Part-7(Uni)

173K 9.8K 2.5K
                                    

ထမင်းစားနေသည့် ညီ့အရိပ်အကဲကို ကောင်း သေချာစောင့်ကြည့်နေရသည်။သူတို့က ဒီနေ့ပဲ အိမ်ပေါ်ကဆင်းပေးရတော့မှာဖြစ်သည်။ဒီအိမ်ကြီးမှာ သူတို့နေလာတာ ဆယ်စုနှစ်တစ်ခုအထိတောင် ကြာခဲ့ပြီးမှ အိမ်ပြောင်းရမယ်ဆိုတာကျတော့ ဒီနေ့မှသိခွင့်ရသည်။

ဦးသစ်ကို ဖုန်းဆက်တာလည်း ဖုန်းကစက်ပိတ်နေသဖြင့် ရှေ့နေကြီးကိုပဲ ဖုန်းဆက်ပြောရသည်။ရှေ့နေကြီးကတော့ တိုက်ခန်းတစ်ခု စီစဥ်ပေးမည်ဟု ပြောသည်။လာခေါ်ပေးဖို့တော့ သူလည်း အဆင်မပြေဖြစ်နေလို့ပါတဲ့။ကြားဖူးတဲ့စကားလိုပဲ...ကိုယ့်ဒုက္ခအတွက် ဘယ်သူ့မှာမှ တာဝန်ရှိမနေတာ။

လောလောဆယ် ညီ့ကိုဘယ်လိုပြောပြီး ခေါ်ထုတ်သွားရမှန်း မသိဖြစ်နေ၏ညီ့ကိုခေါ်သွားလို့ရရင် ပစ္စည်းတွေကို နောက်နေ့မှ ပြန်လာယူလို့ရသည်။ဖြစ်ပျက်သမျှ ဘာမှမသိရှာတဲ့ ညီဖြစ်သူကို ကောင်း ဘယ်ကစပြောရမှန်း တကယ်မသိ။ညီ သူ့အခန်းထဲ ဝင်မသွားခင် တစ်နည်းနည်းနဲ့ ပြောမှဖြစ်လိမ့်မည်။ထို့ကြောင့်....

"ညီ ထမင်းစားပြီးရင် ကိုကိုတို့ ဦးသစ်ဆီကို ခဏသွားရအောင်နော်"

ညီ့မျက်ခုံးလေးတွေ တွန့်ချိုးသွားပြီး

"မသွားချင်ဘူး"

ကောင်းမျက်နှာပျက်သွားသည်။ဘေးမှာရပ်နေသည့် ကြီးမေနှင့်Nurseမလေးကလည်း မျက်နှာမကောင်းကြ။အသက်20အရွယ်ညီက ဖြူဖြူသေးသေးလေးပဲဖြစ်ကာ ခုချိန်ထိ စိတ်ဝေဒနာရှင်လေးအဖြစ်ပဲ အရိပ်အကဲကြည့်နေရတာဖြစ်သည်။

"ဦးသစ်က ညီ့ကိုတွေ့ချင်လို့တဲ့၊ခေါ်လာခဲ့ဖို့ ပြောနေတာ"

"မသွားချင်ဘူး၊မသွားဘူး"

ပြောပြီးညီ့မျက်လုံးတွေက တစ်ခုခုကို ကြောက်ရွံ့သလိုမျိုး အသားတွေ တဆတ်ဆတ်တုန်လာ၏ညီက အပြင်ကိုတစ်ခါမှ မထွက်ပါ။ငယ်စဥ်က သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် အပြင်ထွက်ရင် သူ့ကိုသူပစ်သတ်ခံရမယ်လို့ပဲ တထစ်ကျယုံကြည်နေတော့တာဖြစ်သည်။

ဒီအိမ်ကိုပြောင်းလာတုန်းကလည်း သူအိပ်ပျော်နေတုန်း​ ပွေ့ခေါ်လာကြရတာဖြစ်သည်။သူနိုးလာတော့ အိမ်အသစ်နဲ့ အသားမကျသဖြင့် စိတ်ဖောက်ပြန်တာ ခဏခဏ။အခုအရွယ်ညီ့ကို အိပ်နေတုန်းပွေ့ခေါ်သွားဖို့ဆိိုတာက ဖြစ်နိုင်ပါ့မလား။ကြီးမေကလည်း ရိပ်မိပုံပင်။

Main(Enemy Of The Mafia Guy)Where stories live. Discover now