၃၉၇။ "အားကျခြင်း, မနာလိုခြင်း, မုန်းတီးခြင်း - ၁"

Start from the beginning
                                    

အဲကောင်လေး ဘာထူးခြားနေလဲဆိုတာကို ငါ တကယ်ပဲ မမြင်မိဘူး၊ သူ့ရဲ့ ဝိညာဉ်စွမ်းအားက လွဲလို့, တခြားရှုထောင့်တွေကနေ ကြည့်ရင် ငါတို့နဲ့ နှိုင်းယှဉ်လို့မှ မရတာ၊ ဘာလို့ သူက ကံကောင်းခြင်းမှန်သမျှကို ရယူသွားရတာလဲ။ တပည့်သစ်တစ်ယောက်က ထောင့်စွန်းလေးတွင် တစ်ယောက်တည်း ရှိနေသည့် ဂျန်ဝုရှီကို တစ်ချက်ကြည့်ရင်း သူ့အပေါင်းအသင်းများအား မကျေမနပ် ပြောဆိုသည်။

ဂျန်ဝုရှီက သူတို့ထဲတွင် အငယ်ဆုံး ဖြစ်သည်။ မဟာဌာနသို့ ဝင်ခွင့်ရသူများထဲတွင် နောက်အငယ်ဆုံး တစ်ယောက်က ၁၅နှစ်ခွဲ ဖြစ်သည်။ သူတို့အားလုံးက အနီရောင်ဝိညာဉ်စွမ်းအားအဆင့်မှာသာ ရှိနေတုန်းပင်။ သူတို့က အတော်စွမ်းအားကောင်းသည့် လက်စွပ်ဝိညာဉ်များကို ပိုင်ဆိုင်ထားသည့် အတွက် မဟာဌာနသို့ တိုက်ရိုက်ဝင်ခွင့် ရလာကြသူများ ဖြစ်သည်။

အမှန်တရား တစ်ခုက... စွမ်းအားကောင်းသည့် လက်စွပ်ဝိညာဉ်များက အစောပိုင်းအဆင့်များမှာ သက်ရောက်မှု ရှိစေသည်။ အနည်းငယ် ရင့်ကျက်စေသည်။ လူများက လက်စွပ်ဝိညာဉ်များ၏ စွမ်းအားအပေါ်မှာ မှီခိုနေရသည် မဟုတ်လော။ ဝိညာဉ်စွမ်းအား အဆင့်တူနေလျှင်တောင် အားနည်းသည့် လက်စွပ်ဝိညာဉ်များက စွမ်းအားကောင်းသည့် လက်စွပ်ဝိညာဉ်များလို အစွမ်းအစ မပြသနိုင်ကြချေ။ ထို့ကြောင့် ဝိညာဉ်စွမ်းအားအဆင့်က အစောပိုင်းအဆင့်များမှာ အရေးကြီးသည့် နေရာမှာ မရှိကြချေ။

အစိမ်းရောင်ဝိညာဉ်စွမ်းအားအဆင့်သို့ ရောက်သည်အထိ, ဝိညာဉ်စွမ်းအားက ဖြည်းဖြည်းချင်း သက်ရောက်မှု ကြီးထွားလာမည် ဖြစ်သည်။ အစိမ်းရောင်ဝိညာဉ်စွမ်းအားအောက်ရှိ လူများအတွက် စွမ်းအားကောင်းသည့် လက်စွပ်ဝိညာဉ်ပိုင်ရှင် ပြိုင်ဘက်နှင့် တွေ့လျှင် အရှုံးပေးလိုက်ရမည်သာ ဖြစ်သည်။

အနီရောင်ဝိညာဉ်စွမ်းအားရှင်က အဆင့်သုံး လက်စွပ်ဝိညာဉ်ကို ပိုင်ဆိုင်ထားလျှင်, လိမ္မော်ရောင်ဝိညာဉ်စွမ်းအားရှင်နှင့် အပြည့်အဝ ရင်ဆိုင်နိုင်သည့် စွမ်းအား ရှိသည်။

ထို့ကြောင့် ဂျန်ဝုရှီက လူများ အံ့ဩလောက်အောင် လိမ္မော်ရောင်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားချိန်မှာပင်, မဟာဌာနသို့ တိုက်ရိုက် ဝင်ရောက်ခွင့်ရသည့် ထိုလူငယ်များက အဆင့်မြင့် လက်စွပ်ဝိညာဉ်များကို ပိုင်ဆိုင်ထားကြသည်။ သူတို့ထဲမှ အားအနည်းဆုံး လက်စွပ်ဝိညာဉ်သည်ပင် အဆင့်သုံး ဖြစ်နေသည်။ ထို့ကြောင့် သူတို့က လိမ္မော်ရောင် လက်စွပ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် သူ့ကို ကြောက်လန့်နေစရာ မလိုအပ်တော့ပေ။

သူ့ကံကောင်းခြင်းက သူနဲ့ အတူ အမြဲတမ်း တည်ရှိနေမှာ မဟုတ်ဘူး၊ မင်းက ဝိညာဉ်ကုစားဌာနကို ဝင်ရောက်လိုက်တာနဲ့ ဝိညာဉ်ကုစားသူ ဖြစ်လာမယ်လို့ ထင်နေတာလား၊ နှစ်တိုင်း ဝိညာဉ်ကုစားဌာနကို ဝင်ရောက်လာကြတဲ့ တပည့်တွေထဲမှာ တစ်ယောက်လောက်သာ ကျန်ရစ်ခဲ့တာ၊ သူ့ကို ကြည့်ရတာ, ဝိညာဉ်ကုစားဌာနမှာ ကြာရှည် ရှိနေမဲ့ပုံ မပေါ်ဘူး။ ထိုလူငယ်များအုပ်စုက သေးသေးသွယ်သွယ်ဖြင့် တစ်ယောက်တည်း အထီးကျန် တည်ရှိနေသည့် ပုံရိပ်လေးကို ကြည့်ကာ လှောင်ပြောင် ရယ်မောနေကြသည်။

သူတို့ နှလုံးသားကို မနာလိုခြင်းက တိုက်စားနေသဖြင့် သူတို့က ဂျန်ဝုရှီကို မြန်မြန်ပင် ကျရှုံးသွားစေချင်နေကြသည်။

ဝိညာဉ်ကုစားဌာနမှ နှင်ထုတ်ခံရသူများကို လေညင်းကျောင်းတော်တွင် မည်သည့် ဌာနမှာမှ နေထိုင်ခွင့် မပြုတော့ဘဲ အပြီးသတ် နှင်ထုတ်လိုက်ခြင်းကို လူတကာ သိထားကြသည်။

မိတ်ဆွေမဆန်သော အကြည့်များက နေရာပေါင်းစုံမှ ကျရောက်လာကြသည်။ သို့သော် ဂျန်ဝုရှီက လုံးဝ သက်ရောက်မှု မရှိသည့်အလား ထောင့်စွန်းတွင် အေးအေးသက်သာ ထိုင်နေပြီး ကြောင်နက်လေးကို ပွတ်သပ်ပေးနေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now