲ့ ငါတို့ စီမံကိန်းကို ဝင်ရောက် နှောင့်ယှက် ဖျက်ဆီးနေတဲ့ ကောင်တွေ ရှိနေကြတယ်၊ ဖန်မိသားစုဝင် သုံးယောက်လုံးကို မင်းက ဖယ်ရှားပစ်ဖို့ ရည်ရွယ်ထားမှတော့, ကျန်တဲ့နှစ်ယောက်က အခု ငါတို့ ရှေ့မှာ ရောက်ရှိနေပြီ မဟုတ်ဘူးလား၊ မင်း ဘာ့အတွက် အချိန်ကုန်ခံနေပြီး အတွေးများနေရတာလဲ။

ဂုယင်က မျက်ခုံးပင့်၍ တုံးတိတိ ပြောလိုက်သည် ခင်ဗျား သူတို့ကို သေစေချင်ရင်, ကျုပ် သူတို့ကို အချိန်မရွေး သတ်ပစ်နိုင်တယ်။

ထိုအခိုက်တွင် သူက ဖန်ဂျင်နှင့် ဖန်ဇိုကို စိတ်မဝင်စားပေ။ သူ့အား ထပ်ပြန်တလဲလဲ ပါးပါးနပ်နပ်ဖြင့် ကျောချသွားသော ဂျန်ရှီ ဘယ်မှာ ရှိနေသလဲ ဆိုတာသည်သာ သူ သိချင်နေသော အရာတစ်ခု ဖြစ်သည်။

ဂုယင် သဘောတူလိုက်သဖြင့် နင်ရူက နောက်ဆုံးတွင် စိတ်အေးသွားသည်။ သူက ကြောက်ရွံ့ဟန်ကို လုံးဝ မပြတော့ပေ။ ထိုလူများ သေသွားသည်နှင့် မည်သူမျှ သူ၏ အပုပ်အသိုး ကိစ္စရပ်များကို ရှာဖွေ သိရှိကြမည် မဟုတ်ပေ။ ထို့ပြင် သူ အမြဲတမ်း တောင့်တခဲ့သော ကျောင်းအုပ်ကြီးအနေဖြင့် နေထိုင်နိုင်သွားလိမ့်မည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now