၇၂၁။ ရှစ်ခုမြောက် ရိုက်ချက် (၂)

Start from the beginning
                                    

ငါတို့ တစ်လလုံးလုံး စောင့်နေခဲ့ကြတယ်၊ သူတို့ အရိပ်အယောင်ကိုတောင် မမြင်ခဲ့ကြရဘူး၊ နှစ်ပေါင်းအများကြီး ကြာလာခဲ့တာတောင် သူတို့ အသက်ရှင်သန်နေတယ်ဆိုတဲ့ သတင်းအစအနလေးတောင် မရရှိတော့ဘူး၊ မိုးကောင်းကင်အဆုံး ချောက်နက်က နာမည်ဆိုး ထွက်နေခဲ့တာ၊ အန္တရာယ်တွေက ကျော်လွှားလို့ မရတဲ့ အရာတွေ ဖြစ်တယ်၊ ဒါ အခု လူတိုင်း ကျယ်ကျယ်ပြန့်ပြန့် သိနေကြတာပဲ၊ ကျောင်းအုပ်ကြီးက ငါတို့ ကျောင်းသားတွေကို အဲနေရာကို သွားခိုင်းဖို့ မသင့်ဘူး၊ အဲလိုသာ မဟုတ်ရင် ရလဒ်က ဒုက္ခရောက်သွားလိမ့်မယ်။

မိုးကောင်းကင်အဆုံး ချောက်နက်က နောက်ပိုင်းတွင် အိပ်မက်ဆိုးသဖွယ် ဖြစ်လာသည်။ သူ ဆယ်ကျော်သက်အရွယ်မှာ ရောက်ဖူးခဲ့သည်။ သူ့ဖခင်နှင့် ဦးလေးက သူတို့ ခေတ်အခါမှာ အဆင့်မြင့် ကျွမ်းကျင်သူများထဲမှာ ပါဝင်သူများ ဖြစ်ကြသည်။ သူတို့က အတော်ကြာကတည်းက မိုးကောင်းကင်အဆုံး ချောက်နက်နှင့် ပတ်သက်သော အကြောင်းအရာ မျိုးစုံကို ကြားဖူးခဲ့ကြသည်။ သူတို့က မိုးကောင်းကင်အဆုံး ချောက်နက်၏ တည်နေရာကို သိခွင့်ရလာကြပြီး သူတို့နှင့် စွမ်းအားတူ တခြားကျွမ်းကျင်ပညာရှင်များကို အတူတူ သွားရောက်ဖို့ ဖိတ်ခေါ်ခဲ့ကြသည်။

နန်ဂုန်းစီက သူတို့နှင့် အပျော်သဘော လိုက်သွားခဲ့သည်။ သို့သော် ထိုအဆင့်မြင် ကျွမ်းကျင်ပညာရှင်များမှ တစ်ယောက်တစ်လေမှ အသက်ရှင်လျက် ပြန်မရောက်ခဲ့ပေ။ ကာလများ ကြာညောင်းသွားချိန်မှာ ချောက်နက်အောက်ခြေသို့ ဆင်းသွားကြသော ထိုကျွမ်းကျင်ပညာရှင်များ အားလုံး ထိုချောက်ထဲမှာပင် အသက်ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း လက်ခံလိုက်ရတော့သည်။

နင်ရူက လေညင်းကျောင်းတော်သား တပည့်များကို မိုးကောင်းကင်အဆုံး ချောက်နက်သို့ လေ့ကျင့်ရေး ခရီးစဉ်အဖြစ် မဖြစ်နိုင်သော အကြံကို မည်သို့ ရသွားမှန်း သူ မသိပေ။ သို့သော် ၎င်းကိစ္စရပ် မဖြစ်ခင် တကယ်ပင် သူ တားမြစ်ရလိမ့်မည်။

နင်ရူက နန်ဂုန်းစီကို ကြည့်လျက် စိတ်ရှုပ်ထွေးဟန် ‌ဆောင်၍ ထရပ်လာကာ ပြောသည် အဲနေရာက တကယ့်ကို မိုးကောင်းကင်အဆုံး ချောက်နက်လား။

နန်ဂုန်းစီက နောက်ဆုံးတွင် နင်ရူ၏ တုံ့ပြန်လာခြင်းကို တွေ့မြင်၍ စိတ်သက်သာလာပြီး အလျင်အမြန် ခေါင်းညိတ်ပြသည်။ ငါ အရမ်း ကျိန်းသေတယ်၊ လုံးဝ မမှားဘူး။

နင်ရူက ဆက်မေးသည် အကို နန်ဂုန်းက မိုးကောင်းကင်အဆုံး ချောက်နက်အကြောင်းကို တစ်ယောက်ယောက်ကိုများ ပြောမိသေးလား။

နင်ရူ၏ မေးခွန်းသဘောက စောင်းမြောင်းမေးနေပုံ ပေါက်နေသော်လည်း, ရိုးစင်း ဖြောင့်မတ်၍ တည့်တိုးဆန်သော နန်ဂုန်းစီက မည်သည့် ထူးဆန်းမှုကိုမျှ သတိမပြုမိပေ။ နင်ရူက အနေအထားက အရေးကြီးမှန်း သတိပြုမိသွားပြီး လေ့ကျင့်ရေး ခရီးစဉ်ကို ပယ်ဖျက်ပစ်လိမ့်မည်ဟူ၍သာ သူ မှတ်ယူလိုက်သည်။

ထိုအတွေးဖြင့် နန်ဂုန်းစီက ဆက်ပြောသည် မြေပုံရဲ့ တည်နေရာကို မှတ်မိလိုက်တာနဲ့ ငါ ချက်ချင်း ဒီ ပြေးလာခဲ့တာ၊ ဒီအကြောင်းကို တစ်ယောက်ယောက်ကို ပြောဖို့ ငါ့မှာ အချိန်တောင် မရှိခဲ့ဘူး။

နန်ဂုန်းစီ၏ ပြောဆိုချက် ပြီးသည်နှင့် နင်ရူက ရက်စက်ယုတ်မာစွာ ရုတ်တရက် ထရယ်လိုက်သည်။

ခင်ဗျား ဘယ်သူ့ကိုမှ မပြောခဲ့ဘူးဆိုတော့, ဒါဆို အရာရာ အဆင်ပြေသွားတာပေါ့။

နင်ရူက ဘာ့ကြောင့် ဒီလိုမျိုး ပြောနေရသလဲဟူ၍ နန်ဂုန်းစီ ထူးဆန်းသလို စတင်ခံစားလာရချိန်မှာပင် သန်မာပြင်းထန်သော လူသတ်ငွေ့ သူ့နောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာတာကို သူ ထောက်လှမ်းမိသွားသည်။ နန်ဂုန်းစီက ၎င်းအန္တရာယ်နှင့် ရင်ဆိုင်ရန် လှည့်ကြည့်လိုသည်။ သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် သေးသွယ်သော လက်တစ်ဖက်က သူ့ကျောဘက်မှ သူ့ရင်ဘတ်ထိ ထိုးဖောက်၍ ဝင်ရောက်သွားလေ၏။

နီရဲရဲ သွေးများက နန်ဂုန်းစီ၏ ရင်ဘတ်မှ ပွင့်ထွက်၍ စီးကျလာလေ၏။ သူက သူ့ရင်ဘတ်ကို စိုက်ကြည့်လိုက်သည်။ တုန်လှုပ်သွားသဖြင့် သူ မျက်လုံးပြူးသွားသည်။ ရယ်နေဆဲ ဖြစ်သော နင်ရူကို သူ ပြန်ကြည့်လိုက်သည်။

နန်ဂုန်းစီ, ဘာ့ကြောင့် ဒီလောက် ဝင်စွက်ဖက်ရတာလဲ နင်ရူ၏ အပြုံးက အချိုးမကျစွာ တွန့်လိမ်သွားလေ၏။ သူက နန်ဂုန်းစီအား နောက်ဘက်မှ အလစ်တိုက်ခိုက်သော လူကို ခေါင်းငဲ့ ကြည့်လိုက်သည်။

ဂုယင်၏ နှုတ်ခမ်းများက တွန့်လိမ်တက်သွားသည်။ သူက အူမြူးနေလေ၏။ နန်ဂုန်းစီ၏ ခန္ဓာကိုယ်ထဲ ထိုးထည့်လိုက်သော သူ့လက်ကို သူ ပြန်ရုတ်သိမ်းလိုက်သည်။ နွေးနေဆဲ့ သွေးများက သူ့လက်မှ တဆင့် တစက်စက် စီးကျလာလေ၏။ ကြမ်းပြင်ပေါ်မှာ အနီရောင် သွေးအိုင်ငယ် ဖြစ်ပေါ်လာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now