၆၅၁။ ငါ့လူနာကို မရှုပ်နဲ့ (၃)

Start from the beginning
                                    

ခဏလေးဖြင့်ပင် လော့မဲ့မဲ့က သူတို့ကို မှီသွားသည်။ သူတို့က အလွန် ကြောက်လန့်နေကြသဖြင့် သူတို့၏ လက်စွပ်ဝိညာဉ်များအား လော့မဲ့မဲ့ကို တိုက်ခိုက်ရန် စူးစူးဝါးဝါး အော်ဟစ် အမိန့်ပေးကြသည်။ သို့သော်ငြား လော့မဲ့မဲ့က သူ့အမြီးကို မထူးခြားနားစွာ ဝှေ့ယမ်း၍ မဖြစ်စလောက် ၎င်းဝိညာဉ်သားရဲများကို လွင့်ပျံသွားအောင် ရိုက်ထုတ်လိုက်သည်။

ဝိညာဉ်သားရဲများက လေထဲ လွင့်ပျံသွားသည်။ သို့သော် လော့မဲ့မဲ့က သူတို့ကို လွယ်လွယ်ကူကူ လွှတ်မပေးပေ။ လော့မဲ့မဲ့က သူတို့ကို အမြီးဖြင့် ပြန်ဖမ်း၍ မြေပြင်ပေါ်သို့ အပြင်းအထန် ဆောင့်ချလိုက်သည်။

တောအုပ်ထဲတွင် သနားစဖွယ် အော်ဟစ် ငိုကြွေးသံများ ဆူညံသွားသည်။ ဝိညာဉ်ခန္ဓာကိုယ်များက သွေးမထွက်ကြသော်လည်း ၎င်းဝိညာဉ် သားရဲများ နာကျင်ခံစားကြရသည်သာ။

လော့မဲ့မဲ့က ၎င်းဝိညာဉ်သားရဲများကို သေမတတ် ဖြစ်အောင် ယိုင်နဲ့နဲ့ ဖြစ်သွားသည်အထိ နှိပ်စက်လိုက်သည်။ သူတို့က နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားဖို့ပင် မတတ်နိုင်ကြတော့ပေ။

ထိုလူများက သူတို့၏ လက်စွပ်ဝိညာဉ်များ အသာအယာ အနိုင်ယူခံလိုက်ရတာကို တွေ့မြင်ရလျှင် အော်ဟစ်လျက် အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးကြသည်။

လော့မဲ့မဲ့က အလျင်မလိုပေ။ သူက အမြီးတစ်ချောင်းဖြင့် အားနည်းချည့်နဲ့နေသော သားရဲဝိညာဉ်များကို ပတ်ချီ၍ အပြည့်အဝ မတ်တပ်ရပ်လိုက်သည်။ အမြင့်ဆုံး မြင်ကွင်းမှ ကြည့်လိုက်လျှင် ပြေးလွှားနေသော ထိုလူများအားလုံးကို သူ တွေ့မြင်ရသည်။

ညပိုင်း တိတ်ဆိတ်ငြိမ်သက်ခြင်းက တစ်ခါတရံ အော်ဟစ်သံ, ငိုကြွေးသံတို့ဖြင့် ပျက်စီးသွားရသည်။ သူတို့အသံများက စိတ်ပျက်အားငယ်ခြင်း‌ ကြောက်လန့်ခြင်းဖြင့် ပြည့်နှက်နေသည်။ သို့သော် ပတ်ပတ်လည်တွင် ကြားနိုင်မည့်သူ မည်သူမျှ မရှိချေ။

မုကွိုင်ဖန်၏ ဒဏ်ရာများကို ကုသပေးပြီးနောက် အနက်ရောင်သားရဲကြီးက သူ့အတိုင်းအတာကို ကျော်လွန်သွားပြီမို့ သားရဲကြီးအသွင်ကို ဆက်လက် မထိန်းထားနိုင်တော့ဘဲ ကြောင်နက်လေးအသွင်သို့ ပြန်ပြောင်းသွားသည်။ သူက ပင်ပန်းလွန်းသဖြင့် မြေပြင်ပေါ်တွင် ခွေလိပ်သွားရသည်။ တစ်လက်မမျှပင် သူ မလှုပ်ရှားနိုင်တော့ချေ။

ဂျန်ဝုရှီက သူမလက်ကို မြှောက်၍ ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို အသုံးပြုပြီး ကြောင်နက်လေးကို ဖြည်းဖြည်းချင်း ကုစားပေးသည်။

သူတို့ ခြေထောက်အောက်ရှိ မြေပြင်က တုန်လှုပ်လာသည်။ ဂျန်ဝုရှီက မော့ကြည့်လိုက်သည်။ လော့မဲ့မဲ့ ပြန်လာသည်။ လော့မဲ့မဲ့၏ အမြီးတွင် ထွက်ပြေးသွားသူများနှင့် သူတို့၏ လက်စွပ်ဝိညာဉ်များကို ဖမ်းချုပ်လာခဲ့သည်။ လက်စွပ်ဝိညာဉ်များက လွန်စွာ ထိခိုက်နေပြီး အရောင်ပင် ဖောက်ထွင်း မြင်နေရလေပြီ။

ဂျန်ဝုရှီ မျက်မှောင်ကြုတ်လိုက်သည်။ လော့မဲ့မဲ့က သူ့အမြီး ရှစ်ချောင်းကို ဂျန်ဝုရှီရှေ့သို့ တွန်းပို့၍ ဖမ်းချုပ်ထားသူများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

မ...မသတ်..ပါနဲ့... ခေါင်းဆောင်လုပ်သူက အလွန်ကြောက်လန့်နေပြီး ပျော့ခွေကာ မြေပြင်ပေါ်မှာ ထိုင်နေသည်။ သူက ဂျန်ဝုရှီကို ကြောက်လန့်တကြားဖြင့် ကြည့်လိုက်သည်။ သူ့မျက်နှာမှာ သွေးရောင် မရှိတော့ချေ။

တခြားလူများလည်း သူတို့ခေါင်းဆောင်၏ ဘေးတွင် ကြောက်ရွံ့ထိတ်လန့်လျက် တုန်ယင်နေပြီး ဒူးထောက်ထားကြသည်။ သူတို့ နေရာမှ နည်းနည်းလေးပင် မရွေ့လျားရဲကြချေ။

ဘာလို့ နင်တို့ သူ့ကို သတ်ချင်ရတာလဲ ဂျန်ဝုရှီက ထိုလူကို စူးစူးရဲရဲ ကြည့်လျက် မေးသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now