၆၈၁။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၆)

Start from the beginning
                                    

ကျောက်ချူတို့အုပ်စုကို အောက်ဘုံမှာ စွမ်းအားအကောင်းဆုံးများဟူ၍ သတ်မှတ်လို့ ရသည်။ သို့သော် သူတို့ ပူးပေါင်း၍ အမှောင်နိုင်ငံ တည်ဆောက်ထားသော ထောင်ချောက်များနှင့် ရင်ဆိုင်ရချိန်မှာ သူတို့က ရုတ်တရက် ပမွှားများသာ ဖြစ်သွားကြရသည်။

ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။

သူတို့ ဒီလာရခြင်း၏ ရည်ရွယ်ချက် အောင်မြင်ခဲ့သည်။ မိုးကောင်းကင်အဆုံး ချောက်နက်အကြောင်းကို လေ့လာဖို့ ရည်ရွယ်ချက် ဖြစ်သည်။ သူတို့ လက်ရှိအနေအထားအရ သူတို့ခရီးအဆုံးကို ရှာဖွေဖို့ မဖြစ်နိုင်မှန်း သူတို့ သေချာသိကြသည်။ သူတို့ ဆက်လက် လုပ်ဆောင်ဖို့ ရည်ရွယ်ချက် မရှိကြချေ။

ဖန်ဇိုနှင့် တခြားသူများ သူတို့ စိတ်ကို တည်ငြိမ်အောင် လုပ်ကြသည်။ သူတို့ခန္ဓာကိုယ်များကို အနားပေးကြသည်။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ထွက်ခွာဖို့ သူတို့ ပြင်ဆင်ခြင်းပင် ဖြစ်သည်။

သူတို့ အဖွဲ့က သုံးရက်လုံးလုံး ကျောက်တုံးအိမ်ထဲမှာ အနားယူကြသည်။ သူတို့ ရေနှင့် အစားအသောက် ခွဲတမ်းကို သုံးဆောင်ကြပြီးနောက် သက်ဝင်လှုပ်ရှားနေသော ငရဲချောက်မှ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဂျန်ဝုရှီက လော့မဲ့မဲ့ကို ချီမလာသည်။ ကျောက်တုံးအိမ်မှ ခြေတစ်လှမ်း လှမ်းထွက်ပြီးချိန်မှာ အကြမ်းထည်ဆန်သော ကျောက်တုံးအိမ်လေးကို သူမ နောက်ပြန် လှည့်ကြည့်သည်။ သူမ တိတ်ဆိတ်နေပြီး လော့မဲ့မဲ့ကို ယဲ့ရှအား ချီခိုင်းထား၍ နောက်တစ်ကြိမ် ကျောက်တုံးအိမ်လေးနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။ သူမ ၎င်းကျောက်တုံးအိမ်လေးမှ အရာများများ ရယူနိုင်ခဲ့သည်။

သူမ၏ လက်ထဲမှာ ရုတ်တရက် ငွေရောင် လက်စွပ်လေး ပေါ်ထွက်လာတာကို မြင်ရလျှင် ကျောက်ချူတို့က အံအားတသင့်ဖြင့် ဂျန်ဝုရှီကို ကြည့်မိကြသည်။ ဂျန်ဝုရှီက ဟောင်းနွမ်း၍ အသုံးမပြုတာ ကြာပြီဖြစ်သော လက်စွပ်လေးကို ငုံ့ကြည့်လိုက်သည်။

၎င်းလက်စွပ်ကို ကျောက်တုံးအိမ်၏ ထောင့်စွန်းလေးမှာ သူမ ရှာတွေ့ခဲ့ခြင်း ဖြစ်၏။ ကျောက်တုံးအိမ်ပိုင်ရှင်၏ လက်စွပ်ဟူ၍ သူမ ယူဆထားသည်။ သူ သေဆုံးချိန်မှာ လက်စွပ်ဝိညာဉ်လည်း ခွဲခွာသွားခဲ့သဖြင့် အခု ဝိညာဉ်စွမ်းအား မရှိသော သာမန်လက်စွပ်တစ်ကွင်းအဖြစ်သာ ကျန်ရစ်တော့သည်။

လင်းလက်နေသော လက်စွပ်မျက်နှာပြင်ကို ဂျန်ဝုရှီ ပွတ်သပ်လိုက်သည်။ သူမ အ‌တော်ကြာကြာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် လက်စွပ်ကို ဝတ်ဆင်လိုက်သည်။

နောက်တစ်ခဏမှာ သူမ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။

ကျောက်တုံးလေးကို မျက်နှာမူ၍ သူမ တည်ကြည်လေးနက်စွာ ဦးညွတ်၍ အရိုအသေပေးလိုက်သည်။ မြေပြင်နှင့် သူမနဖူးတို့ သုံးကြိမ်သုံးခါ ကျယ်လောင်စွာ ထိသွားကြသည်။

ကျမ အသင့်နာမည်ကို မသိပါဘူး၊ ဒါပေမဲ့ ကျမကို အသိပညာ ဖြန့်ဝေပေးခဲ့လို့ အသင့်ကို ဂျန်ဝုရှီ ရိုသေမြတ်နိုးရတဲ့ ဆရာသခင်လို့ အခု ကျမ အသိအမှတ်ပြုပါတယ်၊ အသင်က ဒီကမ္ဘာပေါ်မှာ အသက်မရှင်သန်တော့ပေမဲ့, အသင့်အလိုအတိုင်း အသင့်ကို မိုးကောင်းကင်အဆုံး ချောက်နက်ကနေ သယ်ထုတ်သွားပါ့မယ်။ ဂျန်ဝုရှီ၏ လေသံက တည်ငြိမ်အေးဆေး၍ ပြတ်သားသည်။ သူမမျက်လုံးများက မြဲမြံပြီး ဆုံးဖြတ်ချက် ပြတ်သားသည်။

အသိပညာဖြန့်ဝေပေးသော စာကြောင်းက တိုတောင်းသော်လည်း အရေးပါသော စွမ်းရည်ကို သူမအား လက်ခံရရှိစေခဲ့သည်။ ထိုလူ သေသွားတာ မည်မျှလောက်ပင် ကြာခဲ့ပါစေ, ကိစ္စမရှိချေ။ သူက သူမ၏ ထာဝရ ဆရာသာ ဖြစ်လိမ့်မည်။

ကျောက်ချူတို့က မြူထုထဲမှာ ဝတ်ရုံများ ခြုံထားလျက် ဂျန်ဝုရှီကို ကြည့်၍ စိတ်လက်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ သူမစကားများကို ကြားပြီးနောက် သူတို့အားလုံး အပြုံးများ ဝေဆာသွားကြသည်။

ဂျန်ဝုရှီ၏ အသံက မြူထုထဲမှာ ပျောက်လွင့်သွားသည်နှင့် ဘယ်တုန်းကတည်းက တည်ရှိခဲ့သည် မသိသော ကျောက်တုံးအိမ်လေးက ရုတ်တရက် သိမ့်သိမ့်တုန်ခါလျက် ခဏချင်း ပြိုကျပျက်စီးသွားလေ၏။

နံရံကျော်အုတ်များက ပြိုလဲ၍ မီးလောင်၍ မဲနက်နေသော မြေပြင်မှာ ပြန့်ကျဲသွားကြသည်။ ဖုန်မှုန့်များလည်း တထောင်းထောင်း ဖြစ်သွားလေ၏။

ဖုန်မှုန့်များအတွင်းမှာ သန်မာတောင့်တင်းသော လူကြီးတစ်ယောက်၏ ပုံရိပ်ကို မပီဝိုးတဝါး ဂျန်ဝုရှီ တွေ့မြင်လိုက်သည်။ ပုံရိပ်ယောင်ဖြစ်ပြီး အစစ်အမှန် မဟုတ်ချေ။ သူ့မျက်နှာမှာ အပြုံးတစ်စ ခိုတွဲနေပုံရသည်။ ဖုန်မှုန့်များက လျင်မြန်စွာ ငြိမ်ကျ၍ ပျောက်လွင့်သွားသည်။ ၎င်းပုံရိပ်လည်း ဘာမှ မရှိခဲ့သလို အလျင်အမြန်ပင် ပျောက်ကွယ်သွားလေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now