၄၀၆။ "မျှော်လင့်မထားသည့် ရှုပ်ထွေးမှု - ၁"

Start from the beginning
                                    

၎င်းအချက်ကို သူ သတိပြုမိလျှင် သူ့နှလုံး ခုန်ပေါက်သွားသည်။

ဂျန်ဝုရှီ ရုံးခန်းထဲမှ ထွက်လာသည်နှင့် ဝိညာဉ်ကုစားဌာနမှ ချက်ချင်းပင် လျှောက်လှမ်းထွက်ခွားသည်။ နောက်ကို လှည့်လို့ပင် မကြည့်တော့ချေ။

ဂျန်ရှီ၏ လေးနက်သည့် အမူအရာများကို ယင်ယန်က ကွယ်ရာမှ ကြည့်နေသည်။ ဂျန်ရှီ၏ အမူအရာက သူ့ကို ဝိညာဉ်ကုစားဌာနမှ ထုတ်လိုက်သည့်အချက်ကို ယင်ယန်အား ပြောပြနေသလို ဖြစ်နေသည်။

တိုတောင်းသည့် တစ်ရက်တည်းဖြင့် ဂျန်ရှီကို ဝိညာဉ်ကုစားဌာနမှ ထုတ်လိုက်သည့် သတင်းက လေညင်းကျောင်းတော်တွင် လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။

သည်ကိစ္စက တခြားတစ်ယောက်သာ ဆိုလျှင် သည်မျှလောက် လူအများ စိတ်ဝင်စားသွားမည် မဟုတ်ပေ။ သို့သော် ဂျန်ရှီက ကျောင်းတော်သို့ ဝင်ရောက်လာသည့် တစ်ရက်တည်းဖြင့်ပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့သည်မဟုတ်လော။ အခု လေညင်းကျောင်းတော်တွင် ဂျန်ရှီဆိုသည့် နာမည်ကို မသိသူ မရှိသလောက် ဖြစ်သွားခဲ့သည် မဟုတ်လော။

လေညင်းကျောင်းတော်သို့ ဂုဏ်ယူဝင့်ကြွားစွာ ဝင်ရောက်လာပြီး အဆုံးမရှိ ဖြစ်နိုင်ချေများ ရှိသူဟူ၍ သူ့ကို သတ်မှတ်ထားကြသည်။ ကံကောင်းခြင်းများစွာ ရရှိခဲ့သူက, အခုတော့ ဝိညာဉ်ကုစားဌာနသို့ လှမ်းဝင်လာသည့် ပထမနေ့မှာပင် ထုတ်ပယ်ခံရလေပြီ။ သူ့ကျဆုံးခန်းက လျင်မြန်လွန်းလှပြီး မည်သူမျှ မျှော်လင့်မထားကြသဖြင့် လူတိုင်းအား အကြီးအကျယ် လှုပ်ခတ်သွားစေသည်။

ဝိညာဉ်ကုစားဌာနနှင့် မသင့်လျော်သည့် တပည့်များကို အရင်က နှင်ထုတ်ခဲ့ဖူးသည်။ သို့သော် တစ်နှစ်ပြီးဆုံးမှသာ လေ့လာသုံးသပ်ပြီး နှင်ထုတ်ခြင်း ဖြစ်သည်။ သို့သော် ဂျန်ရှီ၏ ကိစ္စကတော့... သူက ဝိညာဉ်ကုစားဌာနသို့ ဝင်ရောက်လာသည်က နာရီအနည်းငယ်မျှသာ ရှိသေးပြီး တစ်ခါတည်း နှစ်ထုတ်ခံရခြင်း ဖြစ်သည်။ ဒါက ဝိညာဉ်ကုစားဌာနမှာ သမိုင်းတွင်သွားသည့် ပထမဆုံးကိစ္စဖြစ်တော့သည်။

သတင်းက တောမီးလို အလျင်အမြန် ပျံ့နှံ့သွားသည်။ ဂျန်ရှီအား နက်နက်ရှိုင်းရှိုင်း မနာလို ဝန်တိုနေကြသော လူငယ်များက ဂျန်ရှီ၏ ကျဆုံးခန်းသတင်းကို ကြားရလျှင် အားရဝမ်းသာသွားကြသည်။

သည်မတိုင်ခင် အဆုံးမဲ့ ကံကောင်းခြင်းများကို ရရှိထားသည့် ကောင်စုတ်လေးက လူတိုင်း မုန်းတီးတာကို ခံခဲ့ရသည်။ အခုတော့ ကျောင်းတော်မှာ အကြီးကျယ်ဆုံး ဟာသတစ်ပုဒ် ဖြစ်သွားရလေပြီ။

ဂျန်ရှီ၏ လူများ အားကျရသော အမြင့်ဆုံး မိုးကောင်းကင်လို အနေအထားမှ ရွှံ့ဗွက်ထဲသို့ ကျဆင်းသွားရခြင်းက မျက်စိတစ်မှိတ်လို ဖြစ်သွားရသည်။

တစ်ရက်တည်းဖြင့် လူတိုင်း အားကျမနာလို ဖြစ်နေရသည့် ဂျန်ရှီက ရုတ်တရက် လူတိုင်း၏ ပျက်ရယ်ပြုစရာ ဖြစ်လာရသည်။

၎င်းကိစ္စများ ဖြစ်ပျက်နေတာကို ဂျန်ဝုရှီက မသိပေ။ ဝိညာဉ်ကုစားဌာနမှ ထွက်ခွာလာပြီးနောက်, ဂျန်ဝုရှီက သူမအိပ်ဆောင်သို့ ပြန်လာသည်။ သူမ ပြန်လာချိန်က လူတိုင်း လေ့ကျင့်ခန်းဆင်းနေသဖြင့် အိပ်ဆောင်မှာ လူများ မရှိကြချေ။ သူမတစ်ယောက်တည်းသာ အိပ်ဆောင်တွင် ရှိလေ၏။

သူမက အိပ်ရာဘေးတွင် ထိုင်၍ သားရဲဝိညာဉ်ဌာန တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။

၎င်းတံဆိပ်ပြားကို ဂူလီရှန်က ရုံးခန်းမှ သူမ ပြန်ထွက်မလာခင် သူမအား ကိုယ်တိုင် ပေးလိုက်ခြင်း ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now